(004SS)
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် တနင်္ဂနွေနေ့က ဘုရားကျောင်းတက်ပြီး အိမ်ပြန်လာခဲ့သည့် လူငယ် အုပ်စုတစ်ခုအား စစ်တပ်မှ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဩဂုတ်လ ၃ ရက် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် HBC ဘုရားကျောင်းမှ ပြန်လာသည့် လူငယ်များနှင့် ဟားခါး-ဂန့်ဂေါ လမ်းမရှိ လဘ္ကက်ရည် ဆိုင်တစ်ဆိုင်မှ လူငယ်များ စုစုပေါင်း လူငယ် အယောက် ၄၀ ဝန်းကျင်အား စစ်တပ်က ဖမ်းဆီးခဲ့ခြင်း ဟု သိရသည်။
ဟားခါး ဒေသခံတစ်ဦးက “တနဂ်နွေနေ့က HBC ဘုရားကျောင်းကနေ လူငယ်တွေ အိမ်ပြန်တဲ့အချိန် ဖမ်းဆီးတာ။ တစ်ချို့က ဆောက်လုပ်ရေးဝန်းအထက်နားက လဘ္ကက်ရည်ဆိုင်ကနေ ဖမ်းတာရော သူတို့တွေ့ကရနေရာကနေ ဖမ်းတာ၊ လူငယ် အယောက် ၄၀ လောက်ရှိတယ်။ ဘာကြောင့် ဖမ်းတာလဲတော့ မသိရဘူး” ဟု ပြောသည်။
ဖမ်းဆီးရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးသော်လည်း ယခုရက်ပိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များက ဆောက်လုပ်ရေး ပြည်နယ်ဦးစီးမှူးနှင့် နတလ၊ လဝက အစိုးရဝန် ထမ်းအချို့အား ဖမ်းဆီးထားသည့် သတင်းများနှင့် ဆက်စပ်နေနိုင်သည်ဟု ယူဆကြောင်း ၎င်းဒေသခံက ဆက်လက်ပြောသည်။
ဖမ်းဆီးခံရသော လူငယ်များသည် ယနေ့တွင် ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။
ထို့နောက် ယမန်နေ့ ည ၉ နာရီခန့်တွင်လည်း ပြည်တော်သာရပ်ကွက်၊ CB ဘဏ်အနီးမှ ဖြတ်သန်းနေသော စစ်တပ်နှင့် ရဲကားအား ပစ်ခတ်ခံခဲ့ရသည်ဟုလည်း ဒေသခံများ ပြောပြချက်အရ သိရသည်။
ထို့အပြင် ညပိုင်းတွင် မြို့ဟောင်းရပ်ကွက်တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံး ထိမှန်ကာ ဒါဏ်ရာရသူ ၃ ဦးရှိခဲ့သည်ဟု သိရသည်။
ဟားခါးဒေသခံတစ်ဦးက “ပစ်ခတ်သံကတော့ ဟိုဟို ဒီဒီကြားနေရတယ်။ မနေ့က မြို့ဟောင်းမှာ လက်နက်ကြီးမှန်လို့ ပါစတာထာဆုန်းတို့အိမ်ထိမှန်ပြီး ဒါဏ်ရာရတယ်။ နောက် စာကြည့်နေတဲ့ ကလေးတွေလဲ ထိတယ် လို့ ကြားသိရတယ်” ဟု ပြောသည်။
ဒါဏ်ရာရသူများတွင် ခရစ်ယာန်ပါစတာတစ်ဦး၊ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် အသက် ၁၅ နှစ်အရွယ် ယောက်ျားလေးတစ်ဦး ပါဝင်ပြီး ယခုအချိန်ထိ ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း သိရသည်။