(006SV)
လက်နက်ကိုင်တောင်းဆိုမှုများအပေါ် လိုက်လျောဖြေရှင်းပေးသွားမည်မဟုတ်ဘဲ နိုင်ငံရေးစားပွဲဝိုင်းတွင် ငြိမ်းချမ်းစွာ ဖြေရှင်းနည်းဖြင့်သာ ပဋိပက္ခများကို ပြေလည်စေမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ယနေ့ အောက်တိုဘာလ ၁၅ ရက်မှာကျရောက်သော တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ၉ နှစ်ပြည့် နှစ်ပတ်လည်ကို ပေးပို့သော ရုပ်သံမိန့်ခွန်းတွင် အာဏာသိမ်းခေါင်းဆောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
“လက်နက်ကိုင်နည်းနဲ့ မိမိတို့လိုလာချက်ကို တောင်းဆိုလို့မရဘဲ နိုင်ငံရေးစားပွဲဝိုင်းကို ရောက်လာပြီး ငြိမ်းချမ်းစွာ ဖြေရှင်းနည်းနဲ့သာ ပဋိပက္ခတွေကို ပြေလည်စေမှာဖြစ်ပါတယ်။ ကျနော်အနေနဲ့ လက်နက်ကိုင်တောင်းဆိုမှုတွေအပေါ် လိုက်လျောဖြေရှင်းပေးသွားမှာ မဟုတ်ဘူးဆိုတာ ပြောကြားလိုပါတယ်” ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။
NCA ကနေတစ်ဆင့် လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပပျောက်သွားအောင် အရောက်သွားနိုင်မှာဖြစ်ကြောင်း၊ ယနေ့အချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အာဏာသိမ်းစစ်တပ်က ဆောင်ရွက်နေသည့် လုပ်ငန်းများတွင် ဝိုင်းဝန်းပူးပေါင်းပြီး မိမိတို့၏ လိုလာချက်များကို တွေ့ဆုံဆွေးနွေးမှုများမှ ညှိနှိုင်းကြဖို့၊ တောင်းဆိုကြဖို့ တိုက်တွန်းပြောကြားလိုကြောင်း စစ်ခေါင်းဆောင်က ပြောသည်။
သန်းခေါင်စာရင်းကောက်ယူပြီး ဖြစ်ပေါ်လာမည့် ရွေးကောက်ပွဲဆိုင်ရာ အကြိုလုပ်ငန်းများတွင် EAO များ၊ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးကပါ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် စစ်ခေါင်းဆောင်က တိုက်တွန်းထားသည်။
NCA ကို စစ်ဗိုလ်ချုပ်ဟောင်း သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) စသည့် ၈ ဖွဲ့က လက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့နောက် NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်တွင် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) နဲ့ မွန်ပြည်သစ်ပါတီ (NMSP) တို့က ထပ်မံလက်မှတ်ရေးထိုးခဲ့သည်။
သို့သော်လည်း ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပွာပြီးနောက် KNU၊ CNF အပါအဝင် NCA စာချုပ်လက်မှတ်ထိုးထားသည့် အဖွဲ့တချို့က NCA ပျက်ပြယ်သွားပြီးဖြစ်ကြောင်း ပြောကြားထားသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေးဆွေးနွေးရန် ၂ ကြိမ် ဖိတ်ခေါ်ထားသော်လည်း စစ်ကောင်စီကို ယုံကြည်မှုမရှိသောကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အကောင်အထည်ပေါ်လာမှု မရှိခဲ့ပေ။