(006SV)
ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် တီးတိန်မြို့တို့တွင် စစ်ကော်မရှင်က ဦးဆောင်ကျင်းပသော ရွေးကောက်ပွဲကို မဲပေးသူ မရှိသလောက် နည်းပါးကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ ဒီဇင်ဘာလ ၂၈ ရက်မှာ ရွေးကောက်ပွဲ အပိုင်း ၁ ကို ကျင်းပနေချိန်တွင် ချင်းပြည်နယ်က ဟားခါးမြို့နှင့် တီးတိန်မြို့တို့ရှိ လမ်းမများပေါ်တွင် လူသွားလူလာ ကင်းမဲ့နေပြီး မဲပေးသူ အနည်းငယ်သာ တွေ့ရှိရသည်ဟု သိရသည်။
“CDF ဟားခါးကောင်စီကလည်း ဒေသခံတွေကို အပြင်မထွက်ဖို့ ၊ အသံတိတ်သပိတ်မှာ လုပ်ဖို့ ထုတ်ပြန်ထားတာ ရှိပါတယ်။ အဲဒီမှာ ဒေသခံတွေက ပူးပေါင်းပါဝင်ကြပါတယ်။ အများစုက အပြင်မထွက်ကြပါဘူး။ ဟားခါးမှာ မဲပေးသူက မရှိသလောက် နည်းပါးပါတယ်။ ဝန်ထမ်းတွေအပါအဝင် မဲပေးသူ အနည်းငယ်ပဲ ရှိပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဒီဇင်ဘာလ ၂၆ ရက်က ဟားခါးမြို့က စစ်ကော်မရှင်တပ်စခန်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်များက စီးနင်းတိုက်ခိုက်သော တိုက်ပွဲဖြစ်ပွားပြီးနောက် ယမန်နေ့က မြို့ပေါ်တွင် လူငယ်များကို စစ်ကော်မရှင်က အင်အားအလုံးအရင်းဖြင့် ဖမ်းဆီးမှုများ ပြုလုပ်သည်ဟု သိရသည်။
ဟားခါးမြို့ပေါ်ရှိ လမ်းများတွင် လူသူ ကင်းရှင်းနေပြီး ဈေးဆိုင်များလည်း မဖွင့်ကြကြောင်း၊ ယနေ့ တနင်္ဂနွေနေ့ ဘုရားကျောင်းပင် သွားရောက်သူ နည်းပါးကြောင်း သိရသည်။
ဟားခါးပြည်သူများအနေဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသရန် ရွေးကောက်ပွဲ ကျင်းပမည့် ဒီဇင်ဘာ ၂၈ ရက်တွင် မိမိတို့ နေအိမ်၌သာ နေထိုင်၍ အသံတိတ်သပိတ် ဆင်နွှဲကြရန် CDF – ဟားခါး ဗဟိုကောက်စီက ကြေညာထားသည်။
တီးတိန်မြို့ပေါ်တွင်လည်း ဒေသခံလူထုသည် အပြင်ထွက်သူ နည်းပါးသကဲ့သို့ ရွေးကောက်ပွဲ မဲသွားပေးသူ အနည်းငယ်သာ ရှိကြောင်း သိရသည်။
“တီးတိန်းကလည်း PDF – Zoland က မြို့ခံလူထုကို အပြင်မထွက်ဖို့ ထုတ်ပြန်ထားတော့ အပြင်ထွက်သူ နည်းပါတယ်။ အဲဒီမှာလည်း မဲပေးသူ နည်းနည်းပဲလို့ သိထားပါတယ်။ လူတွေ အပြင်ထွက်ပြီး မဲပေးသူက အတော်နည်းပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
တီးတိန်မြို့ပေါ်နှင့် ဒေသအတွင်းရှိ ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၈ ရက်အတွင်း အပြင်ထွက်ခြင်း၊ ခရီးသွားလာခြင်းကို တားမြစ်လိုက်ကြောင်း PDF – Zoland က ကြေညာထားသည်။
ဟားခါးမြို့နယ်နှင့် တီးတိန်မြို့နယ်က ရွေးကောက်ပွဲ ကြိုတင်မဲများကို ဒီဇင်ဘာလ ၂၆ ရက်က ရေတွက်ရာ ကြံ့ခိုင်ရေးပါတီက မဲအသာဖြင့် ဦးဆောင်လျက်ရှိကြောင်း သိရသည်။
ဟားခါးမြို့နယ်တွင် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်မှာ ကြံ့ခိုင်ရေးပါတီက ၆၂၈ မဲ၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီက ၄၀ မဲ၊ ခူမီးအမျိုးသားပါတီက ၁၃ မဲဖြင့် လည်းကောင်း၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှာ ကြံ့ခိုင်ရေးပါတီက ၆၄၂ မဲ၊ ပြည်သူ့ရှေ့ဆောင်ပါတီက ၁၉ မဲဖြင့် လည်းကောင်း၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မှာ ကြံ့ခိုင်ရေးပါတီက ၆၃၈ မဲ၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီက ၄၂ မဲတို့ဖြင့် ကြံ့ခိုင်ရေးပါတီက မဲရာချီအသာနှင့် အနိုင်ရရှိနေသည်ဟု သိရသည်။
တီးတိန်မြို့နယ်တွင် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်မှာ ကြံ့ခိုင်ရေးပါတီက ၁၈၄ မဲ၊ ဇိုမီးအမျိုးသားပါတီက ၆၈ မဲ၊ ချင်းပြည်သစ် ကွန်ဂရက်ပါတီက ၂၂ မဲဖြင့်လည်းကောင်း၊ အမျိုးသားလွတ်တော် မဲဆန္ဒနယ်မှာ ကြံ့ခိုင်ရေးပါတီက ၁၈၇ မဲ၊ ဇိုမီးအမျိုးသား ပါတီက ၇၀ မဲ၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီက ၁၄ မဲဖြင့်လည်းကောင်း၊ ပြည်နယ်လွတ်တော်မဲဆန္ဒနယ်မှာ ကြံ့ခိုင်ရေးပါတီက ၁၈၃ မဲ၊ ဇိုမီးအမျိုးသားပါတီက ၇၃ မဲ၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီက ၁၇ မဲတို့ဖြင့် ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိနေကြောင်း သိရသည်။
စစ်ကော်မရှင်သည် ရွေးကောက်ပွဲများကို အပိုင်း ၃ ပိုင်းဖြင့် ကျင်းပရန် ဆောင်ရွက်လျက်ရှိရာ ချင်းပြည်နယ်တွင် ဟားခါးနှင့် တီးတိန်တို့တွင်သာ ကျင်းပနိုင်မည်ဟု ဖြစ်ကြောင်း၊ ကျန်မြို့နယ်များတွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည် မဟုတ်ကြောင်း ကြေညာထားသည်။

