(006SV)
ချင်းလဲန်းကောင်စီ (CC/ CG) နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC/ CB) တို့အကြား မူ၊ ရပ်တည်ချက်၊ ယုံကြည်ချက်များ တူညီပါလျက် မပေါင်းစည်းနိုင်သေးခြင်းကို ထောက်ရှုကြည့်ပါက အင်အားစု နှစ်ခုစလုံ၏ ပေါင်းစည်းလိုခြင်း စိတ်ဆန္ဒကို မေးခွန်းထုတ်စရာ ရှိနေကြောင်း BNI – Myanmar Peace Monitor က ပြောသည်။
Burma News International (BNI) က မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း ရည်ညွန်းအကိုးအကား (၂၀၂၅ – ၂၀၂၆) စာအုပ်မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့ အောက်တိုဘာလ ၁၄ ရက်မှာ အွန်လိုင်းမှတဆင့် ပြုလုပ်စဉ် ယင်းသို့ ပြောဆိုလာခြင်းဖြစ်သည်။
“အင်အားစုတွေ ကြားထဲက စိတ်ဆန္ဒပေါ့နော်။ ပေါင်းစည်းရေး စိတ်ဆန္ဒပေါ့၊၊ ကျနော်တို့က ဒီစောင့်ကြည့်လေ့လာ သူတွေအနေနဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကိုပဲ အခြေခံရတော့ ကျနော်တို့ မမြင်ရတဲ့ သူတို့နဲ့ နောက်ခံ စိတ်သဏ္ဍာန်တွေကို အကဲဖြတ်လို့ မရဘူး။ သေချာတာက ပေါင်းစည်းဖို့အတွက် ဒီနှစ်ဖက်အင်အားစုတွေ ဆန္ဒမရှိရင် ဖြစ်လာမှာ မဟုတ်ဘူး။ အဓိက က ဘုံသဘောတူညီချက်တွေ ၊ လက်မှတ်တွေ ဘယ်လောက်ပဲ ထိုးထိုး ၊ အမှန်တကယ် ပေါင်းစည်းနိုင်ရေးအတွက် လူပေါ်မူတည်ပြီး ချဉ်းကပ်တာတွေ၊ သတိပြုရမှာပေါ့နော်။ ဒါက ကျနော်တို့ အဓိက တွေ့ရှိရတဲ့ဟာပေါ့။ ဘာလို့လဲဆိုရင် မူတွေက ချင်းလဲန်းကောင်စီဘက်မှာ ကြည့်ရင်လည်း အစီအမံတွေနဲ့ သွားသလို၊ တဖက်ကလည်း ရေရှည် ချင်းပြည်အစိုးရအတွက် ပြင်ဆင်နေတဲ့ မူဝါဒပိုင်းဆိုင်ရာတွေ ၊ ချဉ်းကပ်မှုတွေ ရှိနေတော့ သဘာထားတွေ၊ သွားချင်တဲ့ ပုံစံတွေက ကွဲပြားနေတာ မဟုတ်ပဲနဲ့၊ ပေါင်းစည်းရေးမှာ ပြသနာဆိုရင် ဦးဆောင်တဲ့ သူတွေအပေါ်မှာ မေးခွန်းထုတ်ရမယ်လို ဖြစ်နေတယ်။ ဒီဟာကို အဓိက ပေါင်းစည်းဖို့ အရှိန်ကို မြှင့်လေလေ၊ ချင်းအင်အားစုတွေ ညီညွတ်ရေးက ပိုပြီး အထောက်အကူ ပြုမှာပေါ့နော်” ဟု BNI မြန်မာငြိမ်းချမ်းရေးစောင့်ကြည့်အဖွဲ့ တာဝန်ခံ ကိုနှင်းကိုက ပြောသည်။
ချင်းအင်အားစုကြီး နှစ်ခုကြားတွင် ပေါင်းစည်းနိုင်ရေးအတွက် ပိုမိုကြပ်တည်း၊ ကြန့်ကြာလာသည်နှင့်အမျှ ချင်းပြည် လွတ်မြောက်ရေးပန်းတိုင်သည်လည်း တစ်နေ့ထက် တစ်နေ့ ပိုမိုနောက်ျလာနိုင်သည်ကို ချင်းအင်အားစုများအနေဖြင့် သတိပြုသင့်ကြောင်း BNI – MPM ၏ ရည်ညွှန်းအကိုးအကားစာတမ်းမှာလည်း အသိပေးထားသည်။
လတ်တလောတွင် မူ၊ ယုံကြည်ချက်၊ အနာဂါတ်ပန်းတိုင်ပါ တူညီကြသော ချင်းအင်အားစုနှစ်စုအကြား အာဏာသိမ်း စစ်အုပ်စု၏ တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်များသည်လည်း သပ်လျိုဝင်ရောက်လာပြီဖြစ်သည်ဟု BNI – MPM က ဆိုသည်။
“တဖက်က သပ်လျှိုဝင်ရောက်လာမှုဆိုတဲ့ဟာကို ပြောရရင် အချင်းချင်း မညီညွတ်ဘူး။ ပေါင်းဖို့ ဆန္ဒမရှိတဲ့အချိန်မှာ စကားလေးတစ်ခွန်း၊ လုပ်ရပ်လေးတစ်ခုကအစ၊ နှစ်ဖက်ကြားမှာ ဟသွားနိုင်တယ်။ ကွဲသွားနိုင်တယ်ဆိုတာကို အဓိက သတိချပ်ဖို့ လိုတယ်။ ဥပမာ ဒါတွေ ရှေ့မှာ အများကြီး ကြုံခဲ့တယ်။ ဒီလို စစ်အုပ်စုရဲ့ သပ်လျှိုသွေးခွဲတဲ့ နည်းလမ်းကလည်း ကချင်မှာ ကြည့်မလား၊ ကရင်၊ တအာင်းနဲ့ ရှမ်းဒေသမှာ ကြည့်မလားပေါ့နော်။ ဒီလို လုပ်ရပ်တွေကို တွေ့ခဲ့ရတာပဲပေါ့နော်။ ဒါကြောင့် ချင်းဒေသမှာ ရှိတဲ့ အင်အားစုတွေ အချင်းချင်းကြားကို ဝင်လာတယ်။ တွေ့ဆုံဆွေးနွေးရေး စစ်အုပ်စု ကိုယ်တိုင်က ထုတ်ပြန်ချက် ထုတ်တယ်။ ချင်းဒေသက ဒီအဖွဲ့နဲ့ တွေ့ဆုံတယ်လို့ ထုတ်လိုက်တာနဲ့တင် ကျနော်တို့ ကြားထဲမှာ ဘာလဲဆိုတဲ့ ဒီအဖွဲ့နဲ့ အတူ စုဖွဲ့ထားတဲ့ အင်အားစုအပေါ်ကိုပါ သက်ရောက်မှု ရှိတယ်။ ဒါဆိုရင် လက်ရှိ ပြောင်းလဲသွားတဲ့ အဲဒီအင်အားစုရဲ့ နောက်ထပ်စုဖွဲ့တူ ပြန်ပေါ်လာရတာမျိုး သတိထားမိလိမ့်မယ်။ ဒါကြောင့် စစ်အုပ်စုရဲ့ သပ်လျို သွေးခွဲမှုတွေ မကြုံရအောင်ဆိုရင် ကိုယ့်ရဲ့ ကိုင်ထားတဲ့ မူတွေကို ခိုင်ခိုင်မာမာ၊ ဆွဲကိုင်ထားဖို့ လိုသလိုမျိုး အချင်းချင်းမူတူတဲ့ လူတွေကလည်း အချင်းချင်း စုစည်းထားဖို့ လိုတယ်။ အဲလို မဟုတ်ရင် အချိန်မရွေ့း သပ်လျှိုသွေးခွဲနိုင်တယ်” ဟု BNI မြန်မာငြိမ်းချမ်းရေးစောင့်ကြည့်အဖွဲ့ တာဝန်ခံ ကိုနှင်းကိုက ပြောသည်။
အာဏာသိမ်းစစ်အစိုးရအဖွဲ့၏ ရက် ၁၀၀ စီမံကိန်းကာလအတွင်း ချင်းပြည် နယ်၊ ဖလမ်းမြို့နယ်အခြေစိုက် ချင်းတော် လှန်ရေးတပ်ဖွဲ့ဖြစ်သည့် ချင်းအမျိုုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ (CNO/ CND) တို့နှင့် စစ်အုပ်စု တို့အကြား ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့သည်။
ယင်းသို့ တွေ့ဆုံဆွေးနွေးမှုသတင်းများ ထွက်ပေါ်လာပြီးနောက် CNO/ CNDF ခေါင်းဆောင်တချို့နှင့် စစ်တပ်၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ တွေ့ဆုံမှုသည် တရားဝင်မှု၊ ကိုယ်စားပြုမှု မရှိကြောင်း CNO က ကြေညာပြီး အဆိုပါတွေ့ဆုံမှုမှာ အဓိက တာဝန်ရှိသူ CNO/ CNDF ဥက္ကဌကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်ကျော် ရှိလာချိန်တွင် ချင်းအင်အားစုများသည် ချင်းလဲန်းကောင်စီ (CC/ CG) နှင့် ICNCC / CB ဟူ၍ အဖွဲ့ ၂ ဖွဲ့အဖြစ် ကွဲနေပြီး ၎င်းနှစ်ဖွဲ့တို့သည် အုပ်ချုပ်ရေးယန္တရားများအပါအဝင် စစ်ရေး၊ နိုင်ငံရေး ယန္တရားများအပြိုင် ထူထောင်၍ လည်ပတ်နေကာ ပေါင်းစည်းနိုင်ရေး ဝေဝါးနေဆဲဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် ချင်းတော်လှန်ရေးအင်အားစုများသည် ၎င်းတို့ သိမ်းပိုက်ထိန်းချုပ်ခဲ့သော မြို့တချို့ကို အာဏာသိမ်းစစ်တပ်ထံ လက်လွှတ်ထားရသကဲ့သို့ ချင်းတောင်ပိုင်း မြို့များကိုလည်း စစ်တပ်၏ အင်အားအလုံးအရင်းဖြင့် ထိုးစစ်မှ ခုခံတွန်းလှန်နေရကြောင်း သိရသည်။
