(004SS)
ချင်းပြည်နယ်၊ ဟားခါးနှင့် ဖလမ်းမြို့နယ်များတွင် ဆိုင်ကယ်တစ်စီးပေါ် အမျိုးသား ၂ ဦး လိုက်ပါစီးနင်းခြင်းနှင့် အမျိုးသမီးနောက်တွင် အမျိုးသားလိုက်ပါစီးနင်းခြင်း မပြုကြောင်း စစ်ကောင်စီက ဇူလိုင်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တွင် ဒေသန္တရအမိန့် ထုတ်ပြန်လိုက်သည်။
ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် လက်ရှိအချိန်၌ အပြစ်မဲ့ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ခြင်း၊ လက်နက်ပြကာ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ဌာနပိုင်မော်တော်ယာဉ်၊ ဆိုင်ကယ်များအား လုယက်ယူဆောင်ခြင်း၊ တာဝန်ဖြင့်သွားလာသော မော်တော်ယာဉ်များအား ချောင်းမြောင်းပစ်ခတ်ခြင်းများ ပြုလုပ်ကြသည်ဟု ဇူလိုင်လ ၁၁ ရက်စွဲဖြင့် ထွက်ပေါ်လာသော ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဒေသန္တရအမိန့်တွင် ဖော်ပြထားသည်။
ထိုသို့ ကျူးလွန်ဆောင်ရွက်ရာတွင် အများအားဖြင့် မော်တော်ဆိုင်ကယ်များအား အမျိုးသား ၂ ဦးစီးနင်းကာ တစ်ဦးမှ မောင်းနှင်ပြီး ကျန်တစ်ဦးမှ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခြင်းနှင့် လက်နက်ပြ၍ လုယက်ယူဆောင်ခြင်းများ ပြုလုပ်ဆောင်ရွက်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ဆိုသည်။
ထို့ကြောင့် မော်တော်ဆိုင်ကယ် စီးနင်းရာ၌ တစ်စီးတွင် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးနောက်တွင် အမျိုးသား ၁ ဦး စီးနင်းလိုက်ပါခြင်းများမပြုရဟု စစ်ကောင်စီက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ထိုသို့ထုတ်ပြန်ပြီးနောက် ဟားခါးမြို့တွင် ဆိုင်ကယ်တစ်စီးဖြင့် လိုက်ပါစီးနင်းလာသော အမျိုးသား ၂ ဦးအား စစ်ကောင်စီက သေနတ်ဖြင့် ပစ်ခတ်မှုများပြုလုပ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဟားခါးမြို့ဒေသခံအမျိုးသမီးတစ်ဦးက “အခုသူတို့စနေပြီ၊ ပြီးခဲ့တဲ့အပါတ်က မြို့ထဲမှာ တရားဝင်ကြေညာတယ် လို့ပြောကြ တယ်၊ ကလေးမြို့လိုမျိုးပေါ့၊ အမျိုးမျိုးရှုပ်တယ်။ ခရီးသွားတဲ့သူတွေတော့မသိဘူး၊ မြို့ထဲမှာတော့အဲလိုပဲတဲ့၊ ပြီးခဲ့တဲ့ သောကြာလား အဲတုန်းကလဲ ဆိုင်ကယ်တစ်စီးနဲ့ အမျိုးသား ၂ ယောက်ကို ပစ်ခတ်လိုက်တယ်၊ သေနတ်မမှန်လိုက်ဘူး ထင်တယ်၊ နောက်ကလိုက်ပါတဲ့သူကထွက်ပြေးသွားတယ်၊ မောင်းတဲ့လူကိုသူတို့ ရိုက်နှက်တယ်လို့ပြောကြတယ်“ ဟု ပြောသည်။
ဆိုင်ကယ်တစ်စီးတွင် အမျိုးသားတစ်ဦးနောက်၌ အမျိုးသမီးတစ်ဦးလိုက်ပါစီးနင်းနိုင်ပြီး အမျိုးသမီး ၂ ဦး ဆိုင်ကယ်တစ်စီးတွင် စီးနင်းနိုင်သည်ဟု သိရသည်။
ယခုထုတ်ပြန်လိုက်သည့်အမိန့်သည် ဇူလိုင်လ ၁၁ ရက်နေ့မှ စက်တင်ဘာလ ၈ ရက်နေ့အထိ နောက်ထပ်တစ်စုံတစ်ရာ မထုတ်ပြန်မချင်း အတည်ဖြစ်ပြီး လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဉပဒေဖြင့် အရေးယူမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ဟားခါးမြို့တွင် ပြီးခဲ့သည့်ဧပြီလတုန်းကလည်း စစ်ကောင်စီခန့်ဝန်ကြီးများလိုက်ပါလာသော ယာဉ်တန်းတိုက်ခိုက်ခံရမှုကြောင့် ဟားခါးမြို့သစ်ရပ်ကွက်မှာ လူ ၅ ဦးထက်ပိုမစုရနှင့် ဈေးဆိုင်များပိတ်ထားရန် ဒေသန္တရအမိန့်ကို ထုတ်ပြန်ခဲ့သည်။
နှစ်လနီးပါးအကြာတွင် လူ ၅ ဦးထက်ပိုမစုရအမိန့်ကို ပြန်ရုတ်သိမ်းသော်လည်း ဈေးဆိုင်များကိုမူ ယနေ့ချိန်ထိ ပိတ်ခိုင်းထားဆဲဖြစ်သည်။