ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခေါ်ဆကျေးရွာအုပ်စု၊ သိုင်းငင်းကျေးရွာ၏ အနောက်ဘက်တွင် တင်ဝင်းထွန်း ကုမ္ပဏီနှင့် မြတ်နိုးသူ ကုမ္ပဏီတို့မှ မြေကွက်လျှောက်ထားပြီး ဟိုတယ်ဇုံတည်ဆောက်မည်ဟု သတင်းများထွက်ပေါ်နေသည့်အပေါ် ဒေသခံပြည်သူများက စိုးရိမ်နေကြသည်။
ပြီးခဲ့သည့် (၂၀၁၂) ခုနှစ်က တီးတိန်မြို့နယ်၊ ဇိုဇန် နှင့် ဆိုဇန် ကျေးရွာအကြားကို တင်ဝင်းထွန်းကုမ္ပဏီက ကားလမ်းဖောက်လုပ်စဉ်ကာလအတွင်း စက်သုံးဆီသိုလှောင်ရန်နှင့် စက်ယန္တရားများထားရှိရန်အတွက် အဆိုပါမြေနေရာ ယာယီအသုံးပြုခွင့်ပြုရန် တောင်းဆိုခဲ့သည့်အတွက် သိုင်းငင်းကျေးရွာလူကြီးများက ခွင့်ပြုခဲ့ကြသည်ဟု Area Peace and Development Forward မှ ဒါရိုက်တာ ဦး GS Mang ကပြောသည်။
ကားလမ်းဖောက်လုပ်မှုကို (၂၀၁၅) ခုနှစ်တွင် ပြီးဆုံးခဲ့သော်လည်း တင်ဝင်းထွန်းကုမ္ပဏီက ယာယီအသုံးပြုခွင့်ပြုထားသည့် မြေနေရာကို ပြန်မစွန့်လွှတ်တော့ဘဲ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး နည်းဥပဒေ ပုဒ်မ – ၁၈ နည်းဥပဒေခွဲ (က) အရ အစိုးရထံလျှောက်ထားပြီး ဒေသခံပြည်သူများထံ ကမ္ဘာ့အဆင့်မှီ ဟိုတယ်ဇုံတည်ဆောက်မည်ဟု ပြောဆိုထားသည့်အတွက် စိုးရိမ်နေကြခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
အဆိုပါဒေသတွင် တင်ဝင်းထွန်းကုမ္ပဏီက မြေ (၂.၅) ဧက၊ မြတ်နိုးသူ ကုမ္ပဏီက မြေ (၂.၅) ဧက စုစုပေါင်း မြေ (၅) ဧက ကို လျှောက်ထားသည်ဟုသိရပြီး ယခုလက်ရှိတွင် ဟိုတယ်ဇုံအတွက် အကောင်အထည်ဖော်ဆောင်ခြင်းမရှိသေးသော်လည်း မြေနေရာများကို ခြံစည်းရိုးခတ်ထားသည်ဟု သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ Area Peace and Development Forward၊ ဇိုမီး ကျောင်းသားနှင့်လူငယ်အဖွဲ့နှင့် မြွေတောင်ဒေသဖွံ့ဖြိုးရေးအဖွဲ့ (Mwetaung Region Development Group) တို့ ဦးဆောင်သည့် အရပ်ဖက် ပူးပေါင်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများသည် အဆိုပါဒေသသို့ သွားရောက်ခဲ့ကြပြီး ဒေသခံပြည်သူ များနှင့် တွေ့ဆုံခဲ့ကြသည်။
ဦး GS Mang က “လက်ရှိမြန်မာနိုင်ငံရဲ့
မြေယာဥပဒေများသည် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို အကာအကွယ်မပေးသည့်အပြင် ဘိုးဘွားပိုင်မြေများ ချိုးဖောက်ခံနေရသည့် မြေယာဥပဒေများဖြစ်နေသည့်အတွက် အခုလို တိုင်းရင်း
သားလူမျိုးများ ထိခိုက်စေနိုင်သည့် မည်သည့်စီမံကိန်းကိုမှ ခွင့်မပြုပေးသင့်ဘူး’’ ဟု ပြောသည်။