Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»ယမ်းငွေ့များကြားက နှစ်ယောက်တစ်အိမ်မက်

ယမ်းငွေ့များကြားက နှစ်ယောက်တစ်အိမ်မက်

0
By Editor on October 17, 2022 Featured

ရေး – Salai Vakok

“အကြင်လင်မယားအဖြစ် အေးအတူ၊ ပူအမျှ ဇနီးလောင်းအပေါ်၊ သစ္စာရှိရှိနဲ့ ပေါင်းသင်းပါမယ်လို့ ကတိဝန်ခံချက် ပြုပါသလား”

ဓမ္မသင်းအုပ်ဆရာထံမှ ချင်းစကားဖြင့် အေးဆေးလေးပင်စွာ ထွက်ပေါ်လာသော အသံဖြစ်ပြီး သူ၏ရှေ့တွင် အနောက်တိုင်းဝတ်စုံဖြင့် သတိုးသားနှင့် သတိုးသမီးမှာ အပြုံးကိုယ်စီဖြင့် တည်ရှိသည်။

မင်္ဂလာမောင်နှံက လက်ထပ်လက်စွပ် လှဲဝတ်ခြင်း၊ လက်မှတ်ထိုးခြင်းတို့နှင့်အတူ သင်းအုပ်ဆရာက ကောင်းချီးပေးနေသည်။

မင်္ဂလာမဏ္ဍပ်ကို မိုးကာဟောင်းစတွေ မိုးထားပြီး အပြင်အဆင်ကို ပန်းတိမ်ငို၊ ထင်းရှုးရွက်၊ ပုလဲပွင့် စသဖြင့် တောပန်းတချို့နှင့် အလှဆင်ယင်ထားသည်။ ဧည့်ပရိတ်သတ်ကို ကျွေးမွေးရန် စာပွဲဝိုင်းတချို့ ချထားသည်။ ချင်းကျေးလက်ဒေသက တောဓလေ့ မင်္ဂလာဆောင်တစ်ခုသာဖြစ်သည်။

အနီးတစ်ဝိုက်တွင် လူမရှိသော အိမ်တွေနှင့် တိတ်ဆိတ်နေသော၊ စစ်ရှောင်နေရသော ထိုဒေသ၏ မင်္ဂလာဆောင်တွင် ရွာသားက ပုံမှန်ထက် လွန်စွာနည်းသည်။ သို့သော် စစ်မြေပြင် ယူနီဖောင်းဝတ်ထားသော ဧည့်ပရိတ်သတ်နှင့် ရပ်ဝေးမှ လာရောက်ဂုဏ်ပြုသော ပရိတ်သတ်တို့ကြောင့် မင်္ဂလာဆောင်က ပိုစည်နေသည်။

ထူးခြားသည်က မင်္ဂလာဆောင်ကို တိုက်ပွဲဝင်ရန် အသင့်ပြင်ဆင်ထားသော ဝတ်စုံပြည့်ဖြင့် ရဲဘော်တွေ၊ တပ်ရင်း တပ်ဖွဲ့တွေက လုံခြုံရေး ယူပေးနေခြင်းပါ။ မင်္ဂလာဆောင်နေချိန်တွင် အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာလျှင် အဆင်သင့် ရင်ဆိုင်တိုက်ပွဲဝင်နိုင်ရန်ဖြစ်သည်။

စက်တင်ဘာလတွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက ရွာကလေးတစ်ရွာ၊ ညိုမှိုင်းသော တောတောင် အလယ်တစ်ခုမှာ စစ်ကောင်စီကို ခုခံတော်လှန်နေသူ CNDF- Vakok ရင်းမှူး အားလျန်၏ လက်ထပ်ပွဲဖြစ်သည်။

“ဘုရားရဲ့ ကျေးဇူးတော်နဲ့ အခက်အခဲတွေ ကြားထဲကနေ ကျနော်တို့ မင်္ဂလာပွဲလေး အဆင်ပြေသွားတယ်လို့ ပြောရမှာပေါ့”

မင်္ဂလာပွဲကို KKG – CDF၊ CNDF ၊ ကလေး – PDF နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က တပ်မဟာမှူး၊ တပ်ရင်းမှူး စသဖြင့် အကြီးတန်းတာဝန်ရှိသူတွေနှင့် ရဲဘော်များလာရောက်ဂုဏ်ပြုကြသည်။

CNDF-Vakok ရင်းမှူး၏ မင်္ဂလာဆောင်ကိုလည်း စစ်ကောင်စီတပ်က အမြှောက်ဖြင့် ဂုဏ်ပြုသည်။ ကလေးမြို့အထွက်က စစ်စခန်းနေရာသို့ ၁၂၀ မမ အမြောက်ကို မြို့ထဲက ဆွဲထုတ်လာကာ မင်္ဂလာဆောင်ကျင်းပနိုင်မည့် နေရာကို လှမ်း၍ ၇/၈ ကြိမ်ခန့် ပစ်ပြီး ဂုဏ်ပြုခြင်းဖြစ်သည်။

“စစ်ခွေးတွေကတော့ ကျနော်တို့ သတင်းကို သိတော့ လက်နက်ကြီးတွေနဲ့ ဂုဏ်ပြုပေးတာပါ” ဟု ကိုအားလျန် က ရယ်လျက် ပေါ့ပေါ့ပါးပါးပြောသည်။

မင်္ဂလာပွဲကို လာရောက်အားပေးသော အရပ်သားတချို့မှာ ရုတ်ရုတ်သဲသဲဖြစ်သွားပြီး အခမ်းအနားလည်း သိမ်းခါနီးချိန်ဖြစ်၍ တချို့က အိမ်ပြန်ကြသည်။ စားပွဲဝိုင်း နှစ်ခုမှ လူတချို့မှာတော့ ဝက်သားနှင့် ကျွေးသော မင်္ဂလာထမင်းကို ခပ်သွက်သွက်စား နေကြသည်။

ကိုအားလျန်တို့ မင်္ဂလာဆောင်သော ရွာနှင့်အနီးတစ်ဝိုက်ရွာများသည် အမြဲတမ်း စစ်မြေပြင်ဖြစ်နေသောကြောင့် အိမ်အများစုမှာ လူသူကင်းမဲ့နေသည်။ လက်ရှိတွင် စစ်ဘေးရှောင်နေရသောကြောင့် လူအနည်းငယ်သာ ကျန်ရှိသည်။

သတိုးသားနှင့်သတိုးသမီးမှာ မင်္ဂလာဝတ်စုံမှ စစ်ဝတ်စုံကို ပြန်လည် ဝတ်ဆင်လိုက်ပြီး စစ်ပွဲအတွက် အသင့်ပြင်ကြသည်။ သို့သော် ထိုနေ့က တိုက်ပွဲမဖြစ်သောကြောင့် ရဲဘော်တချို့နှင့် တောထဲ အပျော်လည်ပတ်သည်။ တောင်တန်း၊ တောင်စောင်း၊ တော၊ သစ်သားတံတားဖြင့် ပနံသင့်လှသော ထိုနေရာသည် ယမ်းငွေ့တွေ မပျံ့လွင့်ပါက ကျေးငှက်သံတွေ လွင့်ပျံနေမည်ဖြစ်သည်။

ကိုအားလျန်တို့ကဲ့သို့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) ဝင်များသည် စစ်ကောင်စီကို တော်လှန်ရေး ကာလတွင် လက်ထပ်မှု ဆယ်ဂဏန်းကျော်ခန့် ရှိသည်ဟု Chinlinad Joint Defense Committee မှ ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းတင်မီက ပြောသည်။

ထိုစာရင်းသည် ချင်းတစ်ပြည်လုံးက ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ကို ကောက်ယူထားခြင်း မဟုတ်ဘဲ လက်လှမ်းမိသမျှ ခန့်မှန်းစာရင်းဖြစ်သည်။ တချို့တပ်ဖွဲ့ဝင်များ၏ လက်ထပ်ပွဲများသည် လွှတ်မြောက်နယ်မြေများ၊ ထိန်းချုပ်နယ်မြေများနှင့် စစ်မြေပြင်ရှေ့တန်းများတွင် ပြုလုပ်ခြင်းဖြစ်သည်။

“တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးပြီး တိုက်နေပေမဲ့လည်း အချစ်ရေးကတော့ အကောင်အထည်ဖော်ရမှာပဲ။ တော်လှန်ရေးသမားဆိုတာ တကယ်တော့ စိတ်နှလုံးက ပိုနုညံ့ပါတယ်” ၎င်းက ဆိုသည်။

ချင်းတောင်တန်းများဆီက CDF တပ်ဖွဲ့ဝင်များသည် လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းပေါ် လျှောက်လမ်းရာတွင် လုံခြုံရေးအခြေအနေကြောင့် မြို့ပေါ်ရှိ ချစ်သူနှင့် ကွေကွင်းရသည်။ တချို့မှာ ချစ်ရသူနှင့် လုံးဝပြတ်သွားသည်။

တချို့မှာ ဆက်ချစ်နေကြတုန်းဖြစ်ပြီး တချို့မှာ တော်လှန်ခုခံစစ်နှင့် အပြိုင် လက်ထပ်ဖြစ်ကြသည်။ တချို့ ရဲဘော်များမှာ ခုခံတော်လှန်စစ်အတွင်း ကိုယ်ခန္ဓာချို့ယွင်းသည့်အထိ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြသော်လည်း ချစ်သူတို့မှာ ချစ်မေတ္တာမပျက် လက်ထပ်ကြသည်။

၂၀၂၁ နှစ်ဆန်းပိုင်း စစ်ကောင်စီ၏ အာဏာသိမ်းမှုသည် နိုင်ငံရှိ သန်းချီသော လူငယ်တွေ၏ ဘဝ၊ အိမ်မက်နှင့် ချစ်ခြင်းမေတ္တာတွေကို ဇောက်ထိုးမိုးမျှော်အထိ ပြောင်းလဲသွားစေသည်။ လူငယ်တွေ လမ်းပေါ်ထွက် ငြိမ်းချမ်းစွာ ဆန္ဒပြကြသည်။ ထို့နောက် လက်နက်ကိုင် ခုခံတော်လှန်ရေးလမ်းကြောင်းပေါ်ရောက်လာပြီး မြို့နှင့်အဝေး တောနှင့် တောင်ဆီသို့ ရောက်သွားကြသည်။ တချို့မှာ ထောင်တံတိုင်းတွေက ချစ်သူခင်သူတွေကို ခြားထားသည်။

ချစ်ရသော မိသားစုအသိုင်းအဝိုင်း၊ ဇာတိနှင့် ပညာရပ်ဝန်းတို့ကို စွန့်ခွာရတော့သည်။ တချို့သည် နွေဦး တော်လှန်ရေးအပြီး ချစ်သူကို စောင့်မျှော်နေကြပြီး တချို့ရဲဘော်များသည် ချစ်ရသော မိဘနှင့် ချစ်သူ/ခင်သူတွေ ဆီသို့ ပြန်မလာနိုင်တော့ပါ။ နှုတ်မဆက်နိုင်ဘဲ တစ်ဘဝသက်တာ ခွဲခွာသွားကြပြီး သူ့စိတ်နှင့် အညတရရုပ်ပုံလွှာသာ ချန်ရစ်ခဲ့သည်။
ကိုဗက်-၁၉ ဖူးစာ

ကိုအားလျန်၏ ဇာတိက ရေခံမြေခံကောင်းသော တောင်သူရွာတစ်ရွာဖြစ်ပြီး တောင်ယာလုပ်ငန်းနှင့် ပြည်ပထွက် အလုပ်လုပ်ကိုင်မှုဖြင့် ရပ်တည်ကြသည်။ သူက ကျပန်းအလုပ်ဖြင့် အသက်မွေးရသော အခြေခံမိသားစုမှ မွေးဖွားလာသော လူငယ်ပညာတတ်တစ်ဦးဖြစ်သည်။

၂၀၁၉ ခုနှစ် မြန်မာနိုင်ငံကို ကိုဗစ်ရောဂါစတင်ကူးဆက်လာချိန်တွင် ကိုအားလျန်သည် သူ့အစိုးရဝန်ထမ်းအလုပ်မှ ရွာကို ပြန်ရောက်လာခဲ့ပြီး သူ့ရွာတွင် တခါမျှ မမြင်ဖူးသော သူ့တို့ရွာသူ တစ်ဦးကို ရွာ၏ လူငယ်စကားဝိုင်းတွင် ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။

“ကိုဗစ်က ဒုက္ခဆိုပေမဲ့ ကျနော်တို့အတွက်တော့ ကိုဗစ်ရဲ့ ကျေးဇူးကြောင့် ပြောရမလား ဖူးစားဖြစ်လာတယ်” ဟု ကိုအားလျန်က ရယ်မော၍ ပြောသည်။

သို့ဖြင့် တစ်ရွာထဲ သူမကို ရှိ၍ ရှိမှန်းပင် မသိခဲ့သော၊ မုံရွာတွင် တက္ကသိုလ်တက်နေရာမှ ပြန်ရောက်နေသော သူမနှင့် ထိုနှစ်ထဲမှာပင် သမီးရည်စားဖြစ်ခဲ့သည်။ ကိုအားလျန်က ရွာ၏ လူငယ်သာရေးနာရေးအဖွဲ့တွင် အတွင်းရေးမှူအဖြစ် ဝိုင်းကူဆောင်ရွက်နေချိန်ဖြစ်သည်။
နိုင်ငံက ကိုဗစ်ဒဏ်ကို အလူးအလဲခံနေရချိန်တွင် စစ်တပ်က အာဏာသိမ်းလိုက်ချိန်၌ ကိုအားလျန်တစ်ယောက် အစိုးရဝန်ထမ်အဖြစ်မှ CDM လုပ်သည်။ ဒီမိုကရေစီအတွက် လမ်းပေါ်ထွက် ငြိမ်းချမ်းစွာ ဆန္ဒပြသည်။

“ကျနော်တို့ တူမလေးငယ်ငယ်လေးတွေက အစ၊ စစ်တပ်က အာဏာသိမ်းတယ်ဆိုတာနဲ့ မျက်ရည်ကျတယ်။ ကျနော်တို့ လူကြီးတွေဆိုရင် ဘယ်လောက်ခံပြင်းမလဲပေါ့နော”

စစ်တပ်၏ သေနတ်အားကိုးဖြင့် အကြမ်းဖက်ရမ်းကားလာချိန်တွင် ချင်းပြည်နယ်နှင့် နိုင်ငံတစ်ဝန်းမှ လူငယ်များ နည်းတူ ရရာလက်နက်စွဲကိုင်လျက် တူမီးတော်လှန်ရေးကို စတင်ခဲ့သည်။ ထိုအချိန်က ချစ်သူသည်လည်း လက်နက် ကိုင်တော်လှန်ရေးထဲ ဝင်လာခဲ့သည်။ CNDF -Vakok တွင် ရုံးလုပ်ငန်းတာဝန်တွေကို ယူထားသည်။

ဘုရားကျေးဇူးတော်အားဖြင့်

ကျေးဇူးတော်အားဖြင့် တိုက်ပွဲတွေ တိုက်သည်၊ အနီးကပ်တိုက်ပွဲတွေလည်း ရင်ဆိုင်ရသည်။ ကိုအားလျန်က ဘုရားကျေးဇူးတော်ကြောင့် ဒဏ်ရာတွေ မရခဲ့။ သို့သော်…..။

ဩဂုတ်လလယ်ပိုင်း စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ သာယာဝတီ GTC ကျောင်းအနား တိုက်ပွဲတွင် CNDF-Vakok က တခြားသော ပူးပေါင်းစစ်ဆင်ရေးအဖွဲ့များနှင့်အတူ စစ်ကောင်စီတပ်ကို ဖိအားပေးပစ်သည်။ စစ်ကောင်စီတပ်က ဆုတ်ခွာပြီး သာယာကုန်းရွာထဲတွင် ဘန်ကာအခိုင်အမာဖြင့် ခံစစ်ဆင်သည်။

သို့ဖြင့် တစ်အိမ်/နှစ်အိမ်သာ ခြားသော အနီးကပ်တိုက်ပွဲတွင် ကိုအားလျန်၏ ညာဘက်လက်မှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။ တခြားသောအဖွဲ့များမှ ရဲဘော်တချို့လည်း ကျဆုံးသည်။

ထိုဒဏ်ရာကို တစ်လကျော်ကြာ ကုသနေရချိန်တွင် နှစ်ဖက်မိသားစု၏ တိုက်တွန်းအားပေးမှုများဖြင့် စေ့စပ်တောင်းရမ်းပြီး လက်ထပ်ဖြစ်ခဲ့သည်။
CDM ဝန်ထမ်းတစ်ဦး၊ CNDF – Vakok ရင်းမှူးတစ်ဦးအနေဖြင့် ကိုအားလျန်တွင် ထိုမင်္ဂလာပွဲအတွက် ခြူးတစ်ပြားမှ မရှိပါ။ ချစ်ခြင်းမေတ္တာ၊ သစ္စာရှိမှုနှင့် စစ်ကောင်စီကို ဖြိုချချင်သော စိတ်သာ ရှိသည်။ တစ်ဖက်မိဘ များကလည်း သစ္စာရှိမှုကိုသာ တောင်း ဆိုသည်။

သို့ဖြင့် ပြည်ပတွင် ရောက်နေသော အစ်မများ၏ ထောက်ပံ့မှုဖြင့် လက်ထပ်ပွဲကို ကျင်းပနိုင်ခြင်းဖြစ်သည်။ အမြဲတမ်းနီးပါး စစ်မြေပြင်ဖြစ်နေသော ထိုရွာကလေးမှ လက်ထပ်ပွဲမှာ တော်လှန်ရေး ရဲဘော်ရဲဖက်များ၏ ကူညီမှုနှင့် ဂုဏ်ပြုမှုကြောင့် ဝက်သား အချိန် (၁၀၀)ကျော် ကုန်သည်အထိ အောင်မြင်သည်။

ရဲဘော်တွေ တိုက်ပွဲဝင်အသင့်ဖြင့် လုံခြုံရေးယူထားသည့် စစ်မြေမြင်က မင်္ဂလာပွဲမှာ ယမ်းငွေ့များကြားတွင် ဓမ္မဆရာ၏ ကောင်းချီးမင်္ဂလာနှင့်အတူ တော်လှန်ရေးရဲဘော်နှစ်ဦးပေါင်းဖက်လေသတည်း။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.