(006SV)
ချင်းပြည်နယ်၊ မရာနယ်မြေနှင့် လောက်တူဒေသအတွင်းရှိ မြစ်ချောင်းများမှာ ယခုအခါ ငါးရစ်များ သားဥပေါက်ချိန် နီးပြီးဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် ငါးဖမ်းဆီးခြင်း မပြုလုပ်ကြရန် တားမြစ်ကန့်သတ်လိုက်ကြောင်း သိရသည်။
စက်တင်ဘာလ ၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ မရာနယ်မြေအတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် ငါးရစ်သားဥပေါက်ရာ ချောင်းသွယ်များမှာ ပိုက်ကွန်ချခြင်း၊ ညအိပ်စောင့်ဆိုင်း၍ ဖမ်းဆီးခြင်း၊ ဘက်ထရီ ရှော့တိုက် ငါးဖမ်းခြင်း၊ ဓာတုဆေးများဖြင့် ငါးဖမ်းခြင်း၊ မိုင်းခွဲငါးဖမ်းခြင်းများ လုံးဝမပြုလုပ်ရန် မရာနယ်မြေအုပ်ချုပ်ရေး ကောင်စီက တားမြစ်သည်။
မရာနယ်မြေမှာ သဘာဝတောတောင်များ စိမ်းလန်းစိုပြေစေရေးနှင့် ကုန်းနေရေနေ သတ္တဝါများ မျိုးသုဉ်း ပျောက်ကွယ်ခြင်း မရှိစေရန် ရည်ရွယ်၍ လက်ရှိ ငါးရစ်များ သားဥပေါက်ချိန် နီးပြီးဖြစ်သောကြောင့် ကန့်သတ်ရခြင်းဖြစ်သည်ဟု မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ၊ ပြည်ထဲရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးဌာနက စက်တင်ဘာလ ၄ ရက်မှာ ထုတ်ပြန်သည်။
လောက်တူဒေသမှာလည်း ဒေသခံပြည်သူများအနေဖြင့် ငါးမျိုးများ သားပေါက်သော ငါးရစ်တက်ကာလတွင် မြစ်ချောင်းအသီးသီးမှာ နယ်မြေအလိုက် ငါးရစ်တက်ချိန် ငါးဖမ်းခြင်း ပိတ်ပင်မှုကာလ သတ်မှတ်ချက်များကို လိုက်နာရန် လောက်တူဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စက်တင်ဘာလ ၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။
လောက်တူဒေသက သီဆဲင်း(ခ) ၊ ဆာစောနှင့် နှာရိန်နယ်မြေအတွင်းရှိ ထန်ဟောရ်ချောင်မှာ အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်အထိ၊ လေကန်းနှင့် လောင်ထန်တလန်နယ်မြေအတွင်းရှိ ဝန်ဖူးချောင်းမှာ အောက်တိုဘာလ ၁၀ ရက်မှ ၃၁ ရက်အထိ၊ ဆူရ်ငဲင်း၊ သီဆဲင်း(က)/ (ခ)၊ ဆဲန်သုန် နယ်နမိတ်တစ်လျှောက်ရှိ ပါလန်ချောင်းမှာ စက်တင်ဘာလ ၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ၊ ဆူရ်ငဲင်းအုပ်စုနယ်နမိတ်ရှိ ဂျဗောင်လူအာချောင်းမှာ စက်တင်ဘာလ ၁ ရက်မှ နိုဝင်ဘာလ ၁၁ ရက်အထိ တားမြစ်ထားသည်။
ဘွေနူးမြစ်တကြောတွင် ဆာတဲနယ်မြေတစ်လျှောက်မှာ အောက်တိုဘာလ ၁၅ ရက်မှ နိုဝင်ဘာလ ၁၅ ရက်အထိ၊ ခွာဟရန်းနယ်မြေတစ်လျှောက်မှာ အောက်တိုဘာလ ၂၀ ရက်မှ ၃၀ ရက်အထိ၊ လေကန်းနယ်မြေတစ်လျှောက်မှာ အောက်တိုဘာလ ၁၅ ရက်မှ နိုဝင်ဘာလ ၁၁ ရက်အထိ၊ လေပီးနယ်မြေတစ်လျှောက်မှာ အောက်တိုဘာလ ၂၀ ရက်မှ ၃၁ ရက်အထိ၊ နှာရိန်မြို့နယ်တစ်လျှောက်မှာ အောက်တိုဘာလ ၅ ရက်မှ နိုဝင်ဘာလ ၁၆ ရက်အထိ၊ ဟရင်ပီး (က)/ (ခ) နယ်မြေတစ်လျှောက်မှာ အောက်တိုဘာ ၂၀ ရက်မှ နိုဝင်ဘာလ ၂၀ ရက်အထိ ငါးမဖမ်းဆီးရန် ကန့်သတ်ထားသည်။
တားမြစ်ကာလအတွင်း လောက်တူဒေသအတွင်း ရေစီးကြောင်းလွှဲခြင်း၊ ပိတ်ခြင်းနှင့် ရေထုတ်၍ ငါးဖမ်းခြင်း၊ ဒိုင်နမိုသုံး၍ ငါးဖမ်းခြင်း၊ ဒိုက်နမိုက်အမျိုးမျိုးအသုံးပြု ငါးဖမ်းခြင်း၊ ခြင်ထောင်အသုံးပြု ငါးဖမ်းခြင်း၊ ငါးမျိုးပြုန်းတီးစေသော သမာရိုးကျ မဟုတ်သော ငါးဖမ်းဆီးခြင်းနှင့် ရပ်ရွာက တားမြစ်သော ကိရိယာအသုံးပြု ငါးဖမ်းဆီးခြင်းတို့ကို ကန့်သတ်ထားသည်ဟု သိရသည်။
လောက်တူဒေသတွင် ငါးဖမ်းဒိုင်နမိုနှင့် ဆက်စပ်ပစ္စည်းများကို အသုံးမပြုရန် ပိတ်ပင်ထားမြစ်ထားပြီးဖြစ်၍ ရှော့တိုက်ငါးဖမ်းကိရိယာများကို ထပ်မံဝယ်ယူခြင်း၊ တီထွင်းခြင်းများ တွေ့ရှိပါက သက်ဆိုင်ရာရပ်ကျေးပအဖထံ အပ်နှံရန်နှင့် လိုက်နာခြင်း မရှိသူများကို ထိရောက်စွာ အရေးယူသွားမည်ဟု သိရသည်။
တားမြစ်ချက်များကို ကျူးလွန်သူ မည်သည်မဆို ကျပ်တစ်သိန်းထက် မနည်း၊ ကျပ်ငါးဆယ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ အခြားတည်ဆဲဥပဒေ ပြစ်ဒဏ်တစ်ရပ်ရပ်ကိုဖြစ်စေ၊ ပြစ်ဒဏ်များကို ပေါင်း၍ဖြစ်စေ အရေးယူသွားမည်ဟု သိရသည်။

