(006SV)
ချင်းညီနောင် စစ်ဆင်ရေးဖော်ဆောင်နေသည့် မင်းတပ်မြို့တွင် အိုးအိမ်စွန့်ခွာ၍ စစ်ရှောင်ရသူ နေ့စဉ်များပြားနေပြီး အခြေခံအသုံးအဆောင်ပစ္စည်းအပါအဝင် အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း မင်းတပ်မြို့ နယ်စစ်ဘေးရှောင် စခန်း စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။
“အခုက မင်းတပ်မြို့ပေါ်က ထွက်ပြေးတိမ်းရှောင်လာကြတဲ့ လူတွေက နေ့စဉ်နဲ့အမျှ ရှိတယ်။ တချို့က မင်းတပ်မြို့အနီးအနားက တောင်ယာတွေမှာ ကပ်နေတယ်။ သူတို့က ဘယ်လိုခေါ်ခေါ် မလာဘူး။ တကယ် စစ်မက်ဖြစ်ပွားတဲ့ သေသေကြေကြေချနေကြတဲ့ အနေအထားမှ မတတ်သာမှ ထွက်ပြေးတိမ်းရှောင်လာကြတယ်” ဟု မင်းတပ်စစ်ဘေးရှောင်စီမံခန့်ခွဲမှုကော်မတီမှ ပြောရေး ဆိုခွင့်ရှိသူ ကိုလောရင့်က ပြောသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလက မင်းတပ်မြို့နယ်တွင် ကောက်ယူထားသည့် စာရင်းများအရ စစ်ဘေးရှောင် တစ်သောင်းဝန်းကျင် ရှိသော်လည်း CDF – မင်းတပ်၏ စစ်ဆင်ရေးပြင်ဆင်မှုကာလနှင့် စစ်ဆင်ရေးဖော်ဆောင်မှုအတွင်း နေ့ရပ်စွန့်ခွာ စစ်ဘေး ရှောင်သူများ ၆၀၀၀ နီးပါးအထိ တိုးလာခြင်းဖြစ်သည်။
စစ်ဆင်ရေးမစမှီ မြို့ကို ချဉ်းကပ်မှု ပြုလုပ်ချိန် ၄ လဝန်းကျင်ကပင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုနှင့် မီးရှို့မှု များကြောင့် မြို့ပေါ်နှင့် အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံအများအပြား စစ်ဘေးရှောင်ကြရသည်။
နိုဝင်ဘာလ ၉ ရက်မှစ၍ မင်းတပ်မြို့ပေါ်က စစ်ကောင်စီစခန်းများကို ချင်းညီနောင် စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ချိန်တွင် မြို့ပေါ်တွင် မတိမ်းရှောင်ဘဲ နေထိုင်သူများပါ အိုးအိမ်စွန့်ခွာလာရခြင်းဖြစ်သည်။
မင်းတပ်မြို့ပေါ်တိုက်ပွဲအတွင်း စစ်ဘေးရှောင်များကို ကယ်ထုတ်ပေးရသည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။
“တိုက်ပွဲကြားထဲက အသက်စွန့်ပြီး ကယ်ထုတ်တာပဲ ရှိပါတယ်။ ပစ်နေ ခတ်နေတဲ့ကြားထဲက သူတို့ကို ကယ်ထုတ်ပေးတယ်။ လုံခြုံတဲ့ နေရာပို့ပေးတယ်။ ကျွေးမွေးစောင့်ရှောက်ပေးတာ ရှိတယ်။ အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာ ချင်းညီနောင်အနေနဲ့ တရားဝင်ထုတ်ပြန်ပါမယ်” ဟု ကိုယောမာန်က ပြောသည်။
ထပ်မံ ရောက်လာသည့် စစ်ဘေးရှောင်များအတွက် ပိုစိုးရိမ်နေရကြောင်း၊ ၎င်းတို့ထဲတွင် အဝတ်တထည် ကိုယ်တခုသာ ပါလာသူများ ရှိပြီး အိုးခွက်ပုဂံ၊ နေစရာအဆောက်အအုံ၊ ဖျာ၊ စောင်များနှင့် အခြေခံ စားသောက်ကုန်များ စသဖြင့် အားလုံးအစစအရာရာ လိုအပ်နေကြောင်း မင်းတပ်စစ်ဘေးရှောင်စီမံခန့်ခွဲရေးကော်မတီမှ ကိုလောရန်ကီက ပြောသည်။
ယင်းကော်မတီ၏ အနည်းငယ်သာရှိသည့် ရန်ပုံငွေထဲက ခွဲ၍ ကူညီနေရမှုကြောင့် အခက်အခဲမျိုးစုံ ကြုံတွေ့နေရသည်ဟု ဆိုသည်။
စစ်ဘေးရှောင်တချို့သည် တခြားလူ၏ တောင်ယာတဲတွင် ၁၀ ပေပတ်လည်သာ ကျယ်ဝန်းသော အိမ်တွင် မိသားစု ၂ စုက ကျပ်တည်းစွာ နေထိုင်ရမှုများ ရှိကြောင်း သိရသည်။
မင်းတပ်မြို့နယ်တွင် ဆေးဝါးအပါအဝင် ကုန်ပစ္စည်းဈေးနှုန်းများ၊ ကြက် ဝက်အသား စသည့် ဈေးနှုန်းများလည်း ပိုမိုတက်လာနေကြောင်း သိရသည်။
မင်းတပ်မြို့နှင့် ဖလမ်းမြို့ပေါ်က စစ်ကောင်စီအခြေပြု စစ်စခန်းများကို ချင်းညီနောင် စစ်ဆင်ရေးအဖြစ် တပြိုက်နက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ၁၀ ရက်ကျော်အထိ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်ဟု သိရသည်။