ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၇၀၀ ဦး ကျဆုံးပြီး ရဲဘော်များ ကျဆုံးမှု မြင့်မားနေဟု ဆို
(006SV)
တော်လှန်ရေး ၅ နှစ်ခွဲကျော်ကာလအတွင်း ချင်းပြည်နယ်မှာ ပဋိပက္ခနှင့် ဆက်နွယ်၍ ချင်းပြည်သူ သေဆုံးသူ ၁၃၀၀ ကျော် ရှိပြီး ၎င်းတို့ထဲမှ ၇၀၀ ဦးသည် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု ချင်းရေးရာအဖွဲ့ (ICA) ထံမှ သိရသည်။
စစ်အာဏာသိမ်းမှု ဖြစ်ပွားချိန် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၆ ဩဂုတ်လ ၃၁ ရက်အထိ အာဏာသိမ်းစစ်တပ်၏ ပုံစံမျိုးစုံဖြင့် သတ်ဖြတ်မှုကြောင့် ချင်းပြည်နယ်တွင် ချင်းအရပ်သားပြည်သူ ၆၄၄ ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့များမှ ၇၀၀ ဦး၊ စုစုပေါင်း ၁၃၄၄ ဦး သေဆုံးသည်ဟု သိရသည်။
ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ သေဆုံးမှုသည် အလွန်မြင့်မားနေသည်ဟု ယနေ့ စက်တင်ဘာလ ၁၆ ရက် ထုတ်ပြန်သော ချင်းရေးရာအဖွဲ့ (ICA) ၏ အစီရင်ခံစာမှာ အသိပေးသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် တိုက်ပွဲအတွင်း သေဆုံးသူ ၄၅၈ ဦးဖြင့် အများဆုံးရှိနေပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် ၁၇၆ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၂၉ ဦး၊ အလောင်းပြန်လည် ရယူနိုင်ခြင်း မရှိသော အခြေအနေမှာ သေဆုံးသူ ၁၄ ဦး၊ ဆေးဝါး မရရှိမှု ကြောင့် ၁၂ ဦးနှင့် မီးရှို့သတ်ဖြတ်ခံမှုကြောင့် ၁၁ ဦးအထိ ရှိသည်ဟု ICA ထံမှ သိရသည်။
အရပ်သားပြည်သူ သေဆုံးမှုတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ၃၀၆ ဦးအထိ ရှိပြီး သေဆုံးမှု၏ ၄၇ ရာခိုင်နှုန်းအထိ ရှိနေ ကြောင်း၊ မြေမြှုပ်မိုင်းကြောင့် ၅၈ ဦး၊ ဖမ်းဆီးခံရပြီး အဓမ္မပြုကျင့်မှုနှင့် သတ်ဖြတ်ခံရသူ ၄၀ ဦး၊ အရပ်သားပြည်သူများမှ အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၁၇၈ ဦး၊ ဆေးဝါးပြတ်လပ်မှုကြောင့် ၁၇ ဦးနှင့် အခြားအကြောင်းများကြောင့် သေဆုံးသူ ၄၅ ဦးတို့ ဖြစ်ကြောင်း သိရသည်။
ချင်းအရပ်သားပြည်သူနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ အဓိက အများဆုံး သေဆုံးရခြင်းမှာ စစ်တပ်၏ လေကြောင်းတိုက် ခိုက်မှုကြောင့်ဖြစ်ပြီး သေဆုံးသူ ၄၈၂ ဦးအထိ ရှိခဲ့ကြောင်း၊ ယင်းတို့အနက် ၃၀၆ ဦးမှာ ချင်းအရပ်သားပြည်သူများ ဖြစ်သည်ဟု သိရသည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်သူ ၁၂၂၆ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး လူနေအိမ် အဆောက်အဦး ပျက်စီးမှု ၂၃၂၁ လုံး၊ အစိုးရအဆောက်အဦး ၁၀၈ လုံးကျော်နှင့် ဘာသာရေးအဆောက်အဦး ၇၇ လုံးကျော် ပျက်စီးရသည်ဟု သိရသည်။
စစ်တပ်ကြောင့် ချင်းပြည်နယ်မှ ပြည်သူများ သေဆုံးမှုတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း သေဆုံးသူ ၅၇၅ ဦးဖြင့် အများဆုံး ဖြစ်ပြီး အသက် ၁၀ နှစ်အောက် ကလေးငယ် ၄၅ ဦး၊ အသက် ၁၁ နှစ်မှ ၁၇ နှစ်အတွင်း လူငယ် ၅၆ ဦးတို့မှာလည်း စစ်တပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးရသည်ဟု သိရသည်။
ချင်းအရပ်သားပြည်သူများသည် စစ်တပ်၏ ဖမ်းဆီးခံရပြီး အဓမ္မပြုကျင့်မှုနှင့် သတ်ဖြတ်ခံရသူ ၄၀ ဦးအထိ ရှိနေခြင်းမှာ ပဋိပက္ခအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြီးမားစွာ ဖြစ်ပွားနေသည်ကို သက်သေပြနေကြောင်း ICA က ထုတ်ပြန်သည်။
လက်ရှိပဋိပက္ခကာလအတွင်း ဘာသာရေးခေါင်းဆောင် နှင့် သင်းအုပ်ဆရာ ၁၇ ဦးတို့လည်း သေဆုံးခဲ့ရသည်ဟု သိရသည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုသည် ချင်းပြည်နယ်တွင် ချင်းပြည်သူများ သေဆုံးရမှု၏ အဓိက အကြောင်းရင်း တစ်ရပ်ဖြစ်ပြီး၊ တိုက်ပွဲများ၊ မြေမြှုပ်မိုင်းများ၊ ဖမ်းဆီးသတ်ဖြတ်မှုများနှင့် ဆေးဝါးမရရှိမှုတို့ကြောင့်လည်း သေဆုံးမှုများ ဖြစ်ပွားနေသည်ဟု သိရသည်။
ချင်းပြည်နယ်တွင် အရပ်သားပြည်သူများကို ကာကွယ်စောင့်ရှောက်ရေး၊ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ အတား အဆီးမရှိ ရောက်ရှိနိုင်ရေးနှင့် ပဋိပက္ခအတွင်း ဖြစ်ပေါ်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို လွတ်လပ်၍ ယုံကြည်စိတ်ချရစွာ စုံစမ်းစစ်ဆေးနိုင်ရေးတို့သည်လည်း အရေးတကြီး လိုအပ်နေသည်ဟု ICA ထံမှ သိရသည်။

