(004SS)
ချင်းပြည်နယ်၊ မြောက်ပိုင်း ဖလမ်းမြို့နယ်အတွင်းရှိ ကားလမ်းများ မိုးတွင်းကာလ လမ်းပျက်စီးမှုအခြေအနေကြောင့် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နိုင်ရန် ကုန်တင်ယာဉ်နှင့် လိုင်းကားများ အမျိုးအစားအလိုက် ဖြတ်သန်းခပေးဆောင်ရန် ချင်းအမျိုးသားအဖွဲ့ချုပ် CNO က အသိပေးချက်ထုတ်ပြန်သည်။
ဇွန်လ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော ချင်းအမျိုးသားအဖွဲ့ချုပ်၏ အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ဇူလိုင်လ ၁ ရက်နေ့မှ ကုန်တင်ယာဉ်နှင့် လိုင်းကားများအနေဖြင့် လမ်းဖြတ်သန်းခပေးဆောင်ရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းဟု သိရသည်။
CNO/CNDF မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက “ကျွန်တော်တို့ အလုပ်အမှုဆောင်ကော်မတီကနေ ဆွေးနွေးပြီးတော့ တရားဝင်သတ်မှတ်ထားတာဖြစ်ပါတယ်။ တော်လှန်ရေးပိုက်ဆံသုံးမယ်ဆိုရင်လဲ တဘက်က လက်နက်ဝယ်ဖို့၊ စသည်ဖြင့် အမျာကြီးလိုတယ်လေ၊ ဆိုတော့ အရင်ကနှုန်းထားနဲ့ပဲ ကျွန်တော်တို့ ကောက်ခံတာဖြစ်ပါတယ်။ ဖလမ်းမြို့နယ်ထဲက ကျွန်တော်တို့ စိုးမိုးထားတဲ့နယ်မြေတွေမှာ ဖြစ်ပါတယ်။ တဘက်က ဖလမ်းမြို့နယ်ပါမယ်၊ တဘက်က ကလေးကဘော် ပါမယ်၊ ကလေးကဘော်ကတော့ တခြားလက်နက်ကိုင်တွေနဲ့ ညှိနှိုင်းဖို့ဖြစ်ပါတယ်” ဟုပြောသည်။
CNO/CNDF စိုးမိုးထားသော ကလေး-ဖလမ်း-ဟားခါးလမ်း၊ ဝေဘုလလမ်း၊ ဖလမ်း-ရိလမ်းနှင့် ကလေး-ကဘော်ရှိ ကားလမ်းများအား ကောက်ခံမည်ဟု သိရသည်။

ယာဉ်အမျိုးအစားအလိုက် ၁၂ ဘီးကားတစ်စီး- ၁၅၀,၀၀၀ ကျပ်၊ ၁၀ ဘီးကားတစ်စီး- ၁၂၀,၀၀၀ ကျပ်၊ ၆ ဘီးကားတစ်စီး- ၈၀,၀၀၀ ကျပ်၊ ၄ ဘီးကားတစ်စီး- ၆၀,၀၀၀ ကျပ်၊ လိုင်းကားနှင့် အိမ်စီးကား (အငှားလိုက်) တစ်စီး- ၂၀,၀၀၀ ကျပ်ဟူ၍ အသီးသီးပေးဆောင်ရန်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းဖြတ်သန်းခကောက်ခံရာတွင် အသွား/အပြန် ကုန်တင်မှုအခြေအနေအရ ကောက်ခံသွားမည်ဖြစ်ပြီး ကောက်ခံပြီးကြောင်း လက်မှတ်ထုတ်ပေးမည်ဟု CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်တင်မီက ပြောသည်။
“အဓိကတော့ ကုန်တင်တဲ့အချိန်မှာပေါ့လေ၊ အဆင်းဘက်ကုန်မတင်ရင်တော့ တစ်ကြိမ်ပဲဖြစ်မှာပါ။ ဒါပေမဲ့ အသွား အပြန်ကုန်တင်ရင်တော့ ကုန်တင်တဲ့အတိုင်းဖြစ်မယ်။ ကျွန်တော်တို့ဂိတ်တွေ ၃၊ ၄ ခုရှိပေမဲ့လည်း တစ်ခါပဲကောက်မှာ ဖြစ်တယ်။ ကောက်ခံပြီးသား ချက်လက်မှတ်နဲ့ တခြားဂိတ်တွေ ဖြတ်လို့ရှိရင် ထပ်ကောက်ခံစရာမလိုတော့ဘူးပေါ့နော်” ၎င်းက ပြောသည်။
လမ်းဖြတ်သန်းခ သတ်မှတ်ကောက်ခံရာတွင် အခြားသော လက်နက်ကိုင်အဖွဲ့မှကောက်ခံသည်ထက် အနည်းဆုံးဖြစ်အောင် သတ်မှတ်ခြင်းဖြစ်ပြီး လူမှုကူညီရေးကားများ၊ ဘာသာရေးကားများနှင့် တော်လှန်ရေးကားများအား ဖြတ်သန်းခကောက်ခံ မည်မဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။
ကောက်ခံရရှိသော ငွေကြေးများအား မိုးရာသီကာလအတွင်း လမ်းပျက်စီးခြင်း၊ မြေပြိုခြင်းနှင့်၊ မြောင်းပျက်စီးခြင်းများ အတွက် အသုံးပြုမည်ဖြစ်ကာ လမ်းပြုပြင်ရန်လိုအပ်ချက်နှင့်အညီ အကောင်းဆုံး ဆောင်ရွက်သွားမည်ဟု ဆလိုင်းတင်မီက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်တွင် ကားလမ်းပြုပြင်ခြင်းများမရှိတော့ဘဲ မိုးတွင်းကာလ လမ်းပျက်စီး မှုအခြေအနေကြောင့် ကားလမ်းချော်မှုများဖြစ်ပွားလေ့ရှိသည်။
ထို့ကြောင့် ယခုမိုးတွင်းကာလအတွင်း ၆ ဘီးအထက် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်ထားကြောင်း CNO/CNDF ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။