(004SS)
ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Hualngoram ထိန်းချုပ်ထားသော အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ ရိခေါဒါရ်မြို့ကို အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်ရန်ပြင်ဆင်မှုများရှိနေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း လက်ရှိအချိန်ထိတော့ စစ်ရေးလှုပ်ရှားမှုအရိပ် အယောင်မတွေ့ရသေးဘူးလို့ CDF-Hualngoram တာဝန်ရှိ သူကပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက တီးတိန်မြို့ပေါ်မှာအခြေစိုက်သော အာဏာသိမ်းစစ်တပ်သည် အရပ်သားပိုင် မော်တော်ယာဉ်အစီး ၅၀ ကျော်ကို ချောဆွဲကာ ရိခေါဒါရ်မြို့ဘက်သို့ ထိုးစစ်ဆင်ရန်ပြင်ဆင်နေသည် သတင်းများထွက်ပေါ်နေသည့်အခြေအနေနဲ့ပတ်သက်၍ မေးမြန်းရာမှာ CDF-Hualgoram ကာကွယ်ရေးအတွင်းရေးမှူးက ယခုကဲ့သို့ ပြောဆိုလာခြင်းဖြစ်သည်။
CDF-Hualngoram Defense Secretary က “ မြေပြင်မှာ အဲလိုမျိုးတကယ်မရှိဘူး။ တစ်ချို့လော်ဘီတွေ ရေးတာပါ။ ပြည်သူတွေ ဂဏာမငြိမ်ဖြစ်အောင် တမင်လုပ်တာ။ ကျွန်တော်တို့ လိုက်မေးကြည့်ပြီးပြီ။ လက်ရှိမှာ စစ်ရေးအခြေအနေလဲ ဘာမှမရှိဘူး။ ပုံမှန်သွားလာနေကြတယ်။ ဒီလိုသတင်းတွေကြောင့် ပြည်သူတစ်ချို့ ကျတော့ ကြောက်ပြီး စစ်ဘေးရှောင် သွားကြတဲ့သူတွေလဲ ရှိတယ်။ ကျွန်တော်ပြောချင်တာက ဒီလိုအခြေအမြစ်မရှိတဲ့ သတင်းကို ပြည်သူတွေ မယုံကြဖို့။ အခု ဒီရိဒ်ဘက်ပဲကျန်တာဆိုတော့ တစ်ချို့လော်ဘီတွေက သတင်းမှားဖြန့်တာပါ” ဟု ပြောသည်။
အဆိုပါအခြေအနေနှင့်ပတ်သက်၍ ခိုနူမ်းသုန်သတင်းဌာက တီးတိန်- ရိအကြား ယာဉ်မောင်းတချို့ကိုမေးမြန်းကြည့်ရာ တွင်လည်း ထိုကဲ့သို့သတင်းမျိုးမကြားမိကြောင်း ပုံမှန်သွားလာနေကြကြောင်း ပြောဆိုသည်။
“ကျွန်တော် အဲဒါမျိုးမကြားမိဘူးနော်။ အခုလက်ရှိကျွန်တော် တီးတိန်- ရိဒ်ကြားမှာပဲ ကျွန်တော်တို့ပုံမှန်သွားလာနေကြ တာပဲ။” ဟု ၎င်းက ပြောသည်။
တီးတိန်မြို့ဒေသခံတစ်ဦးကလည်း ရိခေါဒါရ်ဘက်ကို ကားတွေချောဆွဲခံရတာမကြားမိကြောင်း သို့သော်လည်း စစ်တပ်က သူတို့သွားလိုသည့်နေရာများသို့ ကားချောဆွဲလေ့ရှိသည်ဟု ပြောသည်။
“ ရိဒ်ဘက်တော့ မကြားမိဘူး။ ပြီးခဲ့တဲ့တစ်ပါတ်ကတော့ ကျွန်တော့်ကား တွန်းဇံဘက် ချောဆွဲခံရတယ်။ နောက် ၁၂ ဘီးကားတစ်စီးကျတော့ ကလေးမြို့ဘက် ချောဆွဲတာခံရတာတော့ရှိတယ်။” ဟု တီးတိန်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
မော်ယာဉ်များ ချောဆွဲခံရသည့် ဖြစ်စဉ်များတွင် စစ်တပ်၏ ချောဆွဲမှုမှာအများဆုံးဖြစ်သော်လည်း တော်လှန်ရေးတပ်ဖွဲ့ အချို့၏ ချောဆွဲမှုများပါ တစ်ခါတစ်ရံ ကြုံတွေ့နေရကြောင်း ၎င်းကပြောသည်။
တီးတိန်မြို့ခံ အမျိုးသမီးတစ်ဦးက “အခုတလော ငါတို့ တီးတိန်ဘက်မှာဆိုရင် ကုန်ကားတွေကို ခဏခဏရှာရလွန်းလို့ ရပ်ကွက်ထဲမှာဆို နွားနောက်သွားရှာမယ်လို့တောင် ပြောနေကြတယ်။ ကျွန်မတို့အမျိုးတစ်ယောက်ဆို သူ့ကားမကြာ ခဏချောဆွဲခံရတယ်။ ဟိုဘက်မေးလိုက် ဒီဘက်မေးလိုက်နဲ့။ ပင်ပန်းလိုက်တာ ” ဟု ပြောဆိုသည်။
ချင်းပြည်နယ်က ကုန်ကားမောင်းသူများမှာ ကားချောဆွဲခံရသည့်အပြင် စစ်ဆေးရေးဂိတ်များတွင် ငွေကြေးမတန်တဆ တောင်းခံမှုများပါ ရင်ဆိုင်နေရကြောင်း သိရသည်။
ကလေး-တီးတိန်-ရိဒ် ကားလမ်းပေါ်က စစ်တပ်ဂိတ်များတွင် ကုန်ကားကြီးတစ်စီးလျှင် ငွေကျပ် သိန်း ၃၀ အထိ အဆမတန် ငွေညှစ်တောင်းခံနေမှုများရှိနေကြောင်း သိရသည်။
တီးတိန်မြို့ခံ အမျိုးသမီးက “ဒီလောက်တောင်းရင် အဆင်မပြေဘူးလို့ ကားသမားတွေ ပြောရင် စစ်သားတွေက မတန်ရင် တန်အောင်တင်ပေါ့တဲ့။ စစ်သားတွေက ဘာတင်တင်ကိစ္စမရှိဘူး ငါတို့တောင်းသလောက်ပေးရင် တန်အောင်တင် ရပြီ အဲလိုပုံစံ ချိုးနေတာ။” ဟု ပြောပြသည်။
စစ်တပ်စစ်ဆေးရေးဂိတ်အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင် စစ်ဆေးရေးဂိတ်များတွင်လည်း ဂိတ်ကြေးကောက်ခံမှုများရှိသည်။
အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်သည့် ရိဒ်ခေါဒါရ်မြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်တွင် ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ် သိမ်းပိုက်ခဲ့ပြီး လက်ရှိတွင် ချင်းပြည်ကောင်စီနှင့် HPO/CDF-Hualngoram တို့က အုပ်ချုပ်ရေးယန္တရားများ ဖော်ဆောင်လျက်ရှိသည်။

