(005MK)
စစ်ရေးပဋိပက္ခအခြေအကြောင့် မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာရွှေ့ပြောင်းလာသော စစ်ဘေးရှောင်များ စိတ်ဆက်မပြတ် ဝင်ရောက်လာခြင်းသည် ပြည်နယ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာကြောင်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Lalduhoma ကပြောဆိုလိုက်သည်။
အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ Meghalaya ပြည်နယ် Shillong မြို့တွင်ကျင်းပသည့် အရှေ့မြောက်ဒေသကောင်စီ (NEC) အစည်းအဝေးကို တက်ရောက်လာစဉ်တွင် မြန်မာစစ်ဘေးရှောင်အရေးနှင့်ပတ်သက်၍ အိန္ဒိယမီဒီယာများက မေးမြန်းရာမှာ မီဇိုရမ်ဝန်ကြီးချုပ်က ထိုကဲ့သို့ ပြန်လည်ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ပထဝီနိုင်ငံရေးအခြေအကြောင့် ကျနော်တို့ဆီကို အခုတလော နေရပ်စွန့်ခွာလာရသူတွေ အများကြီး ရောက်လာနေ ပါတယ်။ ဘေးကင်းလုံခြုံမှု ရှာဖွေပြီး ထပ်ရောက်လာမယ့်သူတွေလည်း ပိုများလာဖို့ ရှိပါတယ်။ ဒါဟာ ကျွန်တော် တို့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာနေပါပြီ”ဟု Pu Lalduhoma ကပြောဆိုသည်။
(၇၃) ကြိမ်မြောက် North Eastern Council – NEC ၏ စုံညီအစည်းအဝေးကို ဇွန်လ ၄ ရက်နေ့က Shillong မြို့၌ ကျင်းပခဲ့ကြကာ အိန္ဒိယအရှေ့မြောက်ပြည်နယ် (၈) ခုမှ ဝန်ကြီးချုပ်များနှင့် ပြည်နယ်အတွင်းရေးမှူးများ တက်ရောက်ခဲ့ ကြပြီး၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဘက်စုံဖွံ့ဖြိုးစည်ပင်ရေး ကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်ဟုသိရသည်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက် စစ်ရေးပဋိပက္ခများကြောင့် မြန်မာပြည်သူများ၊ အထူးသဖြင့် ချင်းလူမျိုးများသည် မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
ယခုလက်ရှိအချိန်ထိ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံက စစ်ဘေးရှောင် ၃ သောင်းကျော်ခန့်ရှိပြီး ချင်းပြည်နယ်တွင် တိုက်ပွဲများတကျော့ပြန်ပြင်းထန်လာခြင်းကြောင့် နောက်ထပ်စစ်ဘေးရှောင်ဝင်ရောက်မှုများလည်း တိုးလာနေ ကြောင်း သိရသည်။
တော်လှန်ရေးအစ ကနဦးပိုင်းတွင် စစ်ဘေးရှောင်များကို အစိုးရအနေဖြင့်သော်လည်းကောင်း၊ အရပ်ဖက်အဖွဲ့အစည်း များကို တတ်နိုင်သည့်ဘက်မှကူညီထောက်ပံ့ခဲ့သော်လည်း အချိန်ကာလကြာလာသည်နှင့်အမျှ စစ်ဘေးရှောင်ကူညီ ထောက်ပံ့ရေးမှာ စိန်ခေါ်မှုဖြစ်လာသည်ဟု သိရသည်။

