Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ရက္ခိုင့်တပ်တော် (အေအေ) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခနှင့် မေးမြန်းခြင်း

ရက္ခိုင့်တပ်တော် (အေအေ) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခနှင့် မေးမြန်းခြင်း

0
By Editor on January 15, 2020 Headline

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ဆီဖလောင်းကျေးရွာသား မူလတန်းကျောင်းအုပ်ဆရာ ဦးအာဗြေလနှင့် ကြက်ဥ၀ရွာသား (၂) ဦးတို့သည် လက်နက်ကိုင်တစ်စုမှ ဇန်န၀ါရီလ (၇) ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ပျောက်ဆုံးသွားရာမှ ရွာသားများက လိုက်လံရှာဖွေကြရာတွင် (၃) ရက်မြောက်နေ့ ဇန်န၀ါရီလ (၁၀) ရက်နေ့က တောတွင်းတစ်နေရာသို့ လက်ပြန်ကြိုးတုပ်လျက် ဓားဒဏ်ရာဖြင့်သေဆုံးနေသည်ဟု တွေ့ရှိခဲ့ကြသည်။

ခူမီးချင်းမျိုးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) ကတော့ ဦးအာဗြေလနှင့် ရွာသား (၂) ဦးတို့ကို ရက္ခိုင့်တပ်တော် (အေအေ) တပ်ဖွဲ့ဝင်များက ကြက်ဥ၀ကျေးရွာတွင် ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဇန်န၀ါရီလ ၁၀ ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ထားသည်။

ထို့အပြင် (အေအေ) တပ်ဖွဲ့ဝင်များသည် ကျီးလေကျေးရွာသို့ ၀င်ရောက်အခြေပြု၍ ကျေးရွာရှိအမျိုးသမီးငယ်တစ်ဦးအား လက်နက်ဖြင့်ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ရန်ကြိုးစားပြီး ကျေးရွာတာဝန်ရှိလူကြီးများကိုလည်း ကိုယ်ထိလက်ရောက်ရိုက်နှက်ခဲ့သည်ဟု ပြောဆိုထားသည်။

ယင်းကိစ္စများနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော်ပြောရေးဆိုင်ခွင့်ရှိသူ ဦးခိုင်သုခကို ခိုနူမ်းသုန်သတင်းဌာနမှဖြင့် ယခုကဲ့သို့ဆက်သွယ်မေးမြန်းထားသည်။

မေး။    ။ ပလက်ဝမြို့နယ် ဆီဖလောင်းကျေးရွာက မူလတန်းပြကျောင်းအုပ်ဆရာ ဦးအာဗြေလနဲ့ ကြဥ၀ကျေးရွာက ရွာသား (၂) ဦး သေဆုံးတဲ့ကိစ္စမှာ အေအေရဲ့ လက်ချက်မကင်းဘူးဆိုပြီး ပြောဆိုနေကြတယ်။ ဒီကိစ္စအပေါ် ဘာများပြောချင်ပါလဲ။

ဖြေ။       ။ အဲဒီ ဆီဖလောင်းကျေးရွာမှာ ခမီးလူမျိုး ကျောင်းဆရာတစ်ယောက်နဲ့ ဒီ ရခိုင်လူမျိုး (၂) ဦးကို ဖမ်းသွားပြီးတော့မှ နောက်တစ်နေ့မှာ အလောင်းတွေ့တယ်ဆိုတဲ့ကိစ္စကို အဲဒီ KACC ရဲ့ထုတ်ပြန်ချက်မှာ ကျနော်တို့ဘက်က ဖမ်းသွားတယ်ဆိုပြီးတော့ အဲလိုမျိုးစွပ်စွဲထားတာရှိတယ် ဆိုတော့ အဲဒီကိစ္စက ကျနော်တို့နဲ့ လုံးဝပက်သက်မှုမရှိဘူး၊ ကျနော်တို့ဘက်က လုပ်တာလည်း လုံးဝမဟုတ်ဘူး ဆိုတော့ အဲဒီအခင်းဖြစ်တဲ့နေရာကို ကျနော်တို့လည်း လေ့လာကြည့်တာပေါ့နော် အဲဒီအခင်းဖြစ်တဲ့နေရာက (ခလ ၂၈၉) နောက်ကျောမှာဖြစ်တာဆိုတော့ အဲဒီ (ခလ ၂၈၉) ရဲ့နောက်ကျော ဟိုဘက်မှာဆိုလို့ရှိရင် မီးချောင်းတံတားရှိတယ် အဲဒီမီးချောင်းတံတားရဲ့ထိပ်မှာ မြန်မာစစ်တပ်ဘက်ကနေ လက်နက်ကြီးစခန်းရှိတယ် အဲဒီမှာတင် စစ်ကြောင်းတွေလည်းရှိတယ် ဗမာစစ်တပ်တွေ လုံခြုံရေးထူထပ်တဲ့နေရာဆိုတော့ အဲဒီနေရာမှာ အဲဒီလူတွေ အဖမ်းခံရပြီးတော့ အသတ်ခံရတာဆိုတော့ ကျနော်တို့လေ့လာတွေရှိချက်သလောက်က မြန်မာစစ်တပ်ကနေပြီးတော့ သူတို့ရဲ့ သတင်းပေးတွေပေါ့နော် အဲဒီသတင်းပေးတွေက မြန်မာစစ်တပ်ကခိုင်းလို့ သတ်လိုက်တယ်ဆိုပြီးတော့ အဲလိုပဲ ကျနော်တို့သိရတာရှိတယ်ဆိုတော့ အဲဒီကိစ္စ ကျနော်တို့နဲ့ လုံးဝ ပတ်သက်မှုမရှိဘူးဗျ။

မေး။    ။ ဒါဆိုရင် အခုသေဆုံးသွားတဲ့ (၃) ဦးကို အေအေတပ်ဖွဲ့အနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာမဟုတ်ဘူးပေါ့။

ဖြေ။       ။ လုံးဝမဟုတ်ဘူးဗျ အဲဒီနေရာက ကျနော်တို့တပ်စုတွေလည်းမရှိဘူး ဆိုတော့ အဲဒီမှာဖမ်းသွားတယ်ဆိုတဲ့ ဥစ္စာက သူတို့မြန်မာစစ်တပ်ဘက်ကနေပြီး တပ်ဖွဲ့တစ်ချို့နဲ့ သူတို့ရဲ့သတင်းပေးတွေက ဖမ်းသွားပြီးတော့မှ အဲလိုသတ်လိုက်တာပေါ့နော် သတ်လိုက်ပြီးတော့မှ ဒါ AA ကလုပ်သလိုမျိုး ပုံဖော်တာ ပြောရမယ်ဆိုလို့ရှိရင်တော့ ဒီကိစ္စက သွေးရိုးသားရိုးတော့မဟုတ်ဘူး ဒီ တရုတ်သမ္မတရဲ့ ခရီးစဉ်မတိုင်ခင်မှာ ကျနော်တို့ ရက္ခိုင့်တပ်တော်ကို ပြည်သူလူထုနဲ့နိုင်ငံတကာကြားမှာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ပုံဖော်ချင်တဲ့အတွက်ကြောင့်မို့လို့ အဲလိုမျိုးလုပ်တာတွေရှိတယ်။

မေး။    ။ သေဆုံးသွားတဲ့သူတွေဟာ လက်ကိုနှောက်ပြန်ကြိုးတုပ်ထားပြီး ဓားဒဏ်ရာနဲ့ သေဆုံးနေတာကို ဓာတ်ပုံတွေထဲမှာတွေ့ရတယ် အေအေလက်ချက်မဟုတ်ရင် ဘယ်သူ့လက်ချက်ဖြစ်နိုင်မလဲ။

ဖြေ။       ။ အဲဒီဥစ္စာကျနော်တို့လေ့လာသိရှိသလောက်ကတော့ အဲဒီမှာ မြန်မာစစ်တပ်ရဲ့ ထောက်လှမ်းရေးသတင်းပေးတွေပေါ့နော် မြန်မာစစ်တပ်ရဲ့ စစ်ဘက်ထောက်လှမ်းရေးတွေက သူတို့ရဲ့ အရပ်ဖက်သတင်းပေးတွေကို အသုံးပြုပြီးတော့မှ အဲလိုမျိုး အဲဒီရွာသားတွေကိုဖမ်းဆီးပြီးတော့မှ သတ်ဖြတ်လိုက်တယ်ဆိုပြီးမှ ကျနော်တို့သိထားတာရှိတယ်။

မေး။    ။ ကျီးလေကျေးရွာမှာ အေအေတပ်ဖွဲ့တွေအခြေချပြီး ကျေးရွာမှာရှိတဲ့ အမျိုးသမီးငယ်ကို အေအေတပ်ဖွဲ့ဝင်တစ်ဦးက အဓမ္မပြုကျင့်ဖို့ကြိုးစားတယ်၊ ရွာထဲကလူကြီးတွေကိုလည်း ကိုယ်ထိလက်ရောက်ရိုက်နှက်တာတွေလုပ်တယ်လို့သိရပါတယ်။ အေအေတပ်ဖွဲ့တွေအနေနဲ့ အလိုမျိုးတကယ်ကျူးလွန်မှုတွေရှိခဲ့လား။

ဖြေ။       ။ အဲဒီလိုမျိုးတော့လုံးဝမရှိဘူးဗျ ကျနော်တို့ အဲဒီကိစ္စကို ကျနော်တို့သက်ဆိုင်ရာ တပ်ရင်းမှူးတွေကို သွားပြီးတော့ ကျနော်တို့စုံစမ်းစစ်ဆေးမှုတွေကိုလုပ်ပြီးပြီ အဲဒီစုံစမ်းစစ်ဆေးမှုတွေက ရလာတဲ့ရလဒ်တွေကိုလည်း ဒီနေ့ ကျနော်တို့ခုနပဲ Video နဲ့တကွ အဲဒီမှာ ရွာသားတွေနဲ့ ကျနော်တို့လည်း အပြန်အလှန်စကားပြောနေတဲ့ စစ်ဆေးချက်တွေကို ကျနော်တို့အခုပဲ Video ဖိုင်ထုတ်ပြန်လိုက်တာရှိတယ် ဆိုတော့ အဲဒီမှာ အဲဒီသက်ဆိုင်ရာ အမျိုးသမီးပေါ့နော် သူ့ကိုလည်းပဲ ကျနော်တို့ လူတွေ့ပြီးတော့မှ စစ်ဆေးမေးမြန်းပြီးပြီဆိုတော့ အဲလိုမျိုးလုပ်တာလုံးဝမရှိဘူး အဲဒီနေ့က ကျနော်တို့စစ်ကြောင်းတစ်ကြောင်းက အဲဒီကျီးလေရွာကို ၀င်တာတော့မှန်တယ် အဲဒီမှာဝင်တဲ့အကြောင်းရင်းကလည်းပဲ အဲဒီကျီးလေရွာထဲမှာရှိနေတဲ့ မြန်မာစစ်တပ်ရဲ့ သတင်းပေးပေါ့နော် အဲဒီသတင်းပေးကို ကျနော်တို့က စစ်ဆေးဖို့သွားတာ အဲဒီချိန်မှာ သတင်းပေးကထွက်ပြေးသွားတယ် သူ့သမီးနှစ်ယောက်ကျန်ခဲ့တဲ့ဥစ္စာကို ကျနော်တို့ဘက်က ခဏလေးထိန်းသိမ်းထားတာ အဲဒါ သူ့အဖေလာဖို့အတွက်ပေါ့နော် နောက်တော့ သူ့အဖေလာတာပေါ့ သူ့အဖေလာတဲ့အချိန်မှာ သူ့သမီးကို ကျနော်တို့က ချက်ချင်းပဲ လွှတ်ပေးလိုက်တာဆိုတော့ အဲလိုမျိုး ဒီခဏလေး ထိန်းသိမ်းထားတဲ့အချိန်မှာတော့ မင်းအဖေ ဘယ်ဘက်ထွက်ပြေးသွားလည်းဆိုတဲ့ ပုံစံမျိုးနဲ့ ၀ါးခြမ်းပြားနဲ့ တစ်ချက်နှစ်ချက်ရိုက်တာတော့ရှိတယ် ဆိုတော့ အဲဒီကိစ္စကိုလည်းပဲ ကျနော်တို့ အဲဒီမှာ ဒီကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်တဲ့ သက်ဆိုင်ရာ ကျနော်တို့တပ်မှူးတွေကို ကျနော်တို့ ရက္ခိုင့်တပ်တော်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ထားပြီးပြီဖြစ်တယ် ဆိုတော့ အဲဒီမှာ ကျေးရွာလူကြီးတွေရော နောက်ပြီးတော့ ဆယ်အိမ်မှူးတွေရော ကျနော်တို့ ဒါအကုန်လုံး လူတွေ့ပြီးတော့ မေးပြီးပြီ အဲလိုမျိုး မုဒမ်းကျင့်ဖို့ကြိုးစားတဲ့ဥစ္စာ လုံးဝမရှိဘူး အဲလိုလိင်မှုဆိုင်ရာ ဒီမဖွယ်မရာလုပ်ဖို့ကြိုးစားတဲ့ဥစ္စာ လုံးဝမရှိဘူး။

မေး။    ။ ပလက်ဝမြို့နယ်မှာ အေအေတပ်ဖွဲ့ရဲ့ ဒီလိုလှုပ်ရှားမှုကြောင့် ချင်းနဲ့ ရခိုင်ကြားထဲမှာ လူမျိုးရေးမုန်းတီးမှုတွေ ရှိလာမှာကို စိုးရိမ်နေကြတယ်။

ဖြေ။       ။ တကယ်တော့ ချင်းနှင့်ရခိုင်က ပလက်ဝဘက်မှာ ဘယ်တုန်းကမှ အဲလိုမျိုးပြသာနာတွေမရှိခဲ့ဘူး အခု မြန်မာစစ်တပ်ကနေပြီးတော့ ချင်းနှင့်ရခိုင်ကြားမှာ ပြသာနာတွေကိုရှိအောင် ဖန်တီးနေတာ နောက်ပြီးလို့ရှိရင် ဒီရခိုင်မျိုးနွယ်စုနဲ့ ခမီးလူမျိုးတွေကြားမှာလည်းပဲ သူတို့က ဘာသာရေး၊ လူမျိုးရေးပြသာနာတွေဖြစ်အောင် အဲလိုမျိုးဖန်တီးနေတာရှိတယ် ကျနော်တို့ရက္ခိုင့်တပ်တော် AA ရဲ့မူဝါဒထဲမှာတောင် ကျနော်တို့ ဒီဘာသာရေးအရ၊ လူမျိုးရေးအရ အဲလိုမျိုး ခွဲခြားဆက်ဆံတယ်ဆိုတာ လုံးဝမရှိရဘူး ဘာသာရေးအရ၊ လူမျိုးရေးအရ အဲလိုမျိုးခွဲခြားဆက်ဆံတဲ့ ဥစ္စာလည်း ကျနော်တို့မှာ လုံးဝလက်မခံဘူး အဲတော့ လူ့အခွင့်အရေးချိုးဖောက်လို့ ကိုယ့်လူကမဟုတ်မဟတ်သွားလုပ်လို့ သတင်းထိန်ချန်မယ်ဆိုတဲ့ဥစ္စာတို့လည်း ကျနော်တို့မူဝါဒထဲမှာလုံးဝမရှိဘူး တကယ်လို့ ပြည်သူလူထုတွေကို မတရားအနိုင်ကျင့်လို့ရှိရင် ဘယ်သူပဲကျူးလွန်ကျူးလွန် အဲဒီလူကို ကျနော်တို့ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မှာပဲ အဲဒါကတော့ ဒါကျနော်တို့ရဲ့ တိကျတဲ့မူဝါဒတွေဖြစ်တယ်။

မေး။    ။ ဥပမာတစ်ခုအနေနဲ့ ချင်းလွတ်တော်အမတ်ဦးဝှေ့တင်းကို အေအေက ဖမ်းဆီးတဲ့ကိစ္စတွေက လူမျိုးတစ်ခုနှင့်တစ်ခုအကြား မုန်းတီးမှုတွေဖြစ်လာဖို့ တွန်းအားပေးသလိုဖြစ်မနေဘူးလား။

ဖြေ။       ။ ဦးဝှေ့တင်းကိုဖမ်းတဲ့ဥစ္စာက သီးသန့်အမှုလို့ပြောလို့ရတယ် ဘာကြောင့်လဲဆိုလို့ရှိရင် ဦးဝှေ့တင်းရဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ဘက်က နှစ်နဲ့ချီ အချိန်ယူပြီးတော့ ကျနော်တို့ စောင့်ကြည့်ခဲ့တဲ့ဥစ္စာတွေရှိတယ်ဆိုတော့ ဦးဝှေ့တင်း ဘာလုပ်သလဲဆိုတဲ့ဥစ္စာကို ကျနော်တို့ကောင်းကောင်းသိတယ် အခုလည်း တစ်ချို့အဖွဲ့စည်းတွေဟာ အရင်တုန်းကနေပြီးတော့  ဦးဝှေ့တင်းတို့ အပြင်မှာဆောင်ရွက်ခဲ့တဲ့လမ်းကြောင်းတွေအတိုင်း သူတို့ဆက်ပြီးတော့ အကောင်ထည်ဖော်နေကြတာတွေ ကျနော်တို့တွေ့တယ် ဦးဝှေ့တင်းကို ဘာကြောင့် ထိန်းသိမ်းသလဲဆိုလို့ရှိရင် အဲလိုမျိုး ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေမဖြစ်ဖို့အတွက် သူ့ကို ကျနော်တို့ အချိန်ယူထိန်းသိမ်းတာဖြစ်တယ် သူ့ရဲ့လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ဘက်ကနေပြီးတော့ အထောက်အထား အခိုင်အလုံနဲ့ အချက်အလက်တွေ၊ သက်သေခံပစ္စည်းတွေ ကျနော်တို့ ကောင်းကောင်းသိမ်းဆီးရမိထားတာရှိတယ် အဲဒါကြောင့်မို့လို့ သူ့ကို လောလောဆယ်ပြန်လွှတ်လို့ရှိရင် ဒီပလက်ဝဒေသထဲမှာ ဘာသာရေး၊ လူမျိုးရေး ပြသာနာတွေဖြစ်နိုင်တဲ့ အနေအထားတွေ အများကြီးရှိတယ် အဲဒီဥစ္စာတွေအတွက် ကျနော်တို့ကနေပြီးတော့ ဦးဝှေ့တင်းကို ဆက်လက်ပြီးတော့ ထိန်းသိမ်းထားခဲ့တာဖြစ်တယ်။

မေး။    ။ ဒါဆိုရင် ဦးဝှေ့တင်းကို ပြန်လွှတ်ပေးဖို့အစီစဉ်မရှိဘူးဆိုတဲ့သဘောလား။

ဖြေ။       ။ ဒီဟာကတော့ အနေထားပေါ်မှာမှုတည်တယ်ဗျ ဒီအနေအထားတွေ ဘယ်လိုကောင်းလာမလဲဆိုတဲ့ဥစ္စာပေါ့ ကျနော်တို့လည်း စောင့်ကြည့်နေတာပေါ့နော် ဒါအခြေအနေပေါ်မူတည်တာပေါ့ ဘယ်တော့လွှတ်မလဲဆိုတာတော့ ကျနော်တို့ အတိအကျပြောလို့မရဘူး။

မေး။    ။ ဦးဝှေ့တင်းရဲ့ ကျန်းမာရေးအခြေအနေကကော ဘယ်လိုရှိနေလဲ။

ဖြေ။       ။ ကျန်းကျန်းမာမာရှိတယ်ဗျ အဲဒါကတော့အာမခံတယ်လို့ပြောလို့ရတယ် ဦးဝှေ့တင်းက အခုချိန်ထိ ကျန်းကျန်းမာမာပဲရှိတယ် ကျနော်တို့ သူ့ကို အကောင်းဆုံး လုံလုံခြုံခြုံနဲ့ အခုချိန်ထိ သူ့ကိုကျနော်တို့ထားထားတယ် ဒါပေမဲ့လို့ စိုးရိမ်စရာရှိတာကတော့ ခဗျားတို့ကြားတဲ့အတိုင်းပဲ ဒီမြန်မာစစ်တပ်က သူတို့လက်နက်ကြီးတွေနဲ့ တောက်လျောက်ပစ်နေတာရှိတယ်ဆိုတော့ အဲဒီမှာ လုံခြုံရေးအရပြောရမယ်ဆိုလို့ရှိရင် ဦးဝှေ့တင်းမှ မလုံခြုံတာမဟုတ်ဘူး ကျန်တဲ့ ရခိုင်ဒေသမှာရှိနေတဲ့ အခု မောင်တောကနေပြီးတော့ ဟိုဘက်ကျောက်ဖြူတို့၊ အမ်းတို့ ကြားထဲမှာ ဘယ်သူမှမလုံခြုံဘူး ဘာကြောင့်လဲဆိုတော့ မြန်မာစစ်တပ်ရဲ့လက်နက်ကြီးက ဘယ်နေရာကိုကျလာမယ်ဆိုတာကို ဘယ်သူမှ အာမခံပြောလို့မရဘူး သူတို့ပစ်ချင်နေတဲ့နေရာ ချိန်ပစ်နေတဲ့ဥစ္စာ အဲဒါကြောင့် မကျလာဘူးလို့တော့ ကျနော်တို့လည်းအာမခံဘူး။

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကွယ်ရေး အင်အားတိုးမြှင့်ဆောင်ရွက်နေဟု MRO/ CDF – မတူပီ ဆို

မင်းတပ်-ပအဖ က သစ်တောမူဝါဒ (မူကြမ်း) ကို ရေးဆွဲနေပြီး ပြည်သူများ အကြံပြုနိုင်

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တစ်လကျော်ကြာ ပြိုကျပျက်စီးနေသော ကျေးရွာချင်းဆက်လမ်းများကို PDF- Zoland ပြုပြင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.