(006SV/ 004SS)
ချင်းပြည်နယ်မြောက်ပိုင်း၊ ဟားခါးမြို့နယ်နှင့် ဖလမ်းမြို့နယ်တို့ရှိ ကျေးရွာ ၃ ရွာကို စစ်ကော်မရှင်က ယနေ့ မနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၁ နာရီခန့်က ဟားခါးမြို့နယ် ချင်ခွာ (Cin Khua ) နှင့် ဇိုခွာ (Zokhua) တို့ကို စစ်ကော်မရှင်တပ်က Y – 12 လေယာဉ် အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ကြောင်း၊ ချင်ခွာရွာတွင် ဒေသခံပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ၂ ဦးမှာ ဒဏ်ရာ အပြင်းအထန် ရရှိသည်ဟု သိရသည်။
“Y- 12 နဲ့ ဗုံးအများကြီး လာကြဲချတယ်ဆိုတာလောက်ပဲ သိတယ်။ ဇိုခွာမှာတော့ လူဒဏ်ရာ ရတာမျိုး မရှိဘူးလို့ သိရပါတယ်။ အိမ်တွေ နည်းနည်းစီပျက်စီးတာ များတယ်။ ဇိုခွာမှာ မိသားစု တစ်စုရဲ့ အိမ်ပေါ်ကို ကျတာ ၊ ဒါပေမယ့် သူတို့က အမျိုးတွေ အိမ်မှာ အိပ်တဲ့ ညဆိုတော့ လွတ်သွားတယ်တဲ့။ ချင်ခွာမှာက ၃ ဦးလောက် ဒဏ်ရာ ရတယ်။ ၂ ဦးကတော့ နည်းနည်း ဒဏ်ရာ ပြင်းထန်တယ်” ဟု CDF ဟားခါးတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ဇိုခွာရွာတွင် အိမ်အများအပြား ထိခိုက်ပျက်စီးမှု ရှိသော်လည်း အရေအတွက် မသိရသေးကြောင်း၊ ဗုံးအများအပြား လာရောက် ကြဲချတိုက်ခိုက်မှုနှင့်ပတ်သက်၍လည်း ဗုံးအမျိုးအစားနှင့် အရေအတွက်ကို မသိရသေးကြောင်း CDF – ဟားခါး ပြောရေးဆို ခွင့်ရှိသူက ပြောသည်။
ဖလမ်းမြို့နယ်၊ လုမ်ဘန်းရွာကိုလည်း ယနေ့ မနက်ပိုင်း ၂ နာရီကျော်ခန့်က စစ်ကော်မရှင်တပ်သည် Y – 12 လေယာဉ်အသုံးပြု၍ ဗုံးအလုံးရေ ၁၄ ကြိမ် ကြဲချတိုက်ခိုက်ရာ ဒေသခံပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာများ ရရှိသည်ဟု ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ထံမှ သိရသည်။
“ပြည်သူတစ်ယောက် ကြောဘက်ကနေ ထိတာလို့ ပြောတယ် ဆရာမတွေက ကုပေးတယ်။ ဒဏ်ရာက အရမ်းကြီး စိုးရိမ်စရာတော့ မရှိဘူးလို့ သိရတယ်။ တခြား နေအိမ်အနည်းငယ် ပျက်စီးမှုတချို့တော့ ရှိတယ်။ ဗုံးအများစုက အိမ်ကြားတွေမှာ ကျလို့ ကြီးကြီးမားမား ထိခိုက်တာတော့ မရှိဘူးလို့ သိရပါတယ်။”ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။
ဖေဖော်ဝါရီ ၁၀ ရက်ကလည်း ထန်တလန်မြို့နယ်ရှိ တလန်ခွါကျေးရွာကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၆ ဦး သေဆုံးပြီး ကျောင်းသူ/ကျောင်းသားများအပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်သည် ချင်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော ဒေသများကို လေကြောင်းတိုက်ခိုက်မှုမှုများ ပြင်းပြင်းထန်ထန် ပြုလုပ်လာနေကြောင်း သိရသည်။

