(005MK)
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးရှောင် စုစုပေါင်း ၃၈,၂၁၃ ဦးရှိနေပြီး စစ်ဘေးရှောင်များ စောင့်ရှောက်ရေး အတွက် ရူပီး ၂၈၅ သိန်းကျော် သုံးစွဲပြီဟု မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး Pu K. Sapdanga ကပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်နှင့် ၂၇ ရက်နေ့များ၌ ကျင်းပခဲ့သော ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် MNF လွှတ်တော်အမတ် အတိုက်အခံခေါင်းဆောင် Lalchhandama Ralte ၏ စာဖြင့်မေးမြန်းချက်ကို ပြည်ထဲရေးဝန်ကြီး K Sapdanga က ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။
၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့အထိ စာရင်းများအရ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မဏိပူရ် (Manipur) တို့မှ မီဇိုရမ်သို့ ဝင်ရောက်လာသည့် စစ်ဘေးဒုက္ခသည် စုစုပေါင်း ၃၈,၂၁၃ ဦး မှတ်ပုံတင်ထားရှိကြောင်း ပြည်ထဲရေးဝန်ကြီးကပြော သည်။
ပြည်ထဲရေးဝန်ကြီး၏ ထုတ်ပြန်ချက်အရ စစ်ဘေးရှောင် ၃၈,၂၁၃ ဦးအနက် မြန်မာနိုင်ငံမှ ဝင်ရောက်လာသူ ၂၉,၅၇၅ ဦးဖြင့် အများဆုံးဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၆,၉၅၉ ဦးနှင့် မဏိပူရ်ပြည်နယ်မှ ၁,၆၇၉ ဦးတို့ ဖြစ်ကြသည်။
Champhai ခရိုင်သည် စစ်ဘေးရှောင် ၁၂,၄၈၇ ဦးဖြင့် အများဆုံးနေထိုင်ရာခရိုင်ဖြစ်ကြောင်း သိရသည်။
မီဇိုရမ်ပြည်နယ်အတွင်းရှိ ဒုက္ခသည်များကို စောင့်ရှောက်ရန်အတွက် မီဇိုရမ်အစိုးရသည် ရူပီး ၂,၈၅,၃၉,၆၁၁ ကို သုံးစွဲခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။
မြန်မာစစ်ဘေးဒုက္ခသည်များ၏ ဇီဝအချက်အလက် (Biometric Enrolment) ကောက်ယူခြင်းကို ၉၈.၉၀% ပြီးစီးနေ ပြီဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များအတွက်မူ ၁၀၀% (အားလုံး) Biometric စာရင်းကောက်ယူပြီးစီးခဲ့ပြီဖြစ်သည် ဟုသိရသည်။
မီဇိုရမ်အစိုးရသည် ပြည်နယ်အတွင်းသို့ ရောက်ရှိလာသည့် ဒုက္ခသည်များကို ခရိုင်အုပ်ချုပ်ရေးမှူးများ (Bawrhsap) မှတဆင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျှက်ရှိကြောင်း၊ ၎င်းတို့ နေထိုင်ရန် ကယ်ဆယ် ရေးစခန်းများ ဆောက်လုပ်ပေးထားသည့်အပြင် ဆန်နှင့် အခြားလိုအပ်သော စားနပ်ရိက္ခာများကိုလည်း ထောက်ပံ့ပေး လျက်ရှိသည်ဟု ပြည်ထဲရေးဝန်ကြီးကပြောသည်။

