(005MK)
မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးခိုလုံလာကြသော ဘင်္ဂလားဒေ့ရှ်နိုင်ငံက ချင်းအနွယ်ဝင် စစ်ဘေးရှောင်များကို အိန္ဒိယနယ်ခြားစောင့်တပ် (BSF) က နေရပ်ပြန်ပို့ရန် ကြိုးစားခဲ့ရာမှာ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်၏ တောင်းဆိုမှုကြောင့် ထိုအစီစဉ်ကို ပြန်ရုပ်သိမ်းခဲ့သည်ဟု သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် မိမိအသက်လုံခြုံရေးအတွက် ထွက်ပြေးလာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံက (Bawm) ချင်းမျိုးနွယ်စုများ ၁၂၆ ဦးသည် ဇူလိုင်လ ၅ ရက်နေ့က မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် Damdep ကျေးရွာထဲသို့ ဝင်ရောက်ခိုလုံလာကြသည်။
အိန္ဒိယနယ်ခြားစောင့်တပ် (BSF) အဖွဲ့က ၎င်းတို့ကို Damdep ကျေးရွာ ခန်းမတစ်ခုတွင် ခေတ္တစုရုံးနေထိုင်ခိုင်းပြီး နာမည်စာရင်းများကောက်ခံပြီးနောက် ယင်းညပိုင်းတွင် ကားဖြင့် တိတ်တဆိတ်ခေါ်ထုတ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်ပို့ရန် ကြိုးစားခဲ့သည်ဟု မီဇိုရမ်နေ့စဉ်ထုတ် Vanglaini သတင်းစာတွင် ဖောပြသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်း ZORO က ဘင်္ဂလားဒေ့ရှ်နိုင်ငံက စစ်ဘေးရှောင်များအား နေရပ်ပြန်မပို့ရန်တောင်းဆိုခဲ့ပြီးနောက် နယူးဒေလီမြို့သို့ရောက်ရှိနေသော မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာက အိန္ဒိယဝန်ကြီးချုပ်နှင့် ဇူလိုင် ၆ ရက်နေ့က တွေ့ဆုံစဉ်မှာ ထည့်သွင်းတောင်းဆိုခဲ့သည်ဟု သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက (Bawm) ချင်းမျိုးနွယ်စုများသည် မိမိတို့အသက်လုံခြုံရေးအတွက် နှစ်နိုင်ငံနယ်နိမိတ်မျဉ်းကို ဖြတ်ကျော်ကာ မီဇိုရမ်ပြည်နယ်ထဲသို့ ရောက်ရှိလာကြပြီဖြစ်သည့်အတွက် ၎င်းတို့အရေးနှင့်ပတ်သက်၍ ပြည်နယ်အစိုးရက တာဝန်ယူဖြေရှင်းရမည်ဖြစ်ပြီး နေရပ်ပြန်မပို့နိုင်ကြောင်း မီဇိုရမ်ဝန်ကြီးချုပ်က အိန္ဒိယဝန်ကြီးချုပ်ထံ ပြောဆိုခဲ့သည်။
ထို့ကဲ့သို့ အိန္ဒိယဝန်ကြီးချုပ်ထံ တင်ပြတောင်းဆိုပြီးသည့်နောက်တွင် စစ်ဘေးရှောင်များကို နေရပ်သို့ ပြန်လည်မပို့ဆောင်တော့ဘဲ မီဇိုရမ်ပြည်နယ်အစိုးရလက်အောက် ရဲတပ်ဖွဲ့ထံသို့ အပ်နှံမည်ဟု သိရသည်။
အိန္ဒိယနယ်ခြားစောင့်တပ် (BSF) အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံက (Bawm) ချင်းမျိုးနွယ်စု စစ်ဘေးရှောင် ၁၂၆ ဦးကို နေရပ်သို့ပြန်ပို့ရန် ဇူလိုင် ၆ ရက်နေ့က Damdep ကျေးရွာမှ နယ်စပ်ကျေးရွာ Kamtuli ကျေးရွာသို့ ပို့ဆောင်ခဲ့ပြီးဖြစ်သော်လည်း အိန္ဒိယပြည်ထဲရေးဌာနမှ အမိန့်အရ Kamtuli ကနေ Chamdur-P ကျေးရွာသို့ ပြန်လည်ပို့ဆောင်ကာ မီဇိုရမ်ရဲလက်ထဲသို့ ပြန်လည်အပ်နှံကြမည်ဟု သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသတွင် ကူကီး-ချင်းအမျိုးသားတပ်ဦး (Kuki-Chin National Front – KNF) နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့ကြား ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခကြောင့် ဒေသခံပြည်သူများသည် ပြီးခဲ့သည့် ၂၀၂၂- ၂၀၂၃ ခုနှစ်များကစပြီး မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသည်။
ယခုနှစ် ဇွန်လလယ်ပိုင်းကလည်း ဘင်္ဂလားဒေ့ရှ်မှ မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးတိမ်းရှောင်လာသော ချင်းအနွယ်ဝင် Bawm မျိူးနွယ်စု ၂၀၃ ဦးကို အိန္ဒိယနယ်ခြားစောင့်တပ်- BSF က နေရပ်ပြန်ပို့ခဲ့ပြီးဖြစ်သည်။