SV
ချင်းပြည်နယ်၊ မရာဒေသက MDF နှင့် CDF- Mara မရာချင်းလူမျိုးကြားပြသနာတွင် CNA ဦးဆောင်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့များ ဆက်လက်ပူးပေါင်း တိုက်ခိုက်နေပါက မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MDF/ MTC ဘက်မှ စတင် ပူးပေါင်းတိုက်ခိုက်တော့မည်ဟု ချင်းညီနောင်အဖွဲ့ ထုတ်ပြန်လာသည်။
ဖေဖော်ဝါရီလ ၂ ရက်မှစတင်၍ မရာဒေသအတွင်းမှာ CNA နှင့် ချင်းပူးပေါင်းတပ်ဖွဲ့များသည် MDF ၏ စခန်းတစ်ခုကို ဒရုန်းများအသုံးပြုပြီး အကြိမ်ကြိမ် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်နေခြင်း၊ ၎င်းထိုးစစ်ဆင်မှုတွင် ဒါရ်လင်းကျေးရွာသားများကို လူသားဒိုင်းအဖြစ်အသုံးပြုနေခြင်းကို ချင်းညီနောင်မှ ကန်ကွန့်ကြောင်း ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက်မှာ ထုတ်ပြန်လာခြင်းဖြစ်သည်။
ထုတ်ပြန်ချက်တွင် သဘောထား ငါးချက်ပါရှိမှာ မရာညီအစ်ကို အချင်းချင်းကြား ဖြစ်ပွားသော ကိစ္စတွင် တခြားအဖွဲ့များမှ လက်နက်အင်အားဖြင့် ဝင်ရောက်ပါဝင်စွက်ဖက်ခြင်းထက် စားပွဲဝိုင်းပေါ်တွင် ကူညီ ညှိနှိုင်းဖြေရှင်းပေးရန် လိုလားသည်ဟု ဆိုသည်။
စစ်အာဏာရှင်ကို တော်လှန်နေသည့် ချင်းညီအစ်ကို အချင်းချင်းကြား ပြသနာကို လက်နက်ဖြင့် ဖြေရှင်းမှုကို မလိုလာကြောင်း၊ မိမိတို့ လက်နက်ကိုင်ရသည့် မူလရပ်တည်ချက်နှင့် တော်လှန်ရေး လုပ်သည့် ရည်ရွယ်ချက်ကို ပြန်လည်သုံးသပ်ကြရန်လိုအပ်သည်ဟု ချင်းညီနောင်အဖွဲ့က ထုတ်ပြန်သည်။
ချင်းပြည်သူများအကြား ပြသနာမီး ဆက်လက်မကူးစက်စေရန် မိမိတို့ ဒေသအသီးသီးကို ချက်ချင်း ပြန်လည်ဆုတ်ခွာရန် လိုအပ်ကြောင်း၊ တခြားမျိုးနွယ်စုလက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း မရာအချင်းချင်းကြား ပြသနာကို ငြိမ်းချမ်သည့် နည်းလမ်းဖြင့်သာ ပါဝင်ကြစေလိုကြောင်း ထုတ်ပြန်သည်။
မရာမျိုးနွယ်စု ပြသနာတွင် CNA နှင့် တခြား CDF များ ဆက်လက်ပါဝင်ပါက ချင်းညီနောင်အနေဖြင့် လုံးဝ လက်မခံကြောင်း၊ လက်ရှိ စစ်ရေးအရ စွက်ဖက်မှုကို ချက်ချင်းရပ်တန့်ရင် လိုအပ်ကြောင်းနှင့် CNA ဦးဆောင်သော ချင်းကာကွယ်ရေးအဖွဲ့များအနေဖြင့် ချင်းအချင်းချင်းကြား စောင့်စည်းအပ်သော လူ့ကျင့်ဝတ်နှင့် ဒေသအစဉ်အလာကို လေးစားမှုပြုရန် လိုအပ်သည်ဟု ချင်းညီနောင် တိုက်တွန်းထားသည်။
CNA၊ CDF- Mara ၊CDF- Paletwa၊ CDF- Thanglang၊ CDF – Zophei၊ CDF- Lautu နှင့် CDF – Senthang စသည့် ချင်းပေါင်းတပ်ဖွဲ့က MDF တပ်ဖွဲ့၏ စခန်းတစ်ခုကို ဇန်နဝါရီလ ၃၁ ရက်မှ စတင်၍ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း မရာနယ်မြေအုပ်ချုပ်ရေးကော်တီ အထွေထွေအတွင်းရေးမှူးက ခေါ်နုသုန်းကို ဖေဖော်ဝါရီလ ၂ ရက်က ပြောသည်။
MDF ကို အင်အားအလုံးအရင်းသုံးပြီး တိုက်ခိုက်နေမှုများကို ချက်ချင်းရပ်တန့်ရန် သက်ဆိုင်သော အဖွဲ့များကို အသိပေးလိုကြောင်း၊ လိုက်နာခြင်း မရှိပါက ကျယ်ပြန်လာမည့် နောက်ဆက်တွဲ ပြသာနာများ ရှိလာလိမ့်မည် ဖြစ်ကြောင်း မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီမှ အထွေအထွေ အတွင်းရေးမှူးက ပြောထားသည်။
MDF သည် ရက္ခိုင်တပ်တော် (AA) ၊ မင်းတပ် – CDF တို့နှင့် စစ်အာဏာရှင်တော်လှန်ရေးအတွက် မဟာမိတ် ဖွဲ့ထားကြောင်း၊ ချင်းညီနောင်တွင်လည်း စစ်ရေးနှင့် နိုင်ငံရေးပူးပေါင်းဆောင်ရွက်မည့် အဖွဲ့ဝင်ဖြစ်သည်။