(006SV)
ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်လက်သို့ ပြန်လည်မကျရောက်စေရန် လက်ရှိအချိန်သည် မဟာမိတ်များနှင့် လက်တွဲပြီး ရဲရဲဝံ့ဝံ့ ကြံ့ကြံ့ခံ တွန်းလှန်နေရသော အဆုံးအဖြတ်ကာလဖြစ်နေသည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF) က ကြေညာသည်။
ချင်းအမျိုုးသားအဖွဲ့ချုပ် (CNO/ CNDF) ၏ ဖွဲ့စည်းတည်ထောင်ခြင်း ၅ နှစ်ပြည့် ထုတ်ပြန်ချက်မှာ ငါးလခန့်ရှိ လာပြီဖြစ်သည့် ဖလမ်းမြို့တိုက်ပွဲအခြေအနေများနှင့်ပတ်သက်၍ ယင်းသို့ အသိပေးလာခြင်းဖြစ်သည်။
ယခုအချိန်သည် အောင်ပွဲကို ထိန်းသိမ်းရုံးသာမက ဖလမ်းမြို့ကို ရန်သူ့လက်သို့ ပြန်လည် မကျရောက်စေရန် မဟာမိတ်များနှင့်အတူ လက်တွဲပြီး ရဲရဲဝံ့ဝံ့ ကြံ့ကြံ့ခံ တွန်းလှန်နေရသော အဆုံးအဖြတ်ကာလဖြစ်သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်က အသိပေးသည်။
ဖလမ်းမြို့သို့ ကလေး- သိုင်းငင်း- ဖလမ်းနှင့် ကလေး- ဝေဘူလ – ဖလမ်းတို့မှတဆင့် ၂၀၂၅ နိုဝင်ဘာလဆန်းမှစတင်၍ စစ်အင်အား တစ်ထောင်ခန့်ဖြင့် လေကြောင်း၊ လက်နက်ကြီး ပစ်ကူအများအပြားအသုံးပြုကာ ထိုးစစ်ဆင်နေသည့် စစ်ကော်မရှင် တပ်နှင့် ချင်းတော်လှန်ရေး ပူးပေါင်းတပ်များအကြား ယနေ့အချိန်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။
ဖလမ်းတိုက်ပွဲသည် အာဏာသိမ်းစစ်တပ်နှင့် ချင်းပူးပေါင်းတပ် နှစ်ဖက်စလုံးအတွက် အထိအခိုက် အကျအဆုံး များပြားနေကြောင်း ၊ စစ်ကော်မရှင်တပ်သည် စစ်အင်အားနှင့် လက်နက်ခဲယမ်း အများအပြားကိုလည်း မကြာခဏ ဖြည့်တင်းနေကြောင်း စစ်ရေးသတင်းရင်းမြစ်တချို့ထံမှ သိရသည်။
ချင်းညီနောင်နှင့် မဟာမိတ်တပ်ပေါင်းစုများ၏ ခိုင်မာသော စည်းလုံးညီညွတ်မှုဖြင့် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို အောင်မြင်စွာ ဆင်နွှဲနိုင်ခြင်းသည် CNO/ CNDF ၏ ၅ နှစ်တာကာလအတွင်း အမျိုးသားရေးအတွက် မှတ်ကျောက်တင်နိုင်ခဲ့သည့် အောင်ပွဲတစ်ရပ်ဖြစ်သည်ဟု ထုတ်ပြန်သည်။
အောင်မြင်မှုများ ရရှိရန်အတွက် စစ်ရေး၊ နိုင်ငံရေးနှင့် နည်းပညာပိုင်းဆိုင်ရာများတွင် အဖက်ဖက်မှ ဝိုင်းဝန်းပံ့ပိုးပေးခဲ့ကြသော အာရက္ခတပ်တော် (ULA/ AA) အပါအဝင် ညီနောင်မဟာမိတ်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပြည်တွင်း/ပြည်ပရှိ ပံ့ပိုးကူညီသူ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိကြောင်း ငါးနှစ်ပြည့် ထုတ်ပြန်ချက်မှာ အသိပေးသည်။
စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှကို အပြီးတိုင် ချေမှုန်းပြီး ချင်းပြည်သူများ လိုလားတောင်တသော မိမိကံကြမ္မာ မိမိဖန်တီးခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ချင်းပြည် တည်ဆောက်ရေးနှင့် အမျိုးသားတန်းတူရေးကို အာမခံသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာသည်အထိ တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။
ယင်းသို့ ပေါ်ထွန်းလာသည်အထိ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ/ ချင်းညီနောင် ၏ နိုင်ငံရေး၊ စစ်ရေး လမ်းစဉ်အတိုင်း တော်လှန်ရေး မဟာမိတ်အင်အားစုများနှင့် အတူ လက်တွဲ၍ အဆုံးတိုင် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု CNO ထံမှ သိရသည်။
CNO/ CNDF သည် ငါးနှစ်တာ ခရီးကြမ်းအတွင်း မိမိတို့ အဖွဲ့အစည်းသည် စစ်ရေး၊ နိုင်ငံရေးဆိုင်ရာ အောင်မြင်မှုများနှင့်အတူ စိန်ခေါ်မှုများကို အလီလီအလှည့်လှည့် ကြုံတွေ့ကျော်ဖြတ်ခဲ့ရသည်ဟု သိရသည်။
မိမိတို့အနေဖြင့် အသက်၊ သွေး၊ ချွေး ပေးဆပ်နေကြရသော ရဲဘော်များ၊ ပြည်သူများနှင့်အတူ ရပ်တည်လျက် နောက်ဆုံး ပန်းတိုင်အထိ ဆက်လက်ချီတက်သွားမည်ဟုလည်း သိရသည်။

