၎င်းတို့အား ဖမ်းဆီးအရေးယူနိုင်ရေး CDF-Hakha ဆောင်ရွက်လျက်ရှိနေ
(004SS)
ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် တော်လှန်ရေးအမည်ကို အလွဲသုံးစားပြုလုပ်ကာ လက်နက်အတုများဖြင့် ခိုးဆိုးလု ယက်မှုများ ကျူးလွန်နေသည့် လူငယ်အုပ်စုများ ရှိနေကြောင်း ချင်းလန်းကာကွယ်ရေးတပ်ဖွဲ့ ၊ CDF-Hakha ဗဟိုအလုပ် အမှုဆောင်ကော်မတီ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ယင်းသို့ အများပြည်သူအား အနှောင့်အယှက်ပေးနေသည့် ဒုစရိုက်သမားများအား စုံစမ်းဖမ်းဆီး၍ ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဟု ၎င်းအဖွဲ့က ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့တွင် သတိပေး ထုတ်ပြန်ထားခြင်း ဖြစ်သည်။
ထုတ်ပြန်ချက်အရ လက်ရှိ ဟားခါးမြို့ပေါ်တွင် ချင်းအမျိုးသားတပ်မတော် CNA သို့မဟုတ် ချင်းလန်းကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha တို့၏ အမည်ကို အလွဲသုံးစားပြု၍ သေနတ်နှင့် ဗုံးအတုများကို ကိုင်ဆောင်လှုပ်ရှားနေသည့် လူငယ်အများ အပြား ရှိနေကြောင်း သိရသည်။
၎င်းတို့သည် အုပ်စုဖွဲ့ လှည့်လည်ကာ နေအိမ်များကို ဖောက်ထွင်းခြင်း၊ ခိုးယူခြင်းနှင့် လမ်းသွားလမ်းလာ ပြည်သူများကို ရိုက်နှက်နှောင့်ယှက်ခြင်းများ ပြုလုပ်နေကြောင်းလည်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။
အထူးသဖြင့် အသက်မပြည့်သေးသည့် လူငယ်အချို့လည်း ပါဝင်နေပြီး ရိုက်နှက်ခိုးယူရန် အခွင့်အရေး ရှာဖွေနေကြသဖြင့် ဒေသခံပြည်သူများအကြား လုံခြုံရေးအရ အလွန်ပင် စိုးရိမ်ပူပန်မှုနှင့် အနှောင့်အယှက်များ ဖြစ်ပေါ်လျက်ရှိသည်ဟု ဆိုသည်။
အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ ဟားခါးမြို့ပေါ်ဒေသခံအမျိုးသမီးတစ်ဦးက
” ကျွန်မလက်လှမ်းမီတဲ့ ရပ်ကွက် ချင်းဦးစီးတို့၊ ပြည်တော်သာ ဘက်မှာဆိုရင်တော့ သိပ်မကြားမိသေးဘူး။ ဒါပေမဲ့ တခြားနေရာတွေမှာ ဘယ်လိုရှိလဲဆိုတာတော့ မပြောတတ်ပါ ဘူးပေါ့နော်။ အခုလို သတိပေးချက်တွေထွက်လာတယ်ဆိုတော့ တခုခုရှိလို့ဖြစ်မှာပါ။ ဒေသခံတွေအနေနဲ့ မပေါ့ဆဖို့ တော့လိုတယ်၊ သတိထားရမယ်။” ဟု ဟားခါးမြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါ တော်လှန်ရေးအမည်ခံ၍ ဒုစရိုက်ကျူးလွန်နေသူများကို ဥပဒေအတိုင်း ပြင်းထန်စွာ ဒဏ်ခတ်သွားမည်ဖြစ်ပြီး လက်ရှိတွင်လည်း လိုက်လံစုံစမ်း ရှာဖွေနေဆဲဖြစ်ကာ ဖမ်းဆီးရမိပါက CNA အမည်ကို သုံးစွဲထားသူများဖြစ်ပါက CNA ထံ လွှဲပြောင်းပေးမည်ဖြစ်ပြီး CDF အမည်ကို သုံးစွဲထားသူများဖြစ်ပါက CDF-Hakha မှ ကိုယ်တိုင် ပြစ်ဒဏ်ခတ် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကေကာင်း CDF-Hakha က ထုတ်ပြန်ထားသည်။
ဟားခါးမြို့တော်၏ လုံခြုံရေးနှင့် ဒုစရိုက်သမားများ၏ စုဝေးရာမဖြစ်စေရေးအတွက် မိဘများအနေဖြင့် မိမိတို့၏ သားသမီးများကို စနစ်တကျ စောင့်ကြည့်ရန်နှင့် ရပ်ကွက်အတွင်းရှိ စည်းကမ်းရှိသော လူငယ်များနှင့် ပြည်သူများ ပူးပေါင်း၍ ယင်းဒုစရိုက်သမားများကို ဝိုင်းဝန်းဖမ်းဆီးပေးကြရန် CDF-Hakha က တောင်းဆိုထားသည်။
ထို့အပြင် CDF-Hakha အပါအဝင် အခြားသော လက်နက်ကိုင်အဖွဲ့ဝင်များအနေဖြင့်လည်း တရားဝင် တာဝန်ပေးအပ်ခြင်း မရှိဘဲ မြို့အတွင်း မသမာဘဲ သွားလာနေပါက တာဝန်ယူမည်မဟုတ်သည့်အပြင် ပြစ်ဒဏ်ခတ် အရေးယူသွားမည်ဖြစ်ကြောင်း CDF-Hakha ဗဟိုအလုပ်အမှုဆောင်ကော်မတီက ထုတ်ပြန်ထားသည်။

