(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လျှပ်စစ်မီးပုံမှန်ရရှိမှုမရှိသည့်နောက်ပိုင်း ထမင်း၊ ဟင်း ချက်ပြုတ်ရာတွင် မီးသွေးအသုံးပြုသူများလာပြီး မီးသွေးဈေးနှုန်းသည်လည်း အဆမတန် မြင့်တက်လာနေသည်ဟု သိရသည်။
စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်း လျှပ်စစ်မီး ပုံမှန်မရရှိခြင်း၊ ဂက်စ်ရှားပါးခြင်းတို့ကြောင့် ကလေးမြို့ဒေသခံအများစုသည် ထမင်း၊ ဟင်းချက်ပြုတ်ရာတွင် ထင်းနဲ့ မီးသွေးကိုသာ ပိုမိုအသုံးပြုလာကြသည်ဟု ကလေးမြို့ဒေသခံတစ်ဦးကပြောသည်။
ထင်းနဲ့ မီးသွေးအသုံးပြုမှုပိုမိုများလာသော်လည်း လုံခြုံရေးအခြေအနေကြောင့် တောင်ထဲတွင် အလွယ်တကူ ထင်းခွေရန်ခက်ခဲခြင်း၊ မီးသွေးဖိုလုပ်ငန်းလုပ်ကိုင်သူ နည်းပါးလာခြင်းနှင့် သယ်ယူပို့ဆောင်းရေးတို့တွင် ဓာတ်ဆီဈေးနှုန်းမြင့်တက်လာခြင်းကြောင့် မီးသွေးဈေးမှာလည်း မြင့်တက်လာခြင်းဖြစ်သည်ဟု ကလေးမြို့က တနိုင်တပိုင် မီးသွေးရောင်းသူ အမျိုးသမီးကပြောသည်။
“မီးသွေးဖုတ်တဲ့သူတွေလည်း ခေတ်ကောင်း တုန်းကလို မများတော့ဘူး၊ အခုက ဆီးဈေးတွေလည်း ကြီးလာတော့ မီးသွေးဈေးလည်း တဖြည်းဖြည်းနဲ့ များလာတယ်။ မီးသွေးဖုတ်တဲ့သူကို အိမ်အထိလာပို့ခိုင်းရင် ဈေးကတမျိုးပေးရတယ်၊ ပြန်ရောင်းတဲ့အခါ များသွားတဲ့သဘောဖြစ်တယ်” ဟု မီးသွေးရောင်းသည့်အမျိုးသမီးကပြောသည်။
ကလေးမြို့ပေါ်တွင် မီးသွေးအမျိုးအစားပေါ်မူတည်ပြီး မီးသွေးတအိတ်လျှင် (၂၀၀၀၀) ကျပ်အထိရှိနေကာ သာမန် နေ့စားအလုပ်သမားများ၏ လုပ်အားခထက်ပြင် မီးသွေးတစ်အိတ်ဈေးနှုန်းမှာ မြင့်တက်နေသည့်အခြေအနေ ဖြစ်နေသည်။
“လျှပ်စစ်မီးဆိုရင်လည်း အချိန်မမှန်ဘူး ကျောင်းသားတွေရှိတော့ မီးလာတာသာစောင့်ရင် ခလေးတွေ ထမင်းစားဖြစ်မှာမဟုတ်ဘူး မီးသွေးနဲ့ပဲ ချက်ပြုတ်တာများတယ်၊ အခုက ဈေးကြီးလာတော့ မီးသွေးအမှုန့်တွေကို မပစ်ပဲနဲ့ စုပြီးများလာရင် အခဲတွေပြန်လုံးတယ် အဲ့ဟာကို တခြားမီးသွေးနဲ့ တွဲသုံးတယ်၊ အဲ့တာတောင် တလ (၃) အိတ်ကုန်တယ်နော်။ တခါတတလေ ထမင်းကို မနက်ည ပေါင်းချက်တယ်၊ မီးလာမှ ဟင်းချက်တယ်” ဟု ကလေးမြို့က အိမ်ရှင်မတစ်ဦးက ပြောသည်။
ကလေးမြို့ပေါ်တွင် မီးသွေးဈေး တဆိုင်နှင့်တဆိုင် နှုန်းထားမတူညီသော်လည်း ကြို့သား မီးသွေးတအိတ်သည် လက်ရှိတွင် ကျပ် (၂၅၀၀၀) အထိရှိကာ ရိုးရိုးပျဉ်သားနှင့် အရောသား မီးသွေးတို့မှာ တအိတ်လျှင် ကျပ် (၁၈၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်အထိရှိသည်ဟု သိရသည်။
ကလေးမြို့ပေါ်တွင် အသုံးပြုသည့် မီးသွေးအများစုသည် ကလေးဝမြို့ဘက်မှ ဝင်ရောက်လာသည့် မီးသွေးများဖြစ် ကြောင်းသိရသည်။