Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“လက်ရှိရှိနေတဲ့ ဆရာ၊ ဆရာမတွေနဲ့ အတိုင်းအတာတစ်ခုအထိ ကျွန်တော်တို့ သွားလို့ရပေမဲ့ ခက်ခဲတာက ဆရာ၊ ဆရာမတွေကို ထောက်ပံ့ ကြေးမပေးနိုင်တာက ကျွန်တော်တို့အတွက် အကြီးမားဆုံးစိန်ခေါ်မှုကြီးဖြစ်ပါတယ်”

“လက်ရှိရှိနေတဲ့ ဆရာ၊ ဆရာမတွေနဲ့ အတိုင်းအတာတစ်ခုအထိ ကျွန်တော်တို့ သွားလို့ရပေမဲ့ ခက်ခဲတာက ဆရာ၊ ဆရာမတွေကို ထောက်ပံ့ ကြေးမပေးနိုင်တာက ကျွန်တော်တို့အတွက် အကြီးမားဆုံးစိန်ခေါ်မှုကြီးဖြစ်ပါတယ်”

0
By Editor on November 28, 2024 Featured

(004SS)

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ပလက်ဝမြို့နယ်ပညာရေးဘုတ်အဖွဲ့၏ ဦးဆောင်မှုဖြင့် ကြားကာလ ပြည်သူ့အခြေပြုကျောင်းများကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ကြပြီး ယခုလျှင် ၂ နှစ်ကျော်ရှိလာပြီဖြစ်သည်။

ယခုလက်ရှိတွင် ပလက်ဝမြို့နယ်ထဲက ပလက်ဝကောင်စီထိန်းချုပ်နယ်မြေတချို့နှင့် အိန္ဒိယ-မြန်မာနယ်စပ် စစ်ဘေးရှောင် စခန်းများတွင် ကျောင်းပေါင်း ၁၀၀ ကျော်ဖွင့်လှစ်နိုင်ပြီး ကျောင်းသူကျောင်းသား ၇၀၀၀ ကျော်က ပညာသင်ကြားလျှက်ရှိသည်။

ပလက်ဝမြို့နယ်သည် အာရက္ခတပ်တော် AA သိမ်းပိုက်အုပ်ချုပ်နေသည့်အတွက် ကြားကာလပညာရေးဖော်ဆောင်သည့် နေရာတွင် အခက်အခဲများကြုံနေကြသည့်အပြင် ကျောင်းဆရာ/ဆရာမမလုံလောက်မှု၊ ကျောင်းသင်ထောက်ကူပစ္စည်း လိုအပ်ချက်များနှင့် ဆရာ/ဆရာမများအား လစဉ်ကြေးထောက်ပံ့ရန် အခက်အခဲများစွာရင်ဆိုင်ကြုံတွေ့နေကြရသည်ဟု သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပလက်ဝမြို့နယ်ပညာရေးဘုတ်အဖွဲ့ ဥက္ကဌ John Bosco ကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။

မေး။ ပထမဆုံးအနေနဲ့ ပလက်ဝမြို့နယ်ပညာရေးဘုတ်အဖွဲ့ကို ဘယ်တုန်းကဖွဲ့စည်းခဲ့ကြလဲ။ ဘယ်လိုပုံစံနဲ့ဖွဲ့ခဲ့ကြလဲ၊ အရင်ရှင်းပြလို့ရမလား?

ဖြေ။ ကျွန်တော်တို့ NUG အစိုးရဘက်ကနေပြီးတော့မှ လမ်းညွှန်မှုရှိတယ်ပေါ့၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့ဖွဲ့ပြီးတော့မှ မြို့နယ်မှာရှိတဲ့ ကြားကာလပြည်သူ့ကျောင်းတွေ ဖွင့်ဖို့အတွက်ကို အဆင်ပြေအောင် ဦးစီးဦးဆောင်လုပ်ပေးဖို့ဆိုပြီးမှ ကျွန်တော်တို့ ပလက်ဝမြို့နယ်ပညာရေးဘုတ်အဖွဲ့ကို ၂၀၂၂ ခုနှစ် ဧပြီလမှာ ဖွဲ့စည်းခဲ့ကြပါတယ်။ အဲတုန်းက Paletwa Autonomous District Council ပေါ့ အခုကတော့ Paletwa Council ပေါ့ အဲဒီက လူကြီးတွေနဲ့ ဆွေးနွေးပြီးမှ မြို့နယ်မှာ ဘယ်သူတွေ ပါဖို့သင့်တော်မလဲ ဆိုပြီးတော့ သူတို့ဘက်က Guidelines ပေးတယ်၊ CDM လုပ်တဲ့ ဆရာ၊ ဆရာမတွေ၊ တက္ကသိုလ်ကျောင်းသားတွေ၊ ရပ်မိရပ်ဖတွေ၊ တော်လှန်ရေးကို အားပေးတဲ့သူတွေစုပေါင်းပြီးမှ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

မေး။ အခု လက်ရှိ ပလက်ဝမြို့နယ်ပညာရေးဘုတ်အဖွဲ့ရဲ့ ဆောင်ရွက်နေတဲ့အခြေအနေလေးရှင်းပြလို့ရမလား?

ဖြေ။ ကျွန်တော်တို့က ပလက်ဝမြို့နယ်၊ ပလက်ဝကောင်စီရဲ့ အုပ်ချုပ်ရေးထိန်းချုပ်နယ်မြေအတွင်းမှာ ပြည်သူ့ကျောင်း တွေ ဖွင့်ပေးဖို့ ကျွန်တော်တို့က NUG အစိုးရပညာရေးဝန်ကြီးဌာနကနေဖြစ်ဖြစ်၊ ချင်းပြည်အစိုးရအဖွဲ့အစည်းကနေဖြစ်ဖြစ်ပေါ့ ကျွန်တော်တို့ ချိတ်ဆက်ပေးပြီးတော့မှ ပြည်သူ့ကျောင်းတွေဖွင့်ပေးခဲ့တယ်ပေါ့။ အဲလိုဖွင့်ပေးတဲ့အခါမှာ အဓိကတော့ သူတို့ရဲ့ အတတ်ပညာ အာမခံချက်ပေးနိုင်တဲ့ လမ်းညွန်မှုပေးတာပေါ့။ ပြီးရင် ပြည်သူလူထုကနေ ကမကဌပြုပြီးမှ ကျောင်းအတွက် လိုအပ်တဲ့ အရာတွေ၊ ဆရာ၊ ဆရာမတွေရဲ့ ထောက်ပံ့ကြေးကအစ သင်ထောက်ကူပစ္စည်းကအစ မိဘတွေက ပူးပေါင်းပြီးတော့ သူတို့ဖွင့်ချင်တဲ့ ရွာတွေမှာ ဖွင့်နိုင်အောင် ကျွန်တော်တို့ဘက်ကနေ ကူညီဆောင်ရွက်ပေးနိုင်တယ်ပေါ့နော်။

မေး။ စစ်အာဏာသိမ်းမှုဖြစ်ပွားတဲ့နောက်မှာ ပလက်ဝမြို့နယ်ပညာရေးဘုတ်အဖွဲ့အနေနဲ့ ပလက်ဝမြို့နယ်ထဲက ကြားကာ လပညာရေးဖော်ဆောင်မှုအခြေအနေလည်းသိချင်ပါတယ်။

ဖြေ။ အာဏာမသိမ်းခင် တစ်မြို့နယ်လုံးရဲ့ကျောင်းပေါင်းက ၃၈၀ ကျော် ၄၀၀ ဝန်းကျင်ရှိတယ်ပေါ့။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းကျတော့ စစ်ကောင်စီကျောင်းမှာ မတက်ချင်တဲ့ ကလေးတွေ အများကြီးရှိတယ်၊ ပြီးတော့ စစ်ဘေးရှောင်တဲ့ ကလေးတွေ အများကြီးရှိတယ်။ CDF – Paletwa လှုပ်ရှားနယ်မြေအတွင်းမှာ ရှိတဲ့ ကလေးတွေလဲ အများကြီးရှိတဲ့ အခါကျ‌တော့ သူတို့အတွက်ကို ဒီကြားကာလ ပညာရေးကို ဖော်ဆောင်မှ သူတို့ရဲ့ ပညာရေးက ရပ်တန့် မသွားအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ပြည်သူ့ကျောင်းကနေစပြီးတော့ ဖယ်ဒရယ်ပညာရေးအထိ သွားနိုင်မဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ထားတယ်။ အဲလိုနဲ့ ၂၀၂၂ မှာ ပညာရေးဘုတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ တယ်။ အဲဒီမတိုင်ခင်ကတော့ ဒီတိုင်းပဲ အဆင်ပြေသလို စစ်ဘေးရှောင်ကျောင်းမှာရော၊ တော်လှန်ရေးသမားတွေ လှုပ်ရှားတဲ့ နယ်မြေရဲ့ ကျေးရွာတွေမှာရော သင်ပေးတယ်၊ ဒါပေမဲ့ အဲလောက်ထိ ကျွန်တော်တို့ သတ်သတ်မှတ်မှတ်မသွားနိုင်သေးဘူး။ ပညာရေးဘုတ်အဖွဲ့ကို ဖွဲ့စည်းပြီးမှ သူတို့ဘက်ကနေ ဘယ်ရွာမှာကျောင်းဖွင့်ချင်လဲ၊ ဘယ်လိုပုံစံနဲ့ လုပ်ရင်ကောင်းမယ်ဆိုပြီးမှ ကျောင်းသားမိဘနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းနဲ့ဖြစ်ဖြစ် ကာကွယ်ရေးအဖွဲ့နဲ့ဖြစ်ဖြစ် တိုင်ပင်ညှိနှိုင်းပြီးမှ ကျောင်းတွေဖွင့်ပေးပါတယ်။

မေး။ ဘယ်ဒေသမှာ ကျေးရွာဘယ်လောက်မှာပေါ့နော် ကြားကာလပညာရးကို ဖော်ဆောင်ဖြစ်တာပါလဲ?

ဖြေ။ ကျွန်တော်တို့ပလက်ဝမှာ စစ်ကောင်စီမရှိတော့ဘူး၊ လွတ်မြောက်နယ်မြေလို့ ပြောလို့ရတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ဆီမှာ လက်နက်ကိုင် ၂ ဖွဲ့ရှိတော့ တစ်ဖွဲ့က CDF-Paletwa, နောက်တစ်ဖွဲ့က အာရက္ခတပ်တော် AA ပေါ့။ ဆိုတော့ AA ထိန်းချုပ်တဲ့ နယ်မြေမှာ ကျွန်တော်တို့အနေနဲ့က လောလောဆယ် ယန္တရားလည်ပတ်လို့မရဘူး။ ပလက်ဝဒေသရယ်၊ ဆမီးဒေသရယ်၊ မီးဇာဒေသရယ် နောက် သံထောင်ဒေသဆိုပြီးတော့မှ ဒေသ ၄ ခု ခွဲထားတယ်။ အဲဒီမှာ တကယ့်ကို ရာခိုင်နှုန်းအားဖြင့် တော်တော်များများလည်ပတ် နိုင်တဲ့ဒေသကတော့ ဆမီး ဒေသတစ်ခုပဲရှိတယ်။ ဒါတောင်မှ ၁၀၀ ရာခိုင်နှုန်းမလည်ပတ်နိုင်သေးဘူး။ ဘာကြောင့်လဲ ဆိုတော့ AA အုပ်ချုပ်ရေးယူထားတဲ့ဒေသမှာ ကျွန်တော်တို့ပညာရေး ဖော်ဆောင်ဖို့ အဆင်မပြေဘူးပေါ့၊ သူတို့ဘက်က ဝင်ခွင့်‌မပေးဘူး၊ ခွင့်မပြုဘူးလို့ ပြောရမှာပေါ့။ ပြီးတော့ ပလက်ဝဒေသမှာ ဆိုရင် ကျွန်တော်တို့ လုံးဝကို အကောင်အထည် ဖော်လို့မရဘူး။ မီးဇာဒေသဆိုရင်လဲပဲ တော်တော်များများကလေးတွေဟာ မီဇိုရမ်ဘက်မှာ စစ်ဘေးရှောင်ကြတယ်။ ဆိုတော့၊ မီးဇာဒေသမှာ ၄၊ ၅ ကျောင်း လောက်ပဲ ဖွင့်နိုင်တယ်။ ပြီးရင် သံထောင်ဘက်မှာကျတော့ ကျွန်တော်တို့ ကျောင်းပေါင်း ၂၀ ဝန်းကျင်လောက်ပဲ ဖွင့်နိုင်တယ်ပေါ့၊ အဲလိုမျိုးအနေအထားရှိပါတယ်။ ကျွန်တော်တို့ ပလက်ဝမြို့နယ် တစ်ခုလုံးမှာ ကျောင်းပေါင်း ၄၀၀ နီးပါးရှိတဲ့ အထဲမှာ လက်ရှိ ကျောင်းပေါင်း ၉၆ ကျောင်းပဲ လည်ပတ်နိုင်တဲ့ အနေအထား ရှိတယ်၊ ကျန်တဲ့ ၃၀၀ ဝန်းကျင်ကတော့ လက်လှမ်းမမီနိုင်ဘူးလို့ ပြောရမှာပေါ့။ ဒါကတော့ ULA/AA ထိန်းချုပ်တဲ့ နယ်မြေ ဆိုတော့ ကျွန်တော်တို့သွားပြီးမှ အကောင်အထည်ဖော်လို့မရတဲ့ အနေအထားဖြစ်တာပေါ့။

မေး။ အခုလက်ရှိမှာ ကျောင်းသူကျောင်းသားဘယ်လောက်ရှိလဲ? ကျောင်းဆရာ/ဆရာမကော်ဘယ်လောက်ရှိလဲ?

ဖြေ။ အခု ဒီ ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်မှာဆိုရင် ကျောင်းပေါင်းက ၁၀၇ ကျောင်းဖွင့်နိုင်ခဲ့တယ်၊ အဲဒီထဲမှာ အထက်တန်း ကျောင်းက ၈ ကျောင်းရှိမယ်။ ပြီးတော့ ပြင်ပလို့ပြောရမှာပေါ့၊ မီဇိုရမ်ဘက်မှာ စစ်ဘေးရှောင်ရွာတွေမှာလဲပဲ ပညာရေး ဘုတ်အဖွဲ့ နဲ့ ပူးပေါင်းချိတ်ဆက်ပြီးမှ စစ်ဘေးရှောင်ကျောင်း ၁၁ ခုကို ဖွင့်ပေးနိုင်ခဲ့တယ်ပေါ့။ ကျွန်တော်တို့ ၁၀၇ ကျောင်းမှာ ကျောင်းသားစုစုပေါင်း ၇၀၀၀ ကျော်ရှိတယ်။ ဒါတောင်မှ ကျွန်တော်တို့ဆီ စာရင်းမရောက်နိုင်တဲ့ ကျောင်း တစ်ချို့ရှိတယ်။ ဆရာ၊ ဆရာမကတော့ လက်ရှိအနေအထားဆိုရင် ၅၀၀ ကျော်နဲ့ လည်ပတ်နေပါတယ်။

မေး။ ကျောင်းသားဦးရေနဲ့ ဆရာ၊ ဆရာမအင်အားက လုံလောက်မှုရှိလားရှင့်။ ဒီလိုကြားကာလဖော်ဆောင်တဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေကြုံနေရလဲ? အဲဒီအခက်အခဲတွေကို ဘယ်လိုဖြေရှင်းနေလဲ?

ဖြေ။ ဆရာ၊ ဆရာမ ၅၀၀ ကျော်ဆိုတာ တကယ်တော့ လုံလောက်မှုမရှိဘူး၊ ကျွန်တော်တို့ ပလက်ဝမှာ CDM ဝန်ထမ်း အင်အားတော်တော်လေးအားနည်းတဲ့အခါကျတော့ သင်ကြားရေးမှာ တော်တော်လေးအခက်အခဲ ဖြစ်တာပေါ့။ အဓိက တော့ သင်ကြားရေးပိုင်းမှာ အခက်အခဲရှိတာ တစ်ပိုင်း၊ ပြီးတော့ လက်ရှိ ရှိနေတဲ့ ဆရာ၊ ဆရာမတွေနဲ့ အတိုင်းအတာ တစ်ခုအထိ ကျွန်တော်တို့ သွားလို့ရပေမဲ့ ခက်ခဲတာက ဆရာ၊ ဆရာမတွေကို ထောက်ပံ့ကြေးမပေးနိုင်တာက ကျွန်တော်တို့ အတွက် အကြီးမားဆုံးစိန်ခေါ်မှုကြီးဖြစ်ပါတယ်။

တဖက်မှာတော့ တော်လှန်ရေးကို အားပေးတဲ့ လူငယ်တွေရော ပြီးရင်တက္ကသိုလ်ကို တစ်ဝက်တစ်ပျက်နားထားတဲ့ ကျောင်းသားတွေက ပါဝင်ပေးနိုင်တာရှိတယ်။ ဒီလို ရပ်ရွာမှာရှိတဲ့ သူတွေက အဲလိုပါဝင်မပေးနိုင်ရင် ကျောင်းတွေက ဘယ်လိုမှ လည်ပတ်လို့မရနိုင်ဘူး၊ ဒါကြောင့်လဲပဲ လူငယ်တွေက ကိုယ့်ရပ်ရွာအတွက် ကလေးတွေအတွက်ဆိုပြီး လုပ်အားပေးနဲ့ ပါဝင်ပေးကြတာပေါ့။ အဲလိုပါဝင်ပေးတဲ့အခါ သူတို့ကလဲ ထောက်ပံ့ကြေးတွေ မရတဲ့ အခါကျတော့ စာသင်ရင်းနဲ့ တခြားလုပ်ငန်းလုပ်ဖို့ကလဲ သူတို့မှာ အချိန်မရှိတော့ဘူး။ အဲချိန်မှာ ကျွန်တော်တို့ကလဲ ထောက်ပံ့ကြေး မပေးနိုင်၊ ကျောင်းသားမိဘတွေ၊ ပြည်သူတွေအနေနဲ့ပေးဖို့ဆိုပြန်တော့လဲ ဘာဝင်ငွေမှလဲမရှိတဲ့ အခါကျတော့ ရေရှည်မှာ ဒီဟာကို ဘယ်လိုဆက်သွားရမလဲဆိုတာ အများကြီး စိန်ခေါ်မှုရှိတယ်။ ဒီ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကုန်ဖို့တောင်မှ ကျွန်တော်တို့ဘက်ကနေ သူတို့ကို ဖျောင်းဖျပေးရတာပေါ့။ အဲလိုကြောင့်သာ သူတို့တောင့်ခံပေးနိုင် တာပေါ့နော်။

နောက်တစ်ခုကျတော့ သင်ထောက်ကူပစ္စည်းပေါ့ အဲမှာ ပုံနှိပ်စာအုပ်လဲပါတယ်၊ ဒီဟာက ကျွန်တော်တို့ ဘယ်မှာမှ ဝယ်လို့မရဘူး။ ကိုယ့်ဟာနဲ့ကိုယ်ထုတ်မယ်ဆိုရင်လဲပဲ ငွေကြေးမတတ်နိုင်ပြန်ဘူး။ ဒါကြောင့်လဲပဲ ကလေးတွေအတွက် သင်ကြားရေးမှာ အခက်အခဲဖြစ်စေတယ်။ တစ်ဆက်တည်းမှာပဲ ကျောင်းသုံး ကိရိယာတွေ နောက်စာရေးကိရိယာတွေပေါ့ ကျွန်တော်တို့ဒေသမှာ ဝယ်ဖို့နေရာ မရှိတာ။ ဘောပင်၊ခဲတံ၊ ဗလာစာအုပ်တွေ ဝယ်မယ်ဆိုရင်တောင်မှ ချင်းပြည်နယ် မြောက်ပိုင်းသွားပြီ နှာရိန်ဘက်မှာ ဝယ်ရတာ၊ ဝယ်ရတော့ လမ်းပမ်းဆက်သွယ်ရေးက တော်တော်လေး ခက်ခဲတယ်၊ အခုပလက်ဝကနေ နှာရိန်အထိကို ဆိုင်ကယ်ငှားမယ်ဆိုရင် ၈ သိန်းလောက်ပေးရတယ်၊ ဒါတောင် အသွားပဲပေါ့နော် ဆိုတော့ ဝယ်မဲ့ပစ္စည်းထက် လမ်းစရိတ်ဖိုးက ပိုပြီးမှ ကုန်ကျတာပေါ့။ လူတိုင်းက ဆိုင်ကယ်မသုံးနိုင်တဲ့ အနေအထား ရှိတော့ ဒီလိုမျိုးစိန်ခေါ်မှုတွေ အများကြီးရှိတယ်၊ ကလေးတွေအတွက် သင်ထောက်ကူပစ္စည်းတွေ ကျောင်းသုံးကိရိယာ တွေမသုံးနိုင်တဲ့ ပြသာနာပေါ့ အဲဒီအခက်အခဲတွေက အများကြီးရှိပါတယ်။

ဒီလိုအခက်အခဲလိုအပ်ချက်တွေရှိတော့ တစ်ချို့ရွာတွေဆိုရင် မိသားစုအခက်အခဲကြောင့် နိုင်ငံခြားရောက်နေတဲ့ ညီအကို တွေရှိတာပေါ့ သူတို့ဆီကနေ အကူအညီတွေတောင်းပြီးတော့ တစ်ချို့အဆင်ပြေတဲ့ ရွာတွေရှိသလို တစ်ချို့ရွာတွေကျတော့ လုံးလုံးအဆင်မပြေတဲ့ ရွာတွေရှိတာပေါ့။ ကျွန်တော်တို့ကလဲ တခြား NGO အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး လက်လှမ်း မှီသလောက်တော့ ရှာတယ်၊ အဲဒီကနေရတဲ့ ပိုက်ဆံနဲ့ အလှူရတဲ့ဟာနဲ့ ခုနလိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေ၊ ဆရာ၊ ဆရာမတွေအတွက် လက္ဘရည်ဖိုးဖြစ်ဖြစ်ပေါ့ လုပ်ပေးနိုင်တာတော့ရှိတယ်၊ ဒါပေမဲ့ အများကြီးလုပ်ပေးနိုင် တာမရှိဘူးပေါ့။

မေး။ ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့ကို ပုံမှန်ထောက်ပံ့ပေးနိုင်တဲ့ အဖွဲ့ရောရှိပါသလား?

ဖြေ။ အဲလိုပုံမှန်ထောက်ပံ့ပေးတဲ့ အဖွဲ့ဆိုတာတော့မရှိဘူး။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းကတော့ CHRO ကနေ project တစ်ခု ဝင်ထားတာရှိတယ်။ မြို့နယ်တစ်ခုလုံးကို မလွှမ်းခြုံနိုင်ဘူး၊ ရပ်ရွာ ၂၀ မှာ တစ်နှစ်အတွက် ထောက်ပံ့ပေးတာရှိတယ်၊ အဲဒီကနေ သင်ထောက်ကူပစ္စည်းတွေ စာရေးကိရိယာတွေ နဲနဲပါးပါးရတယ်။ ပြီးတော့ ဆရာ၊ ဆရာမ ထောက်ပံ့ကြေးဆို ရင်လဲပဲ တစ်ကျောင်းကို တစ်ယောက်နှုန်းပဲပေးတာ၊ ကျပ် ၁၈၅၀၀၀ နှုန်းပေါ့နော်၊ ဆိုတော့ ကျောင်းတစ်ကျောင်း မှာ ဆရာ၊ဆရာမ များရင်တော့ တစ်ယောက်ကို ၂၀,၀၀၀ လောက်ပဲရတယ်ပေါ့ ဒါပေမဲ့ အဲဒီ project ကလဲ ကုန်သွားပြီ။ တောက်ရှောက်ကူညီတဲ့ အဖွဲ့အစည်း ကတော့ မရှိဘူးပေါ့နော်။

မေး။ လက်ရှိမှာ အရေးပေါ်လိုအပ်ချက် ဒါမှမဟုတ် အကူအညီတွေ ဘာလိုအပ်ချက်တွေရှိနေလဲ?

ဖြေ။ အခုကပညာသင်နှစ်ကလဲ တစ်ဝက်ကျော်ကုန်သွားပြီ ဆိုတော့ သင်ထောက်ကူပစ္စည်းတွေကတော့ လိုသေးတယ်၊ ဒီနှစ်ထဲမဟုတ်ဘူး၊ နောက်နှစ်လဲလိုအုံးမှာပဲဆိုတော့ အရေးပေါ်ဆိုလို့ရှိရင် သင်ထောက်ကူပစ္စည်းတွေလဲ အများကြီးလို တယ်။ အခုချိန်မှာ အဓိကလိုတာကတော့ ဆရာ၊ ဆရာမတွေရဲ့ ထောက်ပံ့ကြေးဆိုလို့ရှိရင် နံပါတ်တစ်နေရာမှာထားဖို့တော့ လိုမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ အခု ကျွန်တော်တို့ဘက်ကနေတော့ နိုင်ငံတကာမှာ ရှိတဲ့ ညီအကိုတွေဆီမှာ အကူအညီ တွေတောင်းရင်လည်းပဲ သူတို့ဘက်ကနေလဲ မပေးနိုင်တဲ့ အနေအထားတွေရှိတယ်ပေါ့။ အဲလိုဆိုတော့ ဒီဘက်က ဆရာ၊ ဆရာမတွေ ဒီလိုပုံစံအတိုင်း သွားမယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲပေါ့၊ ကျွန်တော်တို့တွေ နောက်ထပ် ဒီလို ပေးဆပ်ခြင်း သက်သက်နဲ့တော့ ကျွန်တော်တို့လဲ မခံနိုင်တော့တဲ့ အနေအထားဖြစ်သွားနိုင်တယ် ဆိုတဲ့ဟာတွေအများကြီး အသံတွေ ထွက်လာတဲ့အခါကျတော့ ဆရာ၊ ဆရာမတွေရဲ့ထောက်ပံ့ကြေးသာ အတတ်နိုင်ဆုံးပေးနိုင်မယ်ဆိုလို့ရှိရင် ပညာရေးယန္တရားလည်ပတ်တဲ့အခါမှာ နဲနဲတော့ ခံသာဖို့တော့ရှိတယ်ပေါ့။

မေး။ ပလက်ဝမြို့နယ်ဆိုတာ AA က သိမ်းပိုက်အုပ်ချုပ်ထားတယ်ဆိုတော့လေ ဆရာတို့ကြားကာလပညာရေး ဖော်ဆောင်တဲ့ နေရာမှာ အခက်အခဲဖြစ်စေတာမျိုးတွေရှိလား?

ဖြေ။ ကျွန်တော်တို့က NUG နဲ့ ချိတ်ဆက်ထားတာဖြစ်တဲ့အတွက် ပလက်ဝမြို့နယ်မှာရှိတဲ့ ရွာတိုင်းလိုလိုက ကျွန်တော်တို့နဲ့ ချိတ်ဆက်ချင်တာ၊ အဲလိုမျိုးချိတ်ဆက်ဖို့ဆိုရင်လဲ ကျွန်တော်တို့သူတို့နေရာကို ကွင်းဆင်းလို့မရဘူး၊ အဝင်မခံတာပေါ့နော်။ ကျွန်တော် သူတို့ပြောတာကြားသိရသလောက်ဆိုရင် ဘယ်လောက်တောင်ဖြစ်လဲဆိုတော့ ULA/AA ကနေပြီးတော့မှ လာမဲ့ ၂၀၂၅ ခုနှစ်ကနေစပြီးတော့မှ သူတို့ရဲ့ပညာရေးကို အကောင်အထည်ဖော်မယ်ပေါ့။ တကယ့် curriculum တောင်မှ သူတို့ရဲ့ curriculum ကိုသုံးမယ်ဆိုပြီး ကြားသိရတယ်ပေါ့လေ။ အဲလိုအနေအထားရှိတဲ့အခါကျတော့ ကျွန်တော်တို့အနေနဲ့ ဘယ်လို စီမံပြီး ဘယ်လိုလုပ်ကြမလဲဆိုတာတောင်မှ ဆုံးဖြတ်ဖို့ မရသေးတဲ့ အနေအထားရှိတယ်။ သူတို့က ကျွန်တော်တို့ ပညာရေး အကောင်အထည်ဖော်တဲ့ဟာနဲ့ ပူးပေါင်းပြီးမှ သွားချင်တာပေါ့၊ ဒါပေမဲ့ သူတို့က ရခိုင်စာပေသင်မယ်ဆိုတဲ့ ဟာလဲရှိတော့ ဒါကြောင့်လဲ ပြည်သူကမကြိုတ်တာပေါ့၊ ရခိုင်စာပေမသင်ချင်ကြဘူး၊ ကိုယ့်ဘာသာပဲသင်ချင်ကြတာပေါ့။ သူတို့က ကျွန်တော်တို့ကိုလဲ ဆက်သွယ်ထားတာရှိတယ်၊ သူတို့ရဲ့ ပညာရေးကော်မတီနဲ့ တွေ့ဆုံပြီး ဘယ်လိုလုပ်ရင် ကောင်းမလဲ ဆိုတာ ဆွေးနွေးဖို့တော့ရှိတယ်။ အတိအကျတော့ မပြောတတ်သေးဘူးပေါ့နော်။

မေး။ AA က ပလက်ဝမှာ အာရက္ခပညာရေးစနစ်ဖော်ဆောင်မယ်ဆိုတဲ့အပေါ်မှာ ဘယ်လိုသဘောရပါလဲ?

ဖြေ။ အမှန်တော့ သူတို့က အရက္ခနိုင်ငံတည်ထောင်မှာဆိုတော့ သူတို့ရဲ့စာပေ၊ ပညာရေးအကောင်အထည်ဖော်တာကို သူတို့ရဲ့ အုပ်ချုပ်တဲ့ဒေသ၊ သူတို့ရဲ့ ပြည်နယ်မှာ လုပ်တာကတော့ ကောင်းပါတယ်။ တကယ်ပြောမယ်ဆိုရင် ကျွန်တော်တို့ ပလက်ဝမြို့နယ်က ရခိုင်တိုင်းရင်းသားတွေနေတဲ့ နေရာမှာ အကောင်ထည်ဖော်ရင်လဲ သိပ်မပြောလိုဘူးပေါ့နော်။ ခက်တာက ကျွန်တော်တို့ ပလက်ဝမြို့နယ်က ချင်းပြည်နယ်ဆိုတော့ အကုန်လုံး ချင်းပြည်နယ်ရဲ့ ပညာရေးနဲ့ သွားရမှာပဲ၊ ရခိုင်ရွာတွေမက ကျွန်တော်တို့ချင်းလူမျိုးတွေရှိတဲ့နေရာအထိ ရခိုင်စာပေသင်ဖို့၊ အမျိုးသားရေးဖော်ဆောင် မယ်ဆို တဲ့ဟာအထိတော့ မဖြစ်စေချင်ဘူးပေါ့နော်။ ဖြစ်လဲမဖြစ်သင့်ဘူးလို့မြင်တယ်ပေါ့လေ။

မေး။ တခြားဘာများဖြည့်စွပ်ပြောစရာရှိလဲ?

ဖြေ။ ကြားကာလမှာ ပညာရေးအားကောင်းဖို့ ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ရဲ့ စိန်ခေါ်မှုတွေကို ကူညီပေးနိုင်တဲ့ အဖွဲ့အစည်း ရှိလို့ရှိရင် ကျွန်တော်တို့အတွက်အားရှိမှာပေါ့။ အဲလိုမဟုတ်ဘူးဆိုလို့ရှိရင် ကျွန်တော်တို့ပညာရေးယန္တရားလည်ပတ်မှုက တော်တော်လေး ခက်ခဲသွားနိုင်တယ်။ ပညာရေးမလည်ပတ်နိုင်ဘဲ ဒီတိုင်းရပ်တန့်သွားမယ်ဆိုလို့ရှိရင်လဲပဲ ကျွန်တော်တို့က ပညာမရှိဘဲနဲ့ ပညာမဲ့တဲ့ လူမျိုးဖြစ်သွားရင် ပိုပြီးတော့မှ ဖိနှိပ်ခံ၊ ဘဝမှာ ပိုပြီးတော့မှ နစ်မြုပ်သွားမဲ့အနေအထားရှိတော့ ကျွန်တော်တို့ ပညာရေးအားကောင်းအောင် အဖက်ဖက်ကနေ ကူညီပံ့ပိုးကြဖို့ တောင်းဆိုချင်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.