Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»မြေပြန့်ဒေသက ချင်းတော်လှန်ရေး

မြေပြန့်ဒေသက ချင်းတော်လှန်ရေး

0
By Editor on August 5, 2022 Featured

ရေး – Salai Vakok

မြန်မာနိုင်ငံမြေလတ်ပိုင်း မကွေးမြို့မှ မိုင် ၁၀၀ ကျော်ကွာဝေးသော ရခိုင်ရိုးမတောင်၏ တောတောင်ထူထပ်သော နေရာတစ်ခုတွင် ချင်းဘာသာကို သင်ကြားရသော CDM ကျောင်းဆရာတစ်ဦးသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်အတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေသည်။

တချိန်က မကွေးတိုင်းရှိ ရွာတစ်ရွာ၏ အခြေခံပညာအလယ်တန်းကျောင်းတွင် သူငယ်တန်းမှ (၈) တန်းအထိ ချင်းလူမျိုး ကျောင်းသူ/သားပေါင်း တစ်ရာကျော်ကို ချင်းဘာသာ စာ၊ စကား သင်ကြားပေးရသော ကျောင်းဆရာတစ်ဦးပါ။

သူ၏ ပြည်သူ့ကာကွယ်ရေးစခန်းတွင် သူ့ကို ရဲဘော်များက ကျောင်းဆရာဟူ၍ ခေါ်ကြသည်။

သာမန်အရပ်သားနှင့် ကျောင်းဆရာဘဝတွင် ချင်းလူမျိုးများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ဖို့နှင့် ချင်းစာစကား ရေရှည်တည်တံ့ဖို့သာ ဆောင်ရွက်နေသူ၊ အသက် (၃၀) ကျော်အရွယ်၊ သမီး နှစ်ဦး၏ ဖခင်၊ ချင်းရွာသားတစ်ဦး ဖြစ်သည်။ သို့သော် စစ်တပ်က လက်နက်အားကိုးဖြင့် တရားမဝင်အာဏာသိမ်းမှုက သူ့ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲသွားစေသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် သူ့ရွာနှင့် မြို့နယ်၏ လူထုဆန္ဒပြပွဲများတွင် တက်ကြွစွာ ဦးဆောင်ပါဝင်ခဲ့သည်။ စစ်တပ်က သူကိုဖမ်းမမိ၍ သူ့ဦးလေးနှင့် သူ့ယောက်ဖ (၈) တန်းကျောင်းသားကို ဖမ်းသွားသည်။ (၈ တန်းကျောင်းသားကို အတန်ကြာဖမ်းထားပြီး ပြန်လွှတ်ခဲ့သည်) ရပ်ရွာဖွံ့ဖြိုးရေး လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ရွာဥက္ကဌကိုလည်း ဖမ်းဆီးခဲ့သည်။

သူတို့ တစ်မိသားစုလုံးက အိမ်ကိုစွန့်ခွာပြေးရပြီး အားလုံးမှာ တကွဲတပြားဖြင့် ရှောင်တိမ်းနေရသည်။ လက်နက်ကိုင်လမ်းစဉ်ဖြင့် စစ်အာဏာသိမ်းမှုကို တော်လှန်ရာတွင်လည်း တစ်နိုင်ငံလုံးမှ တော်လှန်သူများနည်းတူ သူလည်း လက်နက်စွဲကိုင်ခဲ့သော မြေပြန့်ဒေသက အရှိုချင်းလူမျိုးတစ်ဦးဖြစ်သည်။

လက်ရှိတွင် မင်းလှမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မင်းလှ-PDF) တွင် စစ်ရေးတာဝန်ခံဖြစ်သည်။ တိုင်းရင်းသားဒေသတစ်ခုတွင် စစ်ပညာသင်ယူခဲ့ဖူးပြီး မြန်မာနိုင်ငံအလယ်ပိုင်းက ခုခံတော်လှန်စစ်တွင်လည်း ပါဝင်တိုက်ခိုက်ခဲ့ဖူးသည်။ မွေးချင်းညီအစ်ကို (၃) ဦးတွင် ညီအငယ်ဆုံးလည်း သူနှင့်အတူ တိုက်ပွဲဝင်သကဲ့သို့ သူ့တပည့်များလည်း ပါဝင်တော်လှန်နေသည်။

“ကိုယ်မကြိုက်တဲ့သူကို ပြန်ပြီး တော်လှန်ပုန်ကန်ရတာကိုတော့ သဘောကျတယ်။ လက်နက်က ဒီအတိုင်းဆိုရင် မကိုင်ဘူး။ လက်နက်ကိုင်ရင် တခါတလေလည်း သံဝေဂတွေရတယ်။ ဒီကောင်တွေ အာဏာရူးလို့ လက်နက်ကို မကိုင်ချင်ဘဲ ကိုင်နေရတယ်” ဟု ကျောင်းဆရာက ဆိုသည်။

မင်းလှမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွင် ချင်းနှင့် ဗမာတိုင်းရင်းသားတို့ အတူတူတိုက်ပွဲဝင်နေခြင်းဖြစ်ပြီး မြေပြန့်ဒေသရှိ ချင်းလက်နက်ကိုင်တော်လှန်မှုတွင် မကွေးတိုင်းဒေသကြီး၌ ၂၅ မြို့နယ်တွင် ၁၂ မြို့မှာ ချင်းလူမျိုးများ ကဏ္ဏပေါင်းစုံက တော်လှန်ရေးတွင် ပါဝင်နေပါသည်။

မကွေးတိုင်းဒေသကြီးရှိ မင်းလှ၊ မင်းတုန်း၊ စေတုတ္တရာနှင့် ငဖဲမြို့တို့တွင် မြေပြန့်အရှိုချင်းများက ဦးဆောင်တော်လှန်နေကြခြင်းဖြစ်ပြီး ကျန်မြို့နယ်များတွင် ပူးတွဲ၊ ပူပေါင်းကာ ကျရာနေရာက ထမ်းဆောင်ကြသည်။ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတွင် ပါဝင်သကဲ့သို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အရှိုချင်း ကာကွယ်ရေးတပ်ဖွဲ့တိုတွင်လည်းပါဝင်ပြီး စစ်ကောင်စီကို တော်လှန်နေကြခြင်းဖြစ်သည်ဟု မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ စခန်းတာဝန်ခံ ရန်ကြီးအောင်က ပြောသည်။

အရှိုချင်းလူမျိုးသည် မြန်မာနိုင်ငံ၏ မြို့ပေါင်း (၄၀) ကျော်တွင် နေထိုင်ကြသည်။ ACDF (အရှိုချင်းကာကယ်ရေးတပ်ဖွဲ့) သည် မကွေးတိုင်းဒေသကြီးတွင် (၄) မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် (၁) မြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် (၂) မြို့နယ်တို့မှာ စစ်ရေးလှုပ်ရှားဖို့ ပြင်ဆင်နေသည်။

ACDF တွင် စစ်သည်မှာ ရာဂဏန်းအထိရှိပြီး စစ်သင်တန်းဆင်းထားပြီးဖြစ်သော အမျိုးသမီးရဲဘော်များလည်း ရှိသည်။ ACDF သည် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ Chinland Joint Defense Committee (CJDC) နှင့် ကြားကာလ ချင်းအမျိုးသားကောင်စီ (ICNCC) တို့ဖြင့် ချိတ်ဆက်၊ ပူးပေါင်းကာ စစ်ကောင်စီကို တော်လှန်နေသော မြေပြန့်ချင်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပါသည်။

“မြန်မာတနိုင်ငံလုံးကလည်း အာဏာရှင်ကို တော်လှန်နေတာဖြစ်တဲ့အတွက် အာဏာရှင်ကို တော်လှန်သူအားလုံး၊ တပ်ပေါင်းစုအားလုံးတို့ရဲ့ သစ္စာဓိဌာန်နဲ့ အကုန်လုံး တူပါတယ်။ ကွဲပြားသွားတဲ့ တစ်ခုက အရှိုချင်းကာကွယ်ရေးတပ်ဖြစ်တဲ့အတွက် အရှိုချင်းအမျိုးသားများနဲ့ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်မှာရယ်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးနဲ့အတူ ကျနော်တို့ အရှိုချင်းလူမျိုးများရဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အခွင့်အရေးတွေကို ရယူဖို့ ဆိုပြီးတော့ ဒီသစ္စာဓိဌာန်လေးချက်နဲ့အတူ တိုက်ပွဲဝင်ပြီးတော့ ရပ်တည်တဲ့ တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်ပါတယ်” ဟု ACDF ၏ တပ်ဦးချုပ် ဆလိုင်းဂွေဗားက ပြောသည်။

မြေပြန့်ဒေသ ချင်းလက်နက်ကိုင်တော်လှန်နေသူများ၏ အဓိကအခက်အခဲမှာ လက်နက်ခဲယမ်းဖြစ်သည်။ ဆက်သွယ်ရေးလမ်းကြောင်းများနှင့် ဆေးဝါး၊ စားနပ်ရိက္ခာကလည်း စိန်ခေါ်မှုတစ်ရပ်အနေဖြင့် ရှိနေသည်။

စစ်ကောင်စီက ထိန်းချုပ်ထားသော အဆိုပါဒေသများတွင် ဒေသခံများသည် စစ်‌အာဏာသိမ်းမှုကို မကြိုက်သော်လည်း ပူးပေါင်းပါဝင်မှု နည်းပါးသည်။ ဒေသခံများ၏ နောက်ကွယ်က ထောက်ပံ့မှုရာခိုင်နှုန်းတချို့တော့ ရှိသည်။

ထို့ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းက ခုခံတော်လှန်မှုများနှင့် နှိုင်းယှဉ်ပါက မြေလတ်ဒေသ၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် တဖြည်းဖြည်းဖြင့် အရှိန်ယူကာ လူထုအတွင်း ထိုးဖောက်၍ ပြင်ဆင်နေရသည်။

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် စစ်ကောင်စီကို တော်လှန်သော CDF- Kalay-Kabaw-Gangaw (CDF-KKG) လည်းရှိပြီး Chinland Joint Defense Force (CJDC) တွင် ပါဝင်သော အဖွဲ့ဖြစ်သည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ဧပြီလအတွင်း စတင် လက်နက်ကိုင်တော်လှန်ခဲ့ပြီး အဆိုပါဒေသများတွင် ချင်းအများစု နေထိုင်ကြသော်လည်း ချင်းလူမျိုး မျိုးနွယ်စုအပါအဝင် ဗမာတိုင်းရင်းသား ရဲဘော်များလည်း ရှိသည်။ ဘာသာပေါင်းစုံလည်းတည်ရှိပြီး အားလုံးက စစ်အာဏာရှင်းကို တော်လှန်နေကြခြင်းဖြစ်သည်။

“KKG က ဒီလိုပါပဲ၊ အာဏာရှင်စနစ် ဖျက်သိမ်းရေးအထိ၊ နိုင်ငံတော်ရဲ့ အချုပ်အခြားအာဏာ ပြည်သူ့ လက်ဝယ်ပြန်လည်ထားရှိရေး၊ ဖွဲ့စည်းစဉ်လည်း ဒါမျိုး ထုတ်ပြန်ထားပါတယ်။ အရပ်သား အုပ်ချုပ်မှုတွေ ပြန်လည်ဖော်ဆောင်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေး အာမခံချက်ရှိတဲ့ ဖက်ဒရယ် ဒီမိုကရေးစီပြည်ထောင်စု တည်ဆောင်ရေးအတွက် ဒါတွေအားလုံးပါပဲ၊ တနိုင်ငံလုံးနည်းတူပါပဲ” ဟု CDF- KKG ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

CDF- KKG သည် တခြားသော မြေပြန့်ဒေသလက်နက်ကိုင်အဖွဲ့များကဲ့သို့ပင် ၎င်းဒေသအတွင်းရှိ ယောပြည်သူကာကွယ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (PDFs)၊ ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ (CNDF)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့နှင့် လက်တွဲဆောင်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

မြေပြန့်ဒေသက ချင်းလက်နက်ကိုင်တော်လှန်ရေးကို ဆောင်ရွက်နေသော CDF-KKG ၊ ACDF နှင့် မင်းလှ-PDF ၏ ရဲဘော်များသည် ကျောင်းသားများ၊ တက္ကသိုလ်ကျောင်းသားများ၊ CDM ဌာနပေါင်းစုံဝန်ထမ်းများ၊ ဒေသခံလူငယ်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများဖြစ်သည်။

စစ်ကောင်စီကိုတော်လှန်နေသော နိုင်ငံတဝန်းက လက်နက်ကိုင်ခုခံမှုများတွင်လည်း ချင်းလူငယ်များ လက်နက်စွဲကိုင်လျက်ရှိသည်။

စစ်တပ်က အာဏာသိမ်ပြီးနောက် နွေဦးတော်လှန်ရေးဖြင့် ဆန္ဒပြမှုများ ဖြစ်ပွားနေချိန်တွင် ချင်းပြည်နယ်၊ မင်းတပ်သည် ပထမဆုံး လက်နက်စွဲကိုင်၍ တော်လှန်ခြင်းဖြစ်သည်ဟု မင်းလှ-PDF စခန်းတာဝန်ခံ ရန်ကြီးအောင်က ပြောသည်။

“မင်းတပ်က ပထမဆုံး တူမီးလက်လုပ်သေနတ်တွေနဲ့ တော်လှန်မှု စတင်ခဲ့တယ်။ ဒုတိယက မကွေးမြောက်ပိုင်း သူနဲ့ထိစပ်နေတဲ့ ကလေး၊ ဂန့်ဂေါ၊ မြိုင်၊ ပေါက် အဲဒီကနေပြီးတော့မှ ပခုက္ကူခရိုင်မှာ ချင်းတိုင်းရင်းသား တွေရှိတယ်။ အဲဒီကနေ တော်လှန်မီးစပွားပြီးတော့ မြေပြန့်မှာ ရှိတဲ့ ချင်းတွေ၊ ဗမာတွေရောပေါ့။ ဒါက ငြင်းလို့မရတဲ့ သမိုင်းမှတ်တိုင်တစ်ခုပေါ့” ဟု ၎င်းက ဆိုသည်။

အသားညိုညို၊ အရပ်မနိမ့်မမြင်၊ နှုတ်ခမ်းမွေး ပါးသိုင်းမွေးထူထူနှင့် ချင်းလူလတ်ပိုင်းတစ်ဦးသည် တချိန်က အဖြူအစိမ်းဝတ်စုံဖြင့် မြေဖြူကိုင်ကာ ချင်းစာစကားကို သင်ကြားပေးသော ဆရာဖြစ်သည်။ ယခုတော့ သေနတ်ကိုင်ကာ ရခိုင်ရိုးမတကြောက စစ်ကြောင်းကို ဦးဆောင်နေရသည်။

ပညာဖြင့် အသက်မွေးဖို့ ရွှေးချယ်ခဲ့သော်လည်း ခုတော့ မြေဖြူကို ဘေးခဏချကာ ကျောင်းဆရာတစ်ဦး သေနတ်ကိုင်နေသည်မှာ တစ်နှစ်ကျော်လာပါပြီ။

“တော်လှန်ရေးပြီးသွားရင်လည်း စာသင်ခန်းထဲပဲ ပြန်ဝင်ချင်တယ်။ ကိုယ်က ကျောင်းဆရာဆိုတော့လေ”

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

#Article”ချင်းကို ကာရံညှိခြင်း”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.