(006SV)
အာဏာသိမ်း စစ်ကော်မရှင်၏ အပိုင်း ၁ ရွေးကောက်ပွဲတွင် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) အရ ချင်းပြည်နယ်၊ ဟားခါးနှင့် တီးတိန်မြို့နယ်ရှိ မဲဆန္ဒနယ်များအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ၄ နေရာနှင့် ဇိုမီးအမျိုးသားပါတီ (ZNP) က ၂ နေရာ အနိုင်ရရှိသည်ဟု သိရသည်။
ဒီဇင်ဘာလ ၂၈ ရက်က ကျင်းပသော ရွေးကောက်ပွဲ အပိုင်း ၁ တွင် စစ်တပ်ပါတီအဖြစ် လူသိများသော ကြံ့ခိုင်ရေးပါတီက ဟားခါးမြို့နယ် မဲဆန္ဒနယ်မှာ FPTP စနစ်အရ လွှတ်တော် ၃ ရပ်လုံးတွင် အနိုင်ရရှိသည်ဟု သိရသည်။
“ဟားခါးမှာ ကြံ့ခိုင်ရေးပါတီ နိုင်သွားတယ်ဆိုတာက ကျနော်အမြင်က သူတို့ စခဲ့တဲ့ ဇာတ်လမ်းကို သူတို့ အဆုံးသတ်ခိုင်းတဲ့ သဘောပေါ့နော်။ ဆိုကြပါစို့၊၊ သူတို့ ထုံးထားတဲ့ ကြိုးထုံးကြီးကို ပြန်ဖြေခိုင်းတဲ့ သဘောလို့ပဲ မြင်ပါတယ်။ ဇိုမီးပါတီကတော့ နောက်ကနေ သံယောင်လိုက်ပြီး ကြိုးထုံးလေးတွေ လိုက်စွဲမယ့် သဘောလို့ပဲ မြင်ပါတယ်။ လက်ရှိအနေအထားကတော့ ပါလီမန်ဒီမိုကရေစီခေတ်က ရောင်စုံသူပုန်တွေ ရှိခဲ့တဲ့ အနေအထားအရ ရွေးကောက်ပွဲ ကျင်းပလို့ ရတဲ့နေရာကို ကျင်းပခဲ့ကြတာကိုး။ အဲဒီက မဲပေးတဲ့ အနေအထားနဲ့ အလားတူနေတယ်။ မဲထွက်ပေးတဲ့ လူတွေကလည်း ဘယ်လိုပဲ ဖြစ်ဖြစ် အရွေ့တစ်ခုကိုတော့ သွားချင်တယ်ဆိုတဲ့ အနေအထားအမျိုးအရ အကျပ်အတည်းကြားထဲကနေ မဲထွက်ပေးရတယ်လို့ မြင်ပါတယ်” ဟု ဖက်ဒရယ်ဒီမိုကရေစီအရေး လေ့လာသုံးသပ်သူ ကိုရှိန်းထွန်းက ပြောသည်။
ဟားခါးမဲဆန္ဒနယ်မှ ပြည်သူ့လွတ်တော်အတွက် ခူမီးအမျိုးသားပါတီမှ ဦးကံလင်းက ၃၂၁ မဲ၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီမှ ဦးရိုဘင်က ၅၉၅ မဲ၊ ကြံ့ခိုင်ရေးပါတီက ၂၀၀၆ မဲဖြင့် ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိကြောင်း သိရသည်။
အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၆ အတွက် ပြည်သူ့ရှေ့ဆောင်ပါတီမှ ဦးမျိုးသူရလင်းက ၃၈၁ မဲ၊ ကြံ့ခိုင်ရေးပါတီမှ ဦးထလာထန်းမှ ၁၁၃၆ မဲဖြင့် ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိကြောင်း သိရသည်။
ချင်းပြည်နယ်လွှတ်တော်အတွက်မူ ချင်းပြည်သစ်ကွန်ဂရက်ပါတီမှ ဦးလျန်ကျဲအိုက ၇၆၇ မဲ၊ ကြံခိုင်ရေးပါတီမှ ဒေါက်တာဝုန်ဆွန်းထန်က ၂၀၆၉ မဲတို့ ရရှိပြီး ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိသည်ဟု သိရသည်။
တီးတိန်မြို့နယ်တွင် တီးတိန်မြို့နှင့် ခိုင်ကမ်မြို့တို့မှာ မဲရုံများ ဖွင့်လှစ်နိုင်ခဲ့ပြီး စစ်ကော်မရှင်၏ အပိုင်း၁ ရွေးကောက်ပွဲမှာ ဇိုမီးအမျိုးသားပါတီက ၂ နေရာနှင့် ကြံ့ခိုင်ရေးပါတီက ၁ နေရာ အနိုင်ရရှိသည်ဟု သိရသည်။
တီးတိန်မဲဆန္ဒနယ်မှ ပြည်သူ့လွတ်တော်အတွက် ကြံ့ခိုင်ရေးပါတီမှ ဦးဆလိုင်းအောင်ပြည့်က ၁၈၀၇ မဲ၊ ဇိုမီးပါတီက ဦးဒဲရစ်ကမ်းဇအာလ်က ၁၅၆၅ မဲ၊ ချင်းပြည်သစ် ကွန်ဂရစ်ပါတီက ဦးဇင်ရှင်းပြောင်က ၅၈၈ မဲ ရရှိပြီး ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိသည်ဟု သိရသည်။
တီးတိန်မှ အမျိုးသားလွှတ်တော်အတွက် ဇိုမီးအမျိုးသားပါတီမှ ဦးပေါင်လွန်မင်ထန်က ၁၇၇၉ မဲ၊ ကြံ့ခိုင်ရေးပါတီက ဦးလျန်ဇခုပ်က ၁၇၅၂ မဲ၊ ချင်းပြည်သစ် ကွန်ဂရက် ပါတီမှ ဦးကိုင်ခန့်မန် က ၃၉၅ မဲ၊ ပြည်သူ့ ရှေ့ဆောင်ပါတီက ဦးအာကာ က ၃၉ မဲ ရရှိပြီး ဇိုမီးအမျိုးသားပါတီက အနိုင်ရရှိကြောင်း သိရသည်။
ပြည်နယ်လွှတ်တော်အတွက်မူ ဇိုမီး အမျိုးသားပါတီမှ ဦးပေါင်ဇလန်က ၁၉၀၄ မဲ၊ ကြံ့ခိုင်ရေးပါတီက ဒေါက်တာ ကောင်းထက်ခိုင် ၁၇၅၉ မဲ၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီက ဒေါ်ဝုန်သွယ်ကိမ် ၃၀၇ မဲရရှိပြီး ဇိုမီးအမျိုးသားပါတီက အနိုင်ရရှိသည်ဟု သိရသည်။
ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းဖြင့် ကျင်းပရန် ပြင်ဆင်ထားသော စစ်ကော်မရှင်သည် ရွေးကောက်ပွဲ ပထမပိုင်းဖြင့် အစိုးရဖွဲ့နိုင်ရေးကို ပြင်ဆင်လုပ်ဆောင်ခဲ့သည်ဟု ဖက်ဒရယ်အရေး လေ့လာသုံးသပ်သူ ကိုရှိန်းထွန်းက ပြောသည်။
“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရက ပြည်သူ့လွှတ်တော်ကို ပထမပိုင်းမှာ အဓိက တည်းကစားတာ ဖြစ်တဲ့အတွက် လွတ်လွတ်လပ်လပ်နဲ့ ပြည်ထောင်စုအစိုးရကို ပထမပိုင်းနဲ့တင် ဖွဲ့ပါလိမ့်မယ်။ တတိယအပိုင်းက ရှိချင်မှလည်း ရှိ၊ မရှိတော့မှာလည်း ဖြစ်နိုင်တယ်။ ကြားဖြတ်ရွေးကောက်ပွဲတော့ ရှိလာနိုင်တယ်။ ပထမအပိုင်းနဲ့တင် ၂၀၀၈ အခြေခံဥပဒေအရ လွတ်လွတ်လပ်လပ်အစိုးရ ဖွဲ့နိုင်ပါလိမ့်မယ်” ဟု ကိုရှိန်းထွန်းက ပြောသည်။
စစ်ကော်မရှင်က ကျင်းပပေးနေသော ရွေးကောက်ပွဲများသည် မဲအများဆုံးရသူအနိုင်ယူစနစ်နှင့် အချိုးကျကိုယ်စားပြုမှုစနစ်တို့ကို ပေါင်းစပ်ထားသောကြောင့် ဟားခါးနှင့် တီးတိန်မြို့နယ်တို့မှ မဲရရှိသော အရေအတွက်ပေါ် မူတည်၍ ပါတီများသည် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရရှိမည်ဖြစ်သည်။
ချင်းပြည်နယ်ရှိ ဟားခါးနှင့် တီးတိန်မြို့နယ် မဲဆန္ဒနယ်များတွင် ကြံ့ခိုင်ရေးပါတီ၊ ဇိုမီးအမျိုးသားပါတီ၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီတို့မှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ချင်းပြည်နယ်တွင် စစ်ကော်မရှင်သည် ရွေးကောက်ပွဲ အပိုင်း ၁ ကိုသာ ကျင်းပနိုင်ပြီး ရွေးကောက်ပွဲ အပိုင်း ၂ နှင့် အပိုင်း ၃ တို့တွင် ချင်းပြည်နယ်က ကျန်မြို့နယ်များတွင် ကျင်းပနိုင်ခြင်း မရှိကြောင်း စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

