(006SV)
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ချဲရက်စ် (တာမန်မာလူးရီး) ရှိ ညဈေးတန်းကို မလေးရှားအာဏာပိုင်ပူပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေးမှုအတွင်း တရားမဝင်ရွှေ့ပြောင်းနိုင်ငံခြားသား ၂၀၀ ခန့်ဖမ်းဆီးခံရမှုထဲမှာ ချင်းလူမျိုး ၆၀ ခန့် ပါဝင်ကြောင်း သိရသည်။
ဇူလိုင်လ ၅ ရက်က မလေးရှားလူဝင်မှု ကြီးကြပ်ရေးနှင့် စည်ပင်သာယာအဖွဲ့တို့ ပူးပေါင်းပြီး ချဲရက်စ် ညဈေးမှာ အော်ပါရာစီစစ်ဆင်ရေးအဖြစ် တရားမဝင်နိုင်ငံခြားသားများကို ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မလေးရှား-မြန်မာလူမှုရေးအသင်း (MMA) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နိုင်ငံခြားသား အမျိုးသား ၁၂၅ ဦး၊ အမျိုးသမီး ၇၅ ဦးဖြင့် စုစုပေါင်း ၂၀၀ ဦး အဖမ်းခံခဲ့ရပြီး ယင်းတို့အထဲတွင် ချင်းလူမျိုး ၆၀ ဦးအပါအဝင် မြန်မာ ၁၀၀ ဝန်းကျင် အဖမ်းခံထားရသည်ဟု မလေးရှားအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။
“မြန်မာအယောက် ၁၀၀ ဝန်းကျင်ပါတယ်၊၊ အဲဒီထဲမှာ ချင်းလူမျိုးအယောက် ၆၀ လောက် ပါဝင်တယ်။ အဲဒီမှာ ချင်းလူမျိုးအများအပြား နေထိုင်ကြပြီးတော့ ဟားခါးကတော့ အများဆုံးပဲပေါ့။ ကျန်တဲ့ ဒိုင်ချင်းတွေလည်း နေထိုင်ကြပါတယ်။ ဘာမှ အထောက်အထားမရှိတဲ့ သူတွေကိုတော့ ကွာလာလမ်ပူမြို့ လူဝင်မူကြီးကြပ်ရေးဌာနမှာ ထိန်းသိမ်းထားပါတယ်။ ဒုက္ခသည်ကဒ် ကိုင်ဆောင်ထားသူများကိုတော့ စစ်ဆေးပြီးတာနဲ့ ပြန်လွတ်ပေးတယ်” ဟု မလေးရှား-မြန်မာလူမှုရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူများကို လူဝင်မှု ကြီးကြပ်ရေးအက်ဥပဒေ ၁၉၅၉/ ၁၉၆၃ ဥပဒေပြဌာန်းချက်များဖြင့် စစ်ဆေးပြီး တရားမဝင် နေထိုင်ထိုင်မှု၊ ပါမစ်ရက်လွန်နေထိုင်မှု၊ ပါမစ်နေရာ အလွဲသုံးစားမှု စသဖြင့် သက်ဆိုင်ရာအမှုပုဒ်မများဖြင့် တရားစွဲဆို၍ အရေးယူလေ့ရှိကြောင်း သိရသည်။
ယခုနှစ်အတွင်း မလေးရှားတစ်နိုင်ငံလုံး အဖမ်းအဆီး ပိုများလာပြီး လူနေတိုက်ခန်း၊ အလုပ်ခွင်၊ ညဈေးကဲ့သို့ လူစည်းကာရာနေရာမျိုး၊ တရားမဝင်လမ်းကြောင်းအဝင်နေရာများတွင် ဖမ်းဆီးမှုများ ပိုများလာသည်ဟု သိရသည်။
“အဖမ်းအဆီးတော့ လျော့သွားမယ်တော့ မထင်ဘူး၊၊ ၂၀၂၆ ဧပြီလကနေ ၂၀၂၇ ဧပြီလကုန်အထိ တရားမဝင်နိုင်ငံခြားသားတွေ မိမိနိုင်ငံပြန်နိုင်ရေးအတွက်လည်း ဖွင့်ထားပေးချိန် ပြန်တဲ့သူ နည်းလာရင်း အဖမ်းအဆီးဘက် ပိုများလာမယ့် သဘောရှိတယ်လို့ မြင်ပါတယ်” ဟု မလေးရှား-မြန်မာလူမှုရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယမန်နေ့က ဖမ်းဆီးမှုတွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ နီပေါ၊ ဗီယက်နမ်၊ တရုတ်၊ အိန္ဒိယ စသည့် နိုင်ငံသားများ ပါဝင်ကြောင်း၊ ၎င်းတို့ကို ဆက်လက်စစ်ဆေးအရေးယူနိုင်ရေးအတွက် ဂျလန်ဒူတာလူဝင်မှု ကြီးကြပ်ရေးဌာနမှာ ထိန်းသိမ်းထားသည်ဟု သိရသည်။

