(004SS)
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg. Pau Lam Kim ၏ ရုပ်အလောင်းသည် ယနေ့ ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ကလေးမြို့မှတစ်ဆင့် မွေးရပ်ဇာတိချင်းပြည်နယ်၊ Tuivial ရွာသို့ ဆက်လက်သယ်ဆောင်ကြပြီဟုသိရသည်။
ကွယ်လွန်သူ၏ ရုပ်အလောင်းအား ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံ Hat Yai ဆေးရုံမှ ထုတ်ယူကာ Z-Rescue ပရဟိတ၏အကူအညီဖြင့် မြဝတီအထိ ပို့ဆောင်ခဲ့ကာ ကိုဇော်လူမှုကူညီရေးအသင်း၏အကူအညီဖြင့် မြဝတီ-ပဲခူး-မန္တလေး-ကလေးဝ လမ်းကြောင်းမှတစ်ဆင့် ယနေ့ နေ့လည် ၁၂ နာရီမထိုးမီတွင် ကလေးမြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကာ ကလေးမြို့ရှိ အမျိုးအိမ်တွင် အခေါင်းပြင်ဆင်ခြင်းနှင့် ဆုတောင်းခြင်းများ ပြုလုပ်ပြီးနောက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် Tahan ZYA လူမှုကူညီရေးကားဖြင့် ဇာတိရွာသို့ ဆက်လက်သယ်ဆောင်ခဲ့ကြောင်း သိရသည်။
ဆွေမျိုးနီးစပ်သူတစ်ဦးက “ကလေးရောက်တာက ၁၂ နာရီမထိုးခင် ရောက်လာတာပါ။ အမျိုးအိမ်မှာ ခဏနားပြီး အခေါင်းပြင်ဆင်တာတွေလုပ်တယ်၊ ဆုတောင်းပြီးတော့ ၁၂ နာရီခွဲလောက်မှာ ဇာတိရွာကို သယ်ဆောင်သွားပါပြီ။ လောလောဆယ်ကတော့ မိသားစုတွေကလဲ ဘယ်ချိန်သဂြိုလ်မယ်ဆိုတာ မပြောတတ်သေးပါဘူး” ဟု ပြောသည်။
ကလေးမြို့မှတစ်ဆင့် ဇာတိနေရပ် Tuivial ရွာအထိ ရုပ်အလောင်းပို့ဆောင်ရေးကို Tahan ZYA က တာဝန်ယူ ကူညီဆောင် ရွက်ပေးနေကြောင်း သိရသည်။
လက်ရှိတွင် ၎င်းနှင့်အတူ မလေးရှားသွားရောက်ရန် ထွက်ခွါလာခဲ့ကြသော သူငယ်ချင်း ၃ ဦးမှာ တရားမဝင် ဝင်ရောက်မှုဖြင့် ထိုင်းအာဏာပိုင်များမှ အမှုဖွင့်ခြင်းခံထားကြရတာကြောင့် ထောင်ဒဏ် သို့မဟုတ် ပြည်နှင်ဒဏ်ပေးခံရမည့် အခြေအနေရှိနေကြောင်း သိရသည်။
ကွယ်လွန်သူ၏ ရုပ်အလောင်းအား ထိုင်းရဲတပ်ဖွဲ့က ၁၃ ရက်ကြာ ထိန်းသိမ်းထားခဲ့ရပြီး၊ ဆွေမျိုးတော်စပ်ကြောင်း သက်သေပြရန်ခက်ခဲမှုနှင့် ရုံးလုပ်ငန်းလိုအပ်ချက်များကြောင့် ကြန့်ကြာခဲ့ရသော်လည်း၊ ဆရာအာဒမ်၊ ဆရာဇမ်ထွမ်းတို့၏ ကြိုးပမ်းမှုကြောင့် ရှေ့နေတစ်ဦး၏ အကူအညီဖြင့် ညှိနှိုင်းဆောင်ရွက်ကာ ယခုကဲ့သို့ နေရပ်သို့ ပြန်လည်သယ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
Tg. Pau Lam Kim သည် ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့က မလေးရှားနိုင်ငံသို့ သွားရောက်ရန် ထိုင်းနယ်စပ်မှတစ်ဆင့် ကားဖြင့်ထွက်လာစဉ် ကားပေါ်တွင် လူအရမ်းများသည့်အတွက် အသက်ရှူမွန်းကျပ်ကာ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

