ကျောင်းထိုင်ဘုန်းကြီး ၁ ပါး၊ စိတ်မကျန်းမာသူ အမျိုးသမီး ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၆ ဦး သတ်ဖြတ်ခံရဟု ဆို
(006SV)
ချင်းပြည်နယ်တောင်ပိုင်းနှင့် ယောဒေသတောင်ပိုင်းသို့ အာဏာသိမ်းစစ်တပ် အင်အားထောင်ချီဖြင့် ထိုးစစ်ဆင် ဝင်ရောက်လာသည့်အတွက် ဒေသခံပြည်သူများ လုံခြုံ ဘေးကင်းရာ နေရာများကို အမြန်ဆုံး ပြောင်းရွှေ့နေထိုင်ရန် ယောကာကွယ်ရေးတပ် – YDF က ကြေညာသည်။
ရှေ့တန်းစစ်မျက်နှာပြင်များတွင် တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်တပ်စစ်ကြောင်းတို့အကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပြီး တော်လှန်ရေးပူးပေါင်းတပ်များကလည်း အင်အားအလုံးအရင်းဖြင့် ဆက်လက်ခုခံ လျက်ရှိသည်ဟု YDF က ယမန်နေ့ မေလ ၂၅ ရက်က ထုတ်ပြန်သည်။
စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ကူ တောက်လျှောက် ပြုလုပ်၍ စစ်အင်အား ထောင်ချီဖြင့် ချင်းတောင်ပိုင်းနှင့် ယောဒေသကို ထိုးစစ်ဆင်နေပြီး ယောဒေသအတွင်းက မြို့ရွာများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည်ဟု YDF ထံမှ သိရသည်။
“လက်ရှိ ယောဒေသအတွင်းတွင် စစ်တပ်၏ ဖက်ဆစ်အကြမ်းဖက် စစ်ကြောင်းများသည် မြို့ရွာများအတွင် ဝင်ရောက်ပြီး ပြည်သူများအား ဖမ်းဆီး၍ လူသားဒိုင်းအဖြစ် မတရားအသုံးပြုခြင်း၊ လူငယ်အမျိုးသားများကို အတင်းအကြပ် ဖမ်းဆီး စစ်မှုထမ်းခိုင်းခြင်းနှင့် အမျိုးသမီးများကို အဓမ္မပြုခြင်းများ စသည့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည်ကို တွေ့မြင်၊ ကြားသိရပါသည်” ဟု YDF က ထုတ်ပြန်သည်။
ယောဒေသ၊ ကျောက်ထုတိုက်နယ်၊ တပြင်းကျေးရွာမှ မေလ ၂၅ ရက်က ထွက်လာသည့် စစ်တပ်စစ်ကြောင်းသည် ယနေ့ မေလ ၂၆ ရက် မနက်မှာ ရွာသာရွာသို့ ရောက်ရှိပြီး နေအိမ်တချို့ကို မီးရှို့ဖျက်စီးနေသည်ဟု ချင်းတောင်နှင့် ယောဒေသမှ သတင်းရင်းမြစ်တချို့ထံမှ သိရသည်။
တပြင်းကျေးရွာတွင် ကျောင်းထိုင်ဆရာတော် ၁ ပါး၊ စိတ်မကျန်းမားသည့် အမျိုးသမီး ၁ ဦး အပါအဝင် စစ်ဘေးရှောင်ဒေသခံ ပြည်သူ ၅ ဦးကို စစ်တပ်စစ်ကြောင်းက သတ်ဖြတ်ခဲ့ပြီး ရွာသာရွာ ကျေးရွာတွင်လည်း ဒေသခံပြည်သူ ၁ ဦးကို ထပ်မံသတ်ဖြတ်ခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်တချို့နှင့် Yaw Mediaထံမှ သိရသည်။
လက်ရှိမှာ ဒေသခံပြည်သူ အများအပြားကိုလည်း စစ်တပ်စစ်ကြောင်းက ဖမ်းဆီးထားသည်ဟု ဒေသတွင်းသတင်းရင်းမြစ်တချို့က ပြောသည်။
လက်ရှိတိုက်ပွဲများတွင် စစ်တပ်သည် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကို စစ်ရေးပစ်မှတ်၊ အရပ်သားပစ်မှတ် မခွဲခြားဘဲ နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေသောကြောင့် ဒေသခံပြည်သူများအနေဖြင့် လုံခြုံရာ အရပ်တွင် ဗုံးခိုကျင်း၊ ကတုတ်ကျင်းများ ပြင်ဆင်နေထိုင်ရန်နှင့် အန္တရာယ်ရှိသော အခြေအနေများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတိဖြင့်နေထိုင်ရန် YDF က အသိပေးထုတ်ပြန်သည်။
ဒေသခံပြည်သူများအနေဖြင့် ကျန်းမားရေးကဲ့သို့ အရေးပေါ် ကိစ္စရပ်များကြောင့် ခရီးသွားလာရန် မဖြစ်မနေ လိုအပ်ပါက သက်ဆိုင်ရာတာဝန်ရှိသူများ၏ အကြံပြုမှုကို ရယူပြီးမှ သွားလာကြရန်နှင့် စစ်ရေးနှင့် လမ်းကြောင်းသတိပေးချက်များကို လိုက်နာကြရန် အကြံပြုထုတ်ပြန်သည်။
မေလ ၁၂ ရက်မှစတင်၍ ယောဒေသ၊ ကျောက်ထုဒေသအတွင်း စစ်အင်အား အလုံးအရင်းဖြင့် စစ်တပ် စစ်ကြောင်းထိုးဝင်လာမှုကြောင့် ကျေးရွာပေါင်း ၁၉ ရွာမှ ဒေသခံပြည်သူ တစ်သောင်းကျော် စစ်ဘေးရှောင်နေရပြီး အမိုးအကာ၊ အခြေခံစားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေသည်ဟု သိရသည်။
ချင်း- မကွေးအစပ် ယောဒေသတွင် ချင်းတောင်ပိုင်းမှ ချင်းပြည်သူ အများအပြားလည်း နှစ်ရှည်လများ စစ်ဘေးရှောင် နေထိုင်ကြပြီး အရေအတွက် အတိအကျကို မသိရပေ။

