(006SV)
ချင်းပြည်နှင့် စစ်ကိုင်းတိုင်းက စစ်ကောင်စီ၏ စခန်းသိမ်းတိုက်ပွဲများတွင် လက်လုပ်ဗုံးနှင့် လက်နက်ကြီးများ ရာချီ အသုံးပြုတိုက်ခိုက်ခဲ့သည့် ချင်းတော်လှန်ရေးတပ်ဖွဲ့ CNDF မဟာဗျူဟာပရောဂျက်အဖွဲ့မှာ နည်းပညာနှင့် ဘဏ္ဍာငွေထောက်ပံ့မှုများ လိုအပ်နေကြောင်း အဖွဲ့ခေါင်းဆောင် ကိုဒီဒီက ပြောသည်။
“မတော်တဆမူတွေ နည်းပါးအောင် ယမ်းချက်တာပဲ ဖြစ်ဖြစ်၊ ဗုံးသီးစမ်းတာပဲ ဖြစ်ဖြစ်၊ အကာအကွယ်အတွက် လိုအပ်မယ့် ကျည်ကာတွေ ရှိမယ်။ နည်းပညာတွေ ရှိမယ်။ စက်ပစ္စည်းကောင်းကောင်းလေးတွေ ဝယ်ဖို့အတွက် ဘတ်ဂျက်တွေ လိုအပ်တယ်။ ပစ္စည်းလေးတွေ ဝယ်နိုင်မယ်။ ထုတ်လုပ်ချင်တာကို ကောင်းကောင်းလေး ထုတ်လုပ်နိုင်မယ်ဆိုရင် စမ်းသပ်တဲ့အခါမှာလည်း လုံလုံခြုံခြုံနဲ့ စမ်းသပ်ရအောင် ကူညီထောက်ပံ့မှုတွေ လိုတယ်” လို့ CNDF ၊ မဟာဗျူဟာပရောဂျက်အဖွဲ့ ခေါင်းဆောင် ကိုဒီဒီက ပြောသည်။
CNDF ၊ မဟာဗျူဟာပရောဂျက်အဖွဲ့သည် လက်နက်ကြီး ၄၀ မမ၊ ၆၀ မမ၊ ၇၀ မမ များအပါအဝင် အီနာဂါဒရုန်းဗုံးနှင့် ဗုံးအမျိုး မျိုးတို့ကို ထုတ်လုပ်ထားပြီး ရှေ့တန်း စစ်စခန်းသိမ်းတိုက်ပွဲများတွင် အောင်မြင်စွာ အသုံးပြုထားကြောင်း သိရသည်။
ယခင်က လက်လုပ်ဗုံးနှင့် လက်နက်ကြီးများကိုသာ ထုတ်လုပ်နိုင်သော်လည်း လက်ရှိတွင် နည်းပညာပိုင်းများပါ ပိုမိုထည့်သွင်းပေါင်းစပ်၍ ထုတ်လုပ်လာနိုင်ကြောင်း အဖွဲ့ခေါင်းဆောင်က ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာလက ဖလမ်းမြို့နယ်၊ ခလရ ၂၆၉ လက်အောက်ခံ သီးဘွာလ်စခန်းသိမ်းတိုက်ပွဲတွင် မဟာဗျူဟာပရောဂျက်အဖွဲ့၏ ဒရုန်းဗုံးသီး ၃၀၀ ခန့် စတင်သုံးစွဲ အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ထိုအပြင် ဗားရ်စခန်းသိမ်းတိုက်ပွဲတွင်လည်း လက်နက်ကြီးဗုံးအလုံး ၅၀ ခန့် အသုံးပြုခဲ့ရပြီး စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲက ရန်ကြီးအောင် စခန်းသိမ်းတိုက်ပွဲတွင်လည်း လက်လုပ်ဗုံး ၆၀ မမ၊ ၇၀ မမ များကို ရက် ၂၀ ခန့်မှာ နေ့ရောညပါ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ မဟာဗျူဟာပရောဂျက်အဖွဲ့၏ ထုတ်လုပ်မှုများကို ရှေ့တန်း စခန်းသိမ်းတိုက်ပွဲများတွင် လက်တွေ့အသုံးပြုမူ အဆင်ပြေကြောင်း အဖွဲ့ခေါင်းဆောင် ကိုဒီဒီက ပြောသည်။
လက်ရှိမှာ စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲများတွင် လုံလုံလောက်လောက် အသုံးပြုနိုင်ရန် ထုတ်လုပ်နေဆဲဖြစ်ပြီး ပြည်တွင်း/ပြည်ပမှ ပြည်သူများအနေဖြင့် ကူညီပံ့ပိုးပေးရန် လိုအပ်နေသည်ဟု သိရသည်။