(006SV)
ချင်းပြည်နယ်၏ စစ်ကောင်စီ အစိုးရရုံးစိုက်ရာ ဟားခါးမြို့တွင် အခြေစိုက်ထားသော ဟားခါးအခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးဝင်းထွန်းသည် ရာထူးတိုးဖြင့် တပ်မ ၉၉ တပ်မမှူးအဖြစ် အစားထိုး ခန့်အပ်ခံရပြီးနောက် ဟားခါးအခြေချ စစ်ဗျူဟာမှူး အပြောင်းအလဲဖြစ်သွားကြောင်း သိရသည်။
ယခု ဇွန်လအတွင်း ဟားခါးအခြေချ စစ်ဗျူဟာမှူး စိုးဝင်းထွန်း သည် အစမ်းခန့် ဗိုလ်မှူးချုပ်ရာထူး တိုးဖြင့် မန္တလေးတိုင်း၊ မိတ္ထီလာမြို့အခြေစိုက် အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ်ကို တပ်မမှူးအဖြစ် ပြောင်းရွေ့ခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်း မြစ်များကို ကိုးကား၍ CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
“သူက လက်ရှိမှာတော့ တပ်မမှူးအဖြစ် တိုးလိုက်ပြီးဆိုတော့ ယာယီဗိုလ်မှူးချုပ်၊ အစမ်းခန့် ဗိုလ်မှူးချုပ်ရာထူးကို ရရှိသွားပြီဖြစ် ပါတယ်။ လက်ရှိမှာ အခြေချ ဟားခါးမှာပဲ ရှိပြီးတော့ မိတ္ထီလာ သို့မဟုတ် သူတို့ စစ်ဆင်ရေးဝင်နေတဲ့ နတ်ရေကန်၊ ပဒါန်းဘက်ကို သွားဖို့ ပြင်ဆင်နေဆဲပဲ ရှိပါသေးတယ်။ သူ့အကြောင်းကိုတော့ ကျနော်တို့ အခုမှ စုံစမ်းတည်ဆောက်နေဆဲပဲ ရှိပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
လက်ရှိတွင် ဟားခါးအခြေချစစ်ဗျူဟာမှူးနေရာတွင် အသစ်ရောက်ရှိလာသူကို မတွေ့ရသေးသော်လည်း စစ်ကောင်စီအနေဖြင့် ချက်ချင်း ခန့်အပ်မည်ဟု သုံးသပ်ကြောင်း၊ စစ်ကောင်စီသည် ဗျူဟာမှူးနေရာကို အလွတ်မထားတတ်ကြောင်း သိရသည်။
ဗျူဟားမှူးအပြောင်းအလဲကြောင့် ဟားခါးမြို့ဝန်းကျင်တွင် စစ်ကောင်စီ၏ တန်ပြန်စစ်ကြောင်းထိုးမှုများ ဖြစ်လာနိုင်သည်ဟု သိရသည်။
“ဗျူဟာမှူးအပြောင်းအလဲနဲ့တော့ စစ်ရေးအခြေအနေက ထူးခြားလာဖွယ် မရှိပါဘူး။ စစ်တပ်က လူတွေက တပုံစံထဲတွေပဲ။ စကားလုံးလည်း ရှိတယ်။ ရှေ့ဘုန်းကြီး တချက်ခေါက်ရင်၊ နောက်ဘုန်းကြီး ၂ ချက်ခေါက်မယ်။ ပိုကြမ်းလာမယ့် လူတွေကိုပဲ ထပ်ထပ်ရွေးပြီး ခန့်တဲ့ အနေအထားမျိုးပေါ့နော်။ သူတို့က ရောက်ရောက်ချင်းမှာ ဆိုရင် သူတို့က စစ်ရေးလုပ်ဆောင်မှုအနေနဲ့ ရာထူးတက်ဖို့အနေနဲ့ လုပ်ကွက်ပြတတ်ကြတယ်။ ဟားခါးဝန်းကျင်မှာ သူတို့ဘက်ကနေ တန်ပြန်စစ်ကြောင်းထိုးတာတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပေါ်နိုင်တယ်လို့တော့ သုံးသပ်ရပါတယ်” ဟု ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
ချင်းတော်လှန်ရေးအင်အားစုများသည် ၂၀၂၅ ခုနှစ်တွင် ချင်းပြည်နယ် တစ်နယ်လုံး စစ်ကောင်စီ ကင်းစင်ရေး ဆောင်ရွက်သွား မည်ဟု ကြေညာထားသည်။ ချင်းပြည်နယ်တွင် ဟားခါး၊ ထန်တလန်၊ တီးတိန်မြို့ပေါ်တွင်သာ စစ်ကောင်စီ တပ်စခန်းများ ကျန်ရှိတော့သည်။
ဟားခါးအခြေချ စစ်ဗျူဟာမှူး စိုးဝင်းထွန်းသည် တပ်မ (၉၉) ၏ လက်ရှိ တပ်မမှူး ဗိုလ်မှူးချုပ် တင်မောင်ကျော်ကို စစ်ကောင်စီက ဖမ်းဆီးပြီး ရာထူးရုပ်သိမ်းကာ မန္တလေးနန်းတွင်းမှာ စစ်ကြောရေးဝင်နေစဉ်တွင် အစားထိုးခန့် အပ်ခံရခြင်းဖြစ်သည်ဟု သိရသည်။
လတ်တလောတွင် တပ်မ (၉၉) သည် ရခိုင်၊ မကွေးနှင့် ပဲခူးတိုင်း ဆက်စပ်ဒေသများတွင် စစ်ဆင်ရေးတာဝန်များ ယူနေရပြီး မြောက်ပိုင်း မဟာမိတ်ညီနောင် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကာလမှ လက်ရှိအချိန်အထိ ၁ နှစ်ခွဲခန့်အတွင်း တပ်မ ၉၉ တပ်မမှူး ၅ ဦးအထိ အပြောင်းအလဲ ဖြစ်ခဲ့သည်ဟု သိရသည်။