ရေး – International Crisis Group (ICG)
ယမန်နေ့ မတ်လ ၁၉ ရက်တွင် ဘယ်လဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့အခြေစိုက် နိုင်ငံတကာသုတေသနအဖွဲ့ အစည်းတခုဖြစ်သည့် International Crisis Group က “မြန်မာ့အနောက်စစ်မျက်နှာပြင်က ဆူညံသံများ – ညီညွတ်မှုမတည်ဆောက်နိုင်သော ချင်းပြည် နယ်က အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများ” ခေါင်းစဉ်ဖြင့် ထုတ်ပြန်လိုက်သည့် စာတမ်းကို အများပြည်သူလေ့လာဖတ်ရှုနိုင်ရန် ဖော်ပြပေးလိုက်ပါသည်။
မြန်မာစစ်တပ်သည် ချင်းပြည်နယ်အတွင်း နေရာအများအပြားကို မထိန်းချုပ်နိုင်ဘဲ လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ သို့သော် အာဏာရှင်စနစ်ဆန့်ကျင်ရေး တပ်ပေါင်းစုနှစ်ခုကြားက အငြင်းပွားမှုများကြောင့် ပြည်သူတို့အတွက် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများ ပေးအပ်ရေးနှင့် စစ်ဘေးရှောင်များ နေရပ်ပြန်ရေးတို့မှာ နှောင့်နှေးရသည်။ လက်နက်ကိုင်တပ်ပေါင်းစု နှစ်ခုက ၎င်းတို့အချင်းချင်း ပြေလည်အောင် ကြိုးပမ်းနေစဉ်တွင် ပြင်ပအလှူရှင်များကမူ ၎င်းတို့အား တတ်နိုင်သည့်ဘက်က ကူညီထောက်ပံ့ရန် လိုအပ်ပါသည်။
#အကြောင်းအရာသစ်ကဘာလဲ
၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံ အနောက်ဘက်ဒေသရှိ ချင်းပြည်နယ်အတွင်းက အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင် အင်အားစုများသည် စစ်တပ်ကို ပြည်နယ်တစ်ဝန်း နေရာအတော်များများမှ တိုက်ထုတ်နိုင်ခဲ့သည်။ သို့သော် နက်ရှိုင်းသော အကွဲအပြဲကြောင့် ပြည်နယ်အတွင်း အဓိက တော်လှန်ရေးအင်အားစု နှစ်ခုအကြား လူသေဆုံးသည်အထိ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုတိုက်ပွဲများကြောင့်ပင် ပြည်နယ်တစ်ဝန်း နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍတို့တွင် ရှုပ်ထွေးမှုများ ပေါ်ပေါက်လျက်ရှိသည်။
#ဘာကြောင့် ဒီအကြောင်းအရာက အရေးကြီးတာလဲ
အာဏာသိမ်းမှုအလွန် စစ်ပွဲများကြောင့် ချင်းပြည်နယ်လူဦးရေ၏ သုံးပုံတစ်ပုံကျော် ပမာဏဖြစ်သော လူဦးရေ ၁၆၀,၀၀၀ ခန့်သည် ပြည်တွင်းရှိ အခြားအရပ်များသို့လည်းကောင်း၊ အိန္ဒိယနိုင်ငံအတွင်းသို့ လည်းကောင်း ထွက်ပြေး တိမ်းရှောင်ကြရသည်။ ၎င်းတို့ နေရပ်ပြန်နိုင်ရေးအတွက် တည်ငြိမ်မှုနှင့် လုံခြုံမှုတို့ လိုအပ်ရုံမက လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားခွင့်နှင့် မရှိမဖြစ် လိုအပ်သော ပြည်သူ့ရေးရာ အခြေခံဝန်ဆောင်မှုများ ရယူပိုင်ခွင့်တို့ကိုလည်း ပေးအပ်ရမည်ဖြစ်သည်။ ထိုအရေးပေါ်လိုအပ်ချက်များရှိနေသည့်တိုင် စစ်တပ်ဆန့်ကျင်ရေးအင်အားစုများ အချင်းချင်း မညီညွတ်ကြသဖြင့် ပြည်နယ်၏ နိုင်ငံရေးအနာဂတ်နှင့်ပတ်သက်၍ ၎င်းတို့အကြား သဘောတူညီမှု တည်ဆောက်ရန် ခက်ခဲနေသည်။
#ဘာဆက်လုပ်သင့်သလဲ
ပြိုင်ဘက်လက်နက်ကိုင်တပ်ပေါင်းစုများသည် ညီညွတ်ရေးအတွက် သန္နိဋ္ဌာန်ချမှတ်ထားကြသည်။ နှစ်ဘက်အဖွဲ့များအကြား နားလည်မှုလွဲမှားပြီး ပစ်ခတ်မှုများကို ကာကွယ်တားဆီးရန် ရည်ရွယ်ပြီး တရားဝင်ဆက်သွယ်ရေးလမ်းကြောင်းများ ဖွင့်လှစ်၍ ထိတွေ့ဆက်ဆံသင့်ပါသည်။ ထို့ပြင် နှစ်ဘက်အစုအဖွဲ့အကြား ချင်းပြည်နယ်အတွက် ၎င်းတို့ထားရှိသော ဘုံနိုင်ငံရေးရည်မှန်းချက် များကို ရှာဖွေဖော်ထုတ်သင့်ပါသည်။ ပြင်ပအလှူရှင်များကမူ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ယခင်ကတည်းက ခေတ်အဆက် ဆက် လျစ်လျူရှုခံခဲ့ရသည့် ချင်းပြည်နယ်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ၊ အလုပ်အကိုင် အသက်မွေး ဝမ်းကြောင်း အခွင့်အလမ်းများနှင့် အုပ်ချုပ်မှုဆိုင်ရာ အထောက်အပံ့များ ပိုမိုပေးအပ်သင့်ပါသည်။
#အနှစ်ချုပ်
တော်လှန်ရေးအင်အားစုများသည် ချင်းပြည်နယ်၏ နေရာအတော်များများမှ စစ်ကောင်စီတပ်များကို တိုက်ထုတ်နိုင်ခဲ့သည်။ သို့သော် အဓိက အင်အားစုနှစ်ခုကြား မညီညွတ်မှုများ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေသဖြင့် နိုင်ငံရေးနှင့် အုပ်ချုပ်ရေး လုပ်ငန်းစဉ်များအပေါ် နှစ်ဘက်သဘောထား ကွဲလွဲနေဆဲဖြစ်သည်။
ထို့ပြင် ၎င်းတို့ကြား ကြိုကြားတိုက်ပွဲများလည်း ဖြစ်ပွားခဲ့ရာ ပို၍ကျယ်ပြန့်သော ပဋိပက္ခဆီသို့ ဦးတည်သွားနိုင်သည်။ ကုန်သွယ် မှုနည်းပါးခြင်း၊ အရင်းအမြစ်များ ရှားပါးခြင်းနှင့် ပြင်ပအလှူရှင်များ၏ ထောက်ပံ့မှု အားနည်းခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ ဝေးလံခေါင်သီသော ဤဒေသရှိ စစ်ဘေးဒဏ်ကြောင့် နေရပ်မှ ရှောင်တိမ်းရသည့် ပြည်သူများအတွက်မူ ဘဝရှင်သန်ရေးသည် ပို၍ခက်ခဲလာသည်။ ပြိုင်ဘက်အင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်ဦးနှင့် ချင်းညီနောင်အဖွဲ့တို့သည် နိုင်ငံရေးအဖွဲ့အစည်း တစ်ခုတည်းအောက်တွင် ပေါင်းစည်းညီညွတ်ရန် သဘောတူညီခဲ့ကြပြီးဖြစ်သည်။
လက်ရှိ ထိုရည်မှန်းချက် အောင်မြင်အောင် ကြိုးပမ်းနေကြစဉ် နှစ်ဘက်စလုံးက ၎င်းတို့အကြား တင်းမာမှုများကို လျှော့ချသင့် ပါသည်။ ထိုသို့ တင်းမာမှုများ မလျှော့ချနိုင်ပါက စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်ရေး၊ ပြည်သူများ စားဝတ်နေရေးအတွက် ဒေသန္တရစီးပွားရေးကို ပြန်လည်အသက်သွင်းရေးနှင့် အများပြည်သူအတွက် မရှိမဖြစ်လိုအပ်သော အထောက်အပံ့နှင့် ဝန်ဆောင် မှုများ ပေးအပ်ရေး စသည့်လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရန် ခက်ခဲပေလိမ့်မည်။ ထိုအင်အားစုနှစ်ခုသည် ၎င်းတို့ အကြား တရားဝင် ဆက်သွယ်ရေးလမ်းကြောင်းများ ဖွင့်လှစ်ပြီး နှစ်ဘက်လိုက်နာရမည့် ပဋိပက္ခဆိုင်ရာ လုပ်ထုံးနည်းနာများ ချမှတ်ကာ ပစ်ခတ်တိုက်ခိုက်မှုများ မဖြစ်ပေါ်အောင် တတ်နိုင်သမျှ စောင့်ထိန်းသင့်ပါသည်။
ထိုကာလအတွင်း တပ်ပေါင်းစုနှစ်ခုမှ တာဝန်ရှိသူများသည် လူသားချင်းစာနာထောက်ထားမှု၊ ပညာရေး၊ ကျန်းမာရေးနှင့် တရားစီရင်ရေး စသည်တို့နှင့်ပတ်သက်သော ၎င်းတို့အကြား ဘုံရည်မှန်းချက်များကို ရှာဖွေဖော်ထုတ်သင့်ပါသည်။ ပြင်ပ အလှူရှင်များကမူ ကူညီထောက်ပံ့မှုများ ပေးအပ်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် နည်းလမ်းများ ရှာဖွေသင့်ပြီး အသစ်ပေါ်ထွန်းလာသည့် အာဏာပိုင်အဖွဲ့အစည်းများကို ကူညီသင့်ပါသည်။
၂၀၂၁ ဖေဖော်ဝါရီအာဏာသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်လာသည့် လက်နက်ကိုင် လမ်းစဉ်တွင် ချင်းပြည်နယ်အတွင်း စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား ပစ်ခတ်တိုက်ခိုက်မှုများသည် အဓိကကျသည့်တိုက်ပွဲများတွင် ပါဝင်သည်။ ထိုချိန်မှစ၍ အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်အင်အားစုများသည် စစ်တပ်ကို ချင်းပြည်နယ် နေရာအတော်များများမှ တိုက်ထုတ်နိုင်ခဲ့သည်။
လူနည်းစုတိုင်းရင်းသား မျိုးနွယ်စုဖြစ်သော ချင်းတို့ကို အစိုးရအဆက်ဆက်က လျစ်လျူရှုပြီး ခွဲခြားဆက်ဆံခဲ့ရာမှ အမြစ်တွယ်လာသည့် နက်ရှိုင်းသော ခါးသီးမှုများက ထိုစစ်ရေးအောင်ပွဲများအတွက် အဓိက တွန်းအားများအဖြစ် တစ်စိတ်တစ်ပိုင်း ပါဝင်သည်။ အာဏာသိမ်းမှုနှင့် စစ်တပ်၏ သွေးထွက်သံယို ဖြိုခွင်းမှုများကြောင့် ထိုခါးသီးမှုများသည် လောင်ကျွမ်းလွယ်သော သစ်ရွက်ခြောက်များ အလွယ်တကူ မီးလောင်ကျွမ်းသွားသကဲ့သို့ တွန်းအားများအဖြစ် လွယ်လင့်တကူ ပြောင်းလဲသွားပြီး စစ်ရေးအောင်မြင်မှုများ ရရှိလာစေသည်။
လွန်ခဲ့သည့် လေးနှစ်အတွင်း စစ်ရေးပဋိပက္ခကြောင့် ပြည်နယ်တစ်ဝန်း ပြည်သူလူထု၏ အိုးအိမ်နှင့် စည်းစိမ်များ အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ရပြီး ပြည်နယ်လူဦးရေ စုစုပေါင်း၏ သုံးပုံတစ်ပုံခန့်ဖြစ်သော ပြည်သူဦးရေ ၁၆၀,၀၀၀ခန့် နေရပ်မှ တိမ်းရှောင်ထွက်ပြေးရသည်။ အများစုသည် ပြည်တွင်းရှိ အခြားဒေသများသို့ တိမ်းရှောင်ကြပြီး အချို့ကလည်း အိမ်နီးချင်းအိန္ဒိယနိုင်ငံအတွင်းသို့ ထွက်ပြေးခိုလှုံကြသည်။ စစ်တပ်ဆန့်ကျင်ရေးလက်နက်ကိုင်တပ်များက ပြည်နယ်တစ်ဝန်း ကျန်ရှိနေသည့် စစ်စခန်းများကို သိမ်းပိုက်ရေးအတွက် ထိုးစစ်ဆင်ရာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ စစ်တပ်ကလည်း တုံ့ပြန်သည့်အနေဖြင့် အာဏာရှင်ဆန့်ကျင်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်ဒေသများ စုစည်းမှု အားမကောင်းလာစေရန် ၎င်းလက်လွှတ်ဆုံးရှုံးခဲ့ရသော မြို့များနှင့် ကျေးရွာများကို လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်နေသည်။
အာဏာရှင်ဆန့်ကျင်ရေးလက်နက်ကိုင်တပ်ဖွဲ့များက စစ်ရေးအရ အသာစီးရနေသော်လည်း ယခင်ကတည်းက တည်ရှိခဲ့သည့် ရန်လိုယှဉ်ပြိုင်မှုများကြောင့် ပြည်နယ်အတွင်းရှိ မျိုးနွယ်စုနှင့် အခြေပြုရာဒေသတို့ကို အစွဲပြု၍ စုစည်း၊ ဖွဲ့စည်းထားသည့် လက်နက်ကိုင်အင်အားစုများအကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။ အဓိက အင်အားစုနှစ်ခုမှာ ချင်းအမျိုးသားတပ်ဦး ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့များနှင့် ချင်းညီနောင် တပ်ပေါင်းစုတို့ ဖြစ်သည်။ ထိုတပ်ပေါင်းစုနှစ်ခုအကြားက အဆိပ်အတောက်သဖွယ် ဆက်ဆံရေးကြောင့် သာမန်နားလည်မှုလွဲမှားသည့် ဖြစ်စဉ်များနှင့် ဝါဒဖြန့်မှုများသည်ပင် လူသေဆုံးသည်အထိကြမ်းတမ်းသော တိုက်ပွဲများအဖြစ်သို့ အလွယ်တကူ ပြောင်းလဲသွားနိုင်သည်။
ထိုသို့ ဖြစ်ခဲ့သော ဖြစ်စဉ် အနည်းဆုံး နှစ်ခုခန့်ရှိသည်။ ချင်းညီနောင်မဟာမိတ်တပ်များနှင့် လက်တွဲသည့် ရက္ခိုင့်တပ်တော်သည် ချင်းပြည်နယ်အတွင်းက တိုက်ပွဲအချို့တွင် ပါဝင်လာခြင်းက အခြေအနေကို ပိုမိုရှုပ်ထွေးစေသည်။ ရက္ခိုင့်တပ်တော်သည် ချင်းပြည်နယ်၏ တောင်ပိုင်းအကျဆုံး ပလက်ဝမြို့နယ်ကို ထိန်းချုပ်ထားသည်။
ထိုတင်းမာမှုများကြောင့် တည်ငြိမ်အေးချမ်းမှု အချိန်မရွေးပျက်စီးသွားနိုင်ပြီး အများပြည်သူအတွက် မရှိမဖြစ် လိုအပ်သော ဝန်ဆောင်မှုများကို ပေးအပ်ကာ ပြည်နယ်၏ နိုင်ငံရေးအနာဂတ်ကို ဦးဆောင်ပေးနိုင်သည့် ဒေသန္တရအာဏာပိုင် အဖွဲ့အစည်းများ ပေါ်ထွက်လာရေးကို နှောင့်နှေးစေသည်။ တစ်ခုတည်းသော နိုင်ငံရေးအဖွဲ့အစည်းအဖြစ် အတူတကွ ပေါင်းစည်းပါမည်ဟု ပြိုင်ဘက်မဟာမိတ် တပ်ပေါင်းစုနှစ်ခုက ဖေဖော်ဝါရီ၂၆ရက်တွင် တူညီသဘောထား ရယူနိုင်ခဲ့ခြင်းသည် ရှေ့အနာဂတ်အတွက် အရေးပါသော ခြေလှမ်းတစ်ခုဖြစ်သည်။
အကယ်၍ ထိုရည်မှန်းချက် အကောင်အထည်ဖော်ရာတွင် နှေးကွေးလွန်းလျှင် သို့မဟုတ် လုံးဝမအောင်မြင်ပါက ချင်းပြည်နယ်အတွင်း စစ်မီးပဋိပက္ခ ထပ်မံတောက်လောင်လာဖွယ်ရှိသည်။ စစ်တပ်ကမူ ထိုအခင်းအကျင်းကို ဆုံးရှုံးနယ်မြေများ ပြန်လည်ရယူရန် အခွင့်အလမ်းအဖြစ် မှတ်ယူပေလိမ့်မည်။
ပဋိပက္ခစစ်မီး တစ်ဖန်တောက်လောက်ခြင်းကို ရှောင်လွှဲရန်နှင့် မကြာသေးခင်က ရရှိခဲ့သည့် နိုင်ငံရေးသဘောတူညီချက် သဲထဲရေသွန် မဖြစ်စေရန် ထိုတပ်ပေါင်း စုနှစ်ခုတို့သည် ထိတွေ့မှုဖြစ်စဉ် တစ်ခုခုဖြစ်ပေါ်လာပါက နှစ်ဘက်တာဝန် ပေးအပ်ထားသော အရာရှိများမှတစ်ဆင့် အခြေအနေကို အလျင်အမြန် ထိန်းသိမ်းနိုင်ရန် ဆက်သွယ်ရေးလမ်းကြောင်းများ ဖွင့်လှစ်ထားသင့်ပါသည်။
ပဋိပက္ခကို လျှော့ချပြီး ထိတွေ့တိုက်ခိုက်မှုများကို ရှောင်ရှားနိုင်မည့် လက်တွေ့အလုပ်ဖြစ်နိုင်သော နည်းလမ်းများကို တပ်ပေါင်းစုနှစ်ခုအကြား ဆွေးနွေးညှိနှိုင်းသင့်ပါသည်။ ဥပမာအားဖြင့် တိုက်ပွဲဖြစ်စဉ်များနှင့် ပစ်ခတ်မှုဖြစ်လုနီး အခြေအနေများကို အစီရင်ခံတင်ပြရာတွင် လိုက်နာရမည့် နည်းနာများကို နှစ်ဘက်သဘောတူ ချမှတ်ခြင်းနှင့် မြေပြင်တပ်မှူးများအကြား တိုက်ရိုက်အဆက်အသွယ်ပြုခြင်းတို့ပါဝင်ပြီး ထိုနည်းဗျူဟာများကို ကျင့်သုံးခြင်းဖြင့် ပဋိပက္ခမီး ပေါက်ကွဲလောင်ကျွမ်းမသွားစေရန် ဖြစ်စဉ်များကို အောက်ခြေအဆင့်တွင်ပင် ထိန်းသိမ်းဖြေရှင်းနိုင်ပေလိမ့်မည်။
တစ်ချိန်တည်းတွင် တပ်ပေါင်းစုနှစ်ခု၏ တာဝန်ရှိသူများသည် နှစ်ဘက်အဖွဲ့အစည်းများအကြား နိုင်ငံရေးအရ အရေးပါပြီး ပြည်နယ်အတွက် လိုအပ်သော အင်စတီကျူးရှင်းများ ဖွဲ့စည်းရေးနှင့်ပတ်သက်သည့် ဘုံရည်မှန်းချက်များကို ရှာဖွေဖော်ထုတ်သင့်ပါသည်။
ထို့ပြင် ထိုအင်စတီကျူးရှင်းများက လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် တရားစီရင်ရေး စသည့် ကဏ္ဍများကို မည်သို့မည်ပုံ ဦးဆောင်သင့်သည်ကိုလည်း နှစ်ဘက်တပ်ပေါင်းစုခေါင်းဆောင်များက တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လူမှုကွန်ရက်တွင် စိတ်ခံစားမှုဦးစားပေးသော ရေးသာချက်များသည် တင်းမာမှုများကို ဖြစ်စေနိုင်သဖြင့် နှစ်ဘက်ခေါင်းဆောင်များအနေဖြင့်လည်း ဆိုရှယ်မီဒီယာကို စည်းနှင့်ဘောင်နှင့် အသုံးပြုသင့်ပါသည်။
လက်ရှိတွင် ပြင်ပအကူအညီများကို ဖြတ်တောက်မှုများရှိနေသည့်တိုင် နိုင်ငံတကာအလှူရှင်များသည် ချင်းပြည်နယ်အတွက် လိုအပ်သော အကူအညီများကို ပိုမိုထောက်ပံ့ရန် လိုအပ်ပါသည်။ ချင်းပြည်နယ်သည် အလှူရှင်များ၏ အာရုံစိုက်မှု အနည်းငယ်သာရရှိသည့်အပြင် လမ်းပန်းဆက်သွယ်ရေးလည်းခက်ခဲသဖြင့် အကန့်အသတ်ဖြင့်သာ ရှိနေသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီမှပင် ထောက်ပံ့မှု ပမာဏအနည်းငယ်သာ ရရှိသည်။
နယ်နိမိတ်ချင်းထိစပ်နေသည့်အပြင် နောက်ထပ်ဒုက္ခသည်များ ထပ်မံဝင်ရောက်လာနိုင်ခြေရှိသဖြင့် အိန္ဒိယအစိုးရအနေနှင့် ချင်းပြည်နယ်အတွင်းက လူသားချင်းစာနာထောက်ထားမှု အခြေအနေနှင့် စီးပွားရေးအခြေအနေများ တိုးတက်ကောင်းမွန်အောင် ကူညီနိုင်ပါက ၎င်းတို့အတွက် အကျိုးရှိမည်ဖြစ်သည်။ လူသားချင်းစာနာမှု အကူအညီများ ပေးအပ်လျှင် အများပြည်သူက ကြိုဆိုကြပေမည်။ သို့သော် အခြေခံကုန်စည်များ နယ်စပ်ဖြတ်၍ ချင်းပြည်နယ်အတွင်း ပိုမိုဝင်ရောက်နိုင်ရန် တရားဝင်မဟုတ်သော ကုန်သွယ်ရေးအတွက် တည်ဆဲဥပဒေ ပြဋ္ဌာန်းချက်များကို ပိုမိုဖြန့်ကြက်ပါက ကောင်းကျိုးသက်ရောက်မှုများ ပို၍များပြားပေလိမ့်မည်။
(မှတ်ချက်။ ။ International Crisis Group က မတ်လ ၁၉ ရက်နေ့က ထုတ်ပြန်သော “မြန်မာ့အနောက်စစ်မျက်နှာပြင်က ဆူညံသံများ – ညီညွတ်မှုမတည်ဆောက်နိုင်သော ချင်းပြည် နယ်က အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများ” စာတမ်းကို ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်သည်)