(006SV)
အာဏာသိမ်းစစ်ကော်ရှင်က ဦးဆောင်ကျင်းပသော ဒီဇင်ဘာလ ၂၈ ရက်က ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က မဲဆန္ဒနယ်တွင် ပြည်နယ်လွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အားလုံးမှာ ကြံ့ခိုင်ရေးပါတီ (USDP) အနိုင်ရရှိကြောင်း သိရသည်။
စစ်တပ်၏ ပါတီအဖြစ် လူသိများသော ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဟားခါးမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်နေရာများအတွက် ပြိုက်ဘက်ပါတီများထက် မဲရာချီ ရရှိကာ အနိုင်ရရှိခြင်းဖြစ်သည်ဟု ဟားခါးမြို့နယ်ကော်မရှင်အဖွဲ့ခွဲ၏ မဲစာရင်းအရ သိရသည်။
ဟားခါးမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ခူမီးအမျိုးသားပါတီမှ ဦးကံလင်းက ၃၂၁ မဲ၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီမှ ဦးရိုဘင်က ၅၉၅ မဲ၊ ကြံ့ခိုင်ရေးပါတီက ၂၀၀၆ မဲ ရရှိရှိကာ အနိုင်ရရှိသွားခြင်းဖြစ်သည်ဟု သိရသည်။
အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၆ တွင် ပြည်သူ့ရှေ့ဆောင်ပါတီမှ ဦးမျိုးသူရလင်းက ၃၈၁ မဲ၊ ကြံ့ခိုင်ရေးပါတီမှ ဦးထလာထန်းမှ ၁၁၃၆ မဲ ရရှိကာ ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိသွားသည်ဟု သိရသည်။
ချင်းပြည်နယ်လွှတ်တော်အတွက်မူ ချင်းပြည်သစ်ကွန်ဂရက်ပါတီမှ ဦးလျန်ကျဲအိုက ၇၆၇ မဲ၊ ကြံခိုင်ရေးပါတီမှ ဒေါက်တာဝုန်ဆွန်းထန်က ၂၀၆၉ မဲတို့ ရရှိပြီး ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိသည်ဟု သိရသည်။
ယမန်နေ့က ကျင်းပသော စစ်ကော်ရှင်၏ အပိုင်း ၁ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မြို့ပေါ် ရပ်ကွက် ၈ ခုတွင် မဲရုံပေါင်း ၁၈ ရုံမှာ ဒေသခံတွေက မဲပေးကြသည်ဟု သိရသည်။
ဟားခါးမြို့တွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲမှာ မဲပေးသူ အနည်းငယ်သာ ရှိကြောင်း ဒေသခံများထံမှ သိရပြီး ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရလည်း မဲပေးသူမှာ ထောင်ဂဏန်းသာ ရှိသည်ဟု ထုတ်ပြန်ထားသည်။
စစ်ကော်မရှင်၏ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သော လူပုဂ္ဂိုလ်များနှင့် နိုင်ငံရေးပါတီများ၏ ဟားခါးမြို့နယ်အတွင်းရှိ ပိုင်ဆိုင်မှု အားလုံးကို ပြည်သူပိုင် သိမ်းဆည်းလိုက်ကြောင်း၊ ဟားခါးမြို့နယ်ထဲက ၎င်းတို့၏ ပိုင်ဆိုင်မှုများကို လွှဲပြောင်းခြင်း၊ ဝယ်ယူခြင်း မပြုလုပ်ရန် CDF – ဟားခါးဗဟိုကောင်စီက ထုတ်ပြန်ထားသည်။

