(004SS)
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ ရွာန်ကျေးရွာဟောင်း (Ruan khuahlun) ကို ယနေ့ ဇန်နဝါရီလ ၉ ရက်၊ ညနေ ၃ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး နေအိမ် ပျက်စီးမှုများရှိသည်ဟု ဒေသခံများထံမှ သိရသည်။
ရွာန်ကျေးရွာသစ်နှင့် ရွာဟောင်းဟူ၍ ရှိသည့်အနက် ယခုဖြစ်စဉ်မှာ ရွာဟောင်းဗုံးကြဲခံရခြင်းဖြစ်ကာ တတိယကြိမ်မြောက် ဗုံးကြဲခံရခြင်းဟု သိရပြီး ဗုံးသီး ၉ လုံးထက်မနည်း ကြဲချခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ထိုဗုံးသီး ၉ လုံးအနက် ၅ လုံးမှာ ရွာတွင်းသို့ ကျရောက်ပါက်ကွဲပြီး ကျန် ၄ လုံးမှာ ရွာအနီးတစ်ဝိုက်သို့ ကျရောက်ခဲ့သည်ဟုလည်း သိရသည်။
“ဗုံးကျတဲ့နေရာက ရွာသစ်နဲ့ ရွာဟောင်း ရှိတဲ့အထဲက ရွာဟောင်းမှာ ကျတာပါ။ ဒါက တတိယအကြိမ်မြောက် ဗုံးကြဲခံရတာ ဖြစ်ပြီး၊ အရင်ကထက် ပျက်စီးမှု ပိုများပါတယ်။ နေအိမ်ပေါ် တည့်တည့်ကျတာတွေရှိပြီး၊ ကျွန်တော်တို့အိမ် အပါအဝင် အိမ် ၂ လုံးမှာ ပြင်းထန်စွာ ပျက်စီးလို့ နေထိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ တခြား ကျန်တဲ့ အိမ်တွေကလည်း နည်းနည်းပါးပါး ပျက်စီးတာတွေ ရှိတယ်” ဟု နေအိမ်ပျက်စီးဆုံးရှုံးရသူ အမျိုးသားတစ်ဦးက ပြောသည်။
ယခင်ကလည်း ဗုံးကြဲခံရလေ့ရှိတာကြောင့် ရွာသားအများစုမှာ လေကြောင်းရန်ကြောင့် တောင်ယာသို့လည်းကောင်း တောတောင်ထဲသို့ တဲထိုးကာ စစ်ဘေးရှောင်နေကြသည်ဟု သိရသည်။
သို့သော် စစ်ဘေးမရှောင်နိုင်သည့် အသက်ကြီးပိုင်း အဖိုးအဖွားအချို့မှာ ကျေးရွာအတွင်း ကျန်ရှိနေခဲ့ကြကြောင်း သိရသော်လည်း ယနေ့ဗုံးကြဲမှုတွင်မူ လူထိခိုက်မှုမရှိကြောင်း သိရသည်။
“ရွာက ဗုံးခဏခဏ ကြဲတဲ့အတွက် လူတွေ သိပ်မနေကြပေမယ့်၊ အဖွားကြီးနဲ့ အဖိုးကတော့ စစ်ဘေးမရှောင်ဘဲ အိမ်နားက ဗုံးခိုကျင်းထဲမှာ အမြဲတမ်း ညအိပ် ကြပါတယ်။ သူတို့ရဲ့ အိမ်လည်း ထိမှန်ပျက်စီးခဲ့ပေမယ့်၊ ကျေးဇူးတော်ကြောင့် သူတို့ နှစ်ယောက် ဘာမှ မဖြစ်ခဲ့ပါဘူး။ အခု ဗုံးကြဲမှုမှာ နေအိမ်ပျက်စီးမှုတွေ ရှိခဲ့ပေမယ့် လူအထိအခိုက်တော့ မရှိဘူးလို့ သိရပါတယ်” ဟု ရပ်ဝေးရောက် နေအိမ်ပျက်ဆီးဆုံးရှုံးရသူ အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိတွင် ရွာန်ကျေးရွာသား အများစုမှာ ရွာအတွင်း နေထိုင်ခြင်းမရှိဘဲ မိမိတို့၏ တောင်ယာများ သို့မဟုတ် ရွာနှင့်ဝေးရာ တောတောင်များအတွင်း တဲထိုးကာ ခိုလှုံနေကြရသည်။
လူငယ်နှင့် လူလတ်ပိုင်းများကသာ နေ့ခင်းဘက်တွင် ရွာသို့ခဏပြန်လာကာ အခြေအနေကြည့်ရှုခြင်းများ ပြုလုပ်ကြသည်။
ဇန်နဝါရီလ ၅ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွါးခြင်းတစ်စုံတစ်ရာ မရှိဘဲ ဟားခါးမြို့နယ်၊ ဟားလ်တာ (Halta) ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ပြီး မိသားစုဝင် ၄ ဦး အသက်ဆုံးရှုံးခဲ့ရသည့်အပြင် ၄ ဦး ထိခိုက်ဒါဏ်ရာ ရရှိခဲ့ကြသည်။
ယခုလေကြောင်းတိုက်ခိုက်ခံရသော ရွာန်ကျေးရွာသည် ယခင် လေကြောင်းတိုက်ခိုက်ခံခဲ့ရသော ဟားလ်တာ (Halta) ကျေးရွာနှင့် ၇ မိုင်ခန့်သာ ကွာဝေးကြောင်း သိရသည်။

