(006SV)
စစ်အာဏာရှင်တော်လှန်ရေးအတွင်း မြန်မာ – အိန္ဒိယနယ်စပ် ချင်းပြည်နယ်သည် မူးယစ်ဆေးဝါးကုန်သွယ်မှု လမ်းကြောင်း မျက်နှာစာသစ်ဖြစ်လာနေပြီး တရှိန်ထိုး မြင့်တက်လာနေသော မူးယစ်းဆေးဝါးကုန်ကူးမှုသည် ကွန်ယက်ဖွဲ့စည်း၍ လုပ်ဆောင်နေသော နိုင်ငံတကာရာဇဝတ်မှုအဆင့် ဖြစ်လာသည်။
၂၀၂၃ – ၂၀၂၄ ခုနှစ်အတွင်းမှာပင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးကုန်ကူးမှုသည် ၂၆ မှု မှ ၅၅ မှုအထိ၊ ရာခိုင်နှုန်းအားဖြင့် ၈၉ အထိတိုးလာသည်ဟု Chin Center For Peace and Reconciliation (CCPR) ထံမှ သိရသည်။
“ဒီကိစ္စက ပေါ့ပေါ့သေးသေးကိစ္စတော့ မမြင်သင့်ဘူး။ ပြည်သူလူထုပဲ ဖြစ်ဖြစ်၊ ဘာသာရေးခေါင်းဆောင်ပဲ ဖြစ်ဖြစ်၊ ချင်းတော် လှန်ရေးအင်အားစုတွေကလည်း အားလုံးပူးပေါင်းပြီး ဒီမူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ ပါဝင်ဖို့ လိုတယ်။ ကိုယ်တိုင်ကလည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေ ဖြစ်ဖြစ်၊ တစ်ဦးတစ်ယောက်ပဲ ဖြစ်ဖြစ် မူယစ်ဆေးဝါးမှာ မပါဝင်ဖို့ အရေးကြီးတယ်” ဟု CCPR ၏ ပြောရေးဆိုခွင့်ရှိသူ Salai Van Bawi Mang က ပြောသည်။
၂၀၂၂ မှ ၂၀၂၅ ဇူလိုင်လအထိ မူးယစ်ဆေးဝါးတန်ချိန် ၂.၇ တန်ခန့် ဖမ်းဆီးရမိခဲ့ပြီး ဈေးကွက်တန်ဖိုးမှာ ကန်ဒေါ်လာ ၁၇၁ သန်း ခန့်ရှိကြောင်း၊ အဓိက တင်သွင်းသော မူးယစ်းဆေးဝါးများမှာ ဘိန်းဖြူ ၁၄၃၂၇. ၂၅ ကီလိုဂရမ်၊ မက်- စိတ်ကြွ ဆေးပြား ၁၂၈၅. ၄၂ ကီလိုဂရမ်ဖြစ်ကြောင်း CCPR ရဲ့ မှတ်တမ်းတွေအရ သိရသည်။
၂၀၂၃ ခုနှစ်မှာပင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးမှာ ကာလတန်းဖိုး ကန်ဒေါ်လာ ၃၅ သန်း ရှိပြီး ၂၀၂၄ ခုနှစ်မှာ ကန်ဒေါ်လာ ၈၆ သန်းအထိ သိသာထင်ရှားစွာ မြင့်တက်လာသည်ဟု CCPR ထံမှ သိရသည်။
မူးယစ်ကုန်သွယ်မှု၏ အရွယ်အစားကြီးထွာလာပုံကို ကြည့်ခြင်းအားဖြင့် မူးယစ်းဆေးဝါးကုန်သွယ်မှု ကွန်ယက်များသည် ပိုမိုကျွမ်းကျင်မှု ရှိလာခြင်း၊ အနယ်နယ်အရပ်ရပ်သို့ ဈေးကွက်တိုးချဲ့လာကြောင်း ဖော်ပြနေသည်ဟု ဆိုသည်။
“ဒီဟာက ချင်းတော်လှန်ရေး အင်အားစုတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေလည်း အရေးကြီးပါတယ်။ နောက် အရေးကြီးတယ်လို့ မြင်မိတာက ဒီကိစ္စက ချင်းပြည်နယ်ရဲ့ Issue တစ်ခုပဲ မဟုတ်တော့ဘူး။ အင်တာနေရှင်နယ် ရာဇဝတ်မှု ဖြစ်လာနေတယ်။ အိန္ဒိယဘက်ကနေလည်း အမြန်ဆုံး ချင်းမှာ အောက်ခြေမှာ လုပ်နေတဲ့ မြေပြင်မှာ ရှိတဲ့ မူယစ်းဆေးဝါးကို တိုက်ဖျက်နေတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ဖို့ လိုအပ်တယ်။ လုပ်ဆောင်တဲ့ နေရာမှာ ပထမအဆင့် စုံစမ်းစစ်ဆေးမှုတွေက (ချင်း)တစ်ဖွဲ့ချင်းစီကို ဆွေးနွေးပြီး ဖော်ဆောင်လို့ ရတယ်။ နောက်တစ်ခုက ချင်းအင်အားစုတွေအနေနဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်ဖို့ လိုတယ်” ဟု CCPR ၏ ပြောရေးဆိုခွင့်ရှိသူ Salai Van Bawi Mang က ပြောသည်။
# ချင်းနဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှုလမ်းကြောင်းများ
မူးယစ်ဆေးဝါးကုန်သွယ်မှုလမ်းကြောင်းသည် ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင် လျင်မြန်စွာ ပြောင်းလဲသွားပြီး ရွှေတြိဂံ နယ်မြေ ဒေသသည် စစ်ဆေးမှု အလွန်တင်းကြပ်လာသောကြောင့် မြန်မာ- အိန္ဒိယနယ်စပ်သို့ လမ်းကြောင်းသစ်များ ဖောက်လုပ်ရန် ဖြစ်ပေါ်စေခဲ့သည်ဟု CCPR ထံမှ သိရသည်။
ထို့အပြင် ၂၀၂၃ ခုနှစ် မဏိပူရပြည်နယ်လူမျိုးရေး ပဋိပက္ခနှင့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တို့၏ နယ်စပ်လုံခြုံရေး ပိုတင်းကြပ်မှုကြောင့် စစ်ကိုင်း – တမူး- အိန္ဒိယ လမ်းကြောင်းနှင့် ရခိုင် – ဘင်္ဂလာဒေ့်ရှ်- အိန္ဒိယ လမ်းကြောင်းတို့အစား မူးယစ်ဆေးဝါးကုန်ကူးသူများသည် ချင်းပြည်နယ်အတွင်း လမ်းကြောင်းသစ်များ ရှာဖွေအသုံးပြုလာကြသည်။
မူးယစ်ကုန်သွယ်ခြင်း လှုပ်ရှားမှုဆိုင်ရာ တိကျသော ဗဟိုချက်များကို ဖော်ထုတ်ရရှိထားသည်ဟု CCPR တာဝန်ရှိသူက ပြောသည်။
“လမ်းကြောင်းတော်တော်များများကို ပိတ်ဆို့ထားတယ်။ အဲဒီကြားထဲမှာ လွတ်နေတဲ့ တစ်နေရာက ချင်းပြည်နယ်ပေါ့။ ရိခေါဒါရ် လမ်းကြောင်းတစ်နေရာပဲ လွတ်တော့တယ်။ အဲဒါက ဘာဖြစ်လို့လဲဆိုတော့ ချင်းပြည်နယ်မှာက ဒေသန္တရ အုပ်ချုပ်ရေးက တချို့နေရာက အားကောင်းတယ်။ တချို့နေရာက အားမကောင်းတာလည်း ရှိတယ်။ ပဋိပက္ခ ဖြစ်လာတဲ့အခါ လူတွေက ပဋိပက္ခကို အာရုံစိုက်ကြရတဲ့အချိန်မှာ ဒီမူယစ်ဆေးဝါးကို အာရုံမစိုက်နိုင် ကြတော့ဘူး။ စောစော ပြောသလို ဘင်္ဂလာဒေ့ရ်ရယ်၊ ပြီးတော့ မဏိပူရ ပဋိပက္ခ ဖြစ်လာတဲ့အခါမှာ လမ်းကြောင်းသစ်နဲ့ ချင်းပြည်နယ်နဲ့ မီဇိုရမ်ကို ဆက်စပ်တဲ့ လမ်းကြောင်းပဲ ကျန်တော့တယ်။ ဆိုတော့ အဲလမ်းကြောင်းကိုပဲ သုံးတယ်လို့ ဒေတာတွေ အချက်အလက်အရ ပြောဆိုနိုင်တာဖြစ်ပါတယ်” ဟု CCPR ၏ ပြောရေးဆိုခွင့်ရှိသူ Salai Van Bawi Mang က ပြောသည်။
အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင်သည် မူးယစ်ဆေးဝါးကုန်သွယ်မှုများရ ကနေဦးလမ်းကြောင်းဖြစ်ပြီး ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်သည် မူးယစ်ဆေးဝါးကုန်သွယ်မှု အလွှဲအပြောင်း ပြုလုပ်သော အချက်အချာ နေရာဖြစ်သည်ဟု CCPR က အချက်အလက်များနှင့်တကွ ပြောဆိုသည်။
မြန်မာ- အိန္ဒိယကုန်သွယ်ရေးလမ်းမကြီးဖြစ်သော “ကလေး- တီးတိန်- ရိဒ်ခေါဒါရ် – ဇိုခေါထားရ် – ကျန်ဖိုင်း – အိုင်ဇော်လ်မြို့ လမ်းကြောင်းသည် လက်ရှိမှာ ထင်ရှားသော ပင်မမူးယစ်ဆေးဝါးကုန်သွယ်မှု လမ်းကြောင်းဖြစ်သည်ဟု သိရသည်။
အိန္ဒိယဈေးကွက်အတွင်းသို့ ချင်းပြည်နယ်ကို ဖြတ်သန်းဝင်ရောက်လာနေသော မူးယစ်းဆေးဝါးများသည် ရှမ်းပြည်နယ်ဘက်မှ ဖြစ်သည်ဟု သိရသည်။
UNODC ၏ စစ်တမ်းအရ ၂၀၂၃ ခုနှစ်အတွင် မြန်မာမှာ ဘိန်းစိုက်ပျိုးမှု ဧက ၁၁၆, ၀၀၀ အထိ တိုးတက်လာပြီး ချင်းပြည်နယ် တွင်လည်း တွန်းဇံမြို့နယ်မှာ ဘိန်းစိုက်ပျိုးမှုများကို တွေ့နေရသည်။
# မူးယစ်လမ်းကြောင်းမှ အကျိုးစီးပွားရနေသူများ
မူးယစ်ဆေးဝါးကုန်သွယ်မှု ကွန်ရက်များသည် နိုင်ငံဖြတ်ကျော် ကုန်သွယ်မှုအထိ ကြီးထွားလာပြီး အိန္ဒိယနိုင်ငံ၏ လုံခြုံရေးကိုပါ တိုက်ရိုက်ထိခိုက်လာနေသည်ဟု သိရသည်။
ဒေသတချို့တွင် နယ်စပ်ဖြတ်ကျော် တရားမဝင် ကုန်သွယ်ရေး လုပ်ငန်းကို လက်နက်ကိုင်အဖွဲ့အစည်းများက ပါဝင်လုပ်ဆောင် နေကြသည်ဟု CCPR ပြောခွင့်ရက ပြောသည်။
မူးယစ်ကုန်သွယ်မှုလမ်းကြောင်းတွင် လက်နက်ကိုင်အဖွဲ့များ ပါဝင်ပတ်သက်မှုသည် အာဏာမသိမ်းမှီကလည်း တည်ရှိနေခဲ့ပြီး လက်ရှိတွင် အုပ်ချုပ်ရေးယန္တရား ပြိုလဲမှု၊ နိုင်ငံရေးမတည်ငြိမ်မှုများက ယခင်စင်္ကြန်များကိုလည်း သွယ်တန်းပေးနေသည်ဟု ဆိုသည်။
“လောလောဆယ်အခြေအနေအရတော့ ဘယ်သူတွေက လုပ်နေတယ်ဆိုတာ တိတိကျကျပြောဖို့ အဆင်မပြေသေးဘူး။ အခုပြောနိုင်တာက တချို့သော လက်နက်ကိုင်အဖွဲ့အစည်းတွေက နောက်ကနေ ကြိုးကိုင်နေတာကို ကျနော်တို့ ဒေတာအရ သိရတယ်။ ဒီဟာက တစ်ဦးတစ်ယောက်က လုပ်နေတဲ့ဟာထက် ကွန်ယက်အနေနဲ့ လုပ်နေတာက ပိုများတယ်။ အရင်တုန်းက အိန္ဒိယဘက်ကို သွားတဲ့ မူးယစ်ဆေးဝါးတွေက ဘိန်းတွေပဲ ရှိတယ်။ အခုနောက်ပိုင်း ယာဘတွေက ပေါလာတယ်။ ယာဘတွေက ဘယ်မှာ ထုတ်လဲဆိုရင် များတော့ အားဖြင့်က ရှမ်းမြောက်မှာ ထုတ်တယ်။ ရှမ်းမြောက်ကနေ ဒီအထိကို ဘယ်လို ရောက်လာ သလဲဆိုရင် တချို့တွေ သိမှာပါ။ နောက်ကျောက ကွန်ယက်တွေ မပါဘူးဆိုရင် ဒီဘက်ကို တန်ချီပြီး ရောက်လာစရာ အကြောင်း မရှိဘူး” ဟု CCPR ၏ ပြောရေးဆိုခွင့်ရှိသူ Salai Van Bawi Mang က ပြောသည်။
# တော်လှန်နေဆဲ ဖြေရှင်းရမည့် မူးယစ်လမ်းကြောင်းပြသနာ
မူးယစ်းဆေးဝါးလမ်းကြောင်းအသစ်များသည် နယ်စပ်လုံခြုံရေး၊ ဒေသတွင်းတည်ငြိမ်းရေး၊ ပြည်သူ့ကျန်းမာရေး ကဏ္ဍများအတွက် အချိန်မရွေး ဘေးအန္တရာယ်ကျရောက်နိုင်သည်ဟု CCRP က သတိပေးသည်။
လက်ရှိအကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းနိုင်ရေးအတွက် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများက အခရာကျသည်ဟု CCPR ၏ ပြောရေးဆိုခွင့်ရှိသူ Salai Van Bawi Mang က ပြောသည်။
“လက်ရှိအနေအထားက ချင်းပြည်နယ်မှာ များများစားစားသုံးစွဲနေတာမျိုး မတွေ့ရသေးဘူး။ ဒါပေမယ့် ကျနော်တို့ စိုးရိမ်နေတာက လူငယ်တွေ။ အာဏာသိမ်းပြီး နောက်ပိုင်း စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအခြေအနေ ကဏ္ဏပေါင်းစုံက တော်တော်ဆိုးဝါးနေတဲ့ အခြေအနေဖြစ်တယ်။ အဲဒီကြားထဲမှာ မူးယစ်ဆေးဝါးက ပါလာတယ်ဆိုတော့ အနာဂါတ်အတွက် တော်တော်လေးကို စိုးရိမ်းရတဲ့ အခြေအနေ ဖြစ်တယ်။ ဥပမာ ရှမ်းနဲ့ ကချင်ပြည်နယ်က လူငယ်တွေရဲ့ ဘဝ မူးယစ်ဆေးဝါးကြောင့် သူတို့ အနာဂါတ် ဘယ်လို ပျက်စီးရသလဲဆိုတာ မြင်ခဲ့ရပြီးပြီဖြစ်တယ်။ အဲလိုမျိုး ချင်းပြည်နယ်က လူငယ်တွေ သူတို့ရဲ့ အနာဂါတ်ကို မူးယစ်းဆေးဝါးက ဖျက်စီးမှာကို တော်တော်လေးကို စိုးရိမ်းရတယ်” ဟု Salai Van Bawi Mang က ပြောသည်။
အိန္ဒိယတာဝန်ရှိသူများသည် နယ်စပ်လုံခြုံရေးနှင့် မူးယစ်းဆေးဝါး တိုက်ဖျက်ရေးကို ချင်းပြည်နယ်ရှိ ဒေသခံအဖွဲ့အစည်းများနှင့် တိုက်ရိုက်ပူးပေါင်းဆောင်ရွက်ရန် ဦးစားပေးသင့်သည်ဟု CCPR က အကြံပြုသည်။
ချင်းပြည်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း၊ ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သုံးစွဲခြင်း၊ စိုက်ပျိုး ခြင်းများကို အမျိုးသားခြိမ်းခြောက်မှု အန္တရာယ်အဖြစ် သတ်မှတ်ကြောင်း ချင်းပြည်ကောင်စီက ၎င်း၏ ပထမသက်တမ်း၊ ပဥ္စမအကြိမ်ကောင်စီအစည်းအဝေးအပြီး ဩဂုတ်လ ၃၀ ရက်မှာ ကြေညာလိုက်သည်။
“ချင်းလဲန်းကောင်စီကနေ မူယစ်းဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဆေးတွေကို တားဆီးနှိမ်နှင်းဖို့ မူဝါဒ ရှိတယ်။ အဲဒီမူဝါဒအပေါ်မှာ အခြေခံပြီး အဲဒီကြေညာချက် ထွက်လာတာဖြစ်တယ်။ အရေးယူဆောင်ရွက်မှုကိုလည်း ဒီထက်မက တင်းကြပ်စွာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့က အစိုးရတစ်ရပ်အနေနဲ့ ရပ်တည်တဲ့အတွက် ချင်းလဲန်းကောင်စီအောက်မှာ ရှိနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာလည်းပဲ အရင်တုန်းက လက်နက်ကိုင်အဖွဲ့လို မဟုတ်ပဲ၊ ကျနော်တို့ရဲ့ တပ်မတော် ၊ ကာကွယ်ရေးတပ်တွေ ဖြစ်တဲ့အတွက် ကျနော်တို့မှာ ငွေရှိတာ၊ မရှိတာထက် ငွေဖြူနဲ့ပဲ ကျနော်တို့ အစိုးရအဖွဲ့ဟာ သွားမှာဖြစ်တယ်။ ကောင်စီကလည်း အဲလိုသွားမယ်။ ကျနော်တို့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ အားလုံးဟာလည်း ငွေဖြူနဲ့ပဲ သွားမှာဖြစ်တဲ့အတွက် အဲဒီမူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ ပေါ်လစီချမှတ်ပြီး ကြေညာခြင်းဖြစ်တယ်” ဟု ချင်းလဲန်းကောင်စီ ဒုဥက္ကဌ Salai Bawi kung က ပြောသည်။
ချင်းပြည်နယ်ကို ဖြတ်ကျော်၍ မူးယစ်းဆေးဝါးကုန်သွယ်မှု ကွန်ရက်များ ပိုမိုတိုးချဲ့လာခြင်းကို တားဆီးရန် အရေးပေါ် အရေး ယူမှုများ ဆောင်ရွက်ရန် လိုအပ်နေသည်ဟု အိန္ဒိယနှင့် ပြည်တွင်းအင်အားစုများ၏ သတိပေး ခေါင်းလောင်းသံများ တစထက်တစ ပိုမိုကျယ်လောင်လာနေပါပြီ။