(006SV)
ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် ပြည်သူလူထုထံမှာ ပိုက်ဆံ အတောင်းကြမ်းနေသည့် ရဲတပ်ဖွဲ့ နယ်ထိန်းကားကို တိုက်ခိုက်ရာ တပ်သား ၁ ဦး သေဆုံးသွားသည်ဟု သိရသည်။
ယနေ့ ဩဂုတ်လ ၇ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ဟားခါးမြို့ပေါ် သီတာလမ်းခွဲတွင် စစ်ကော်မရှင်အသွင်ပြောင်းထားသော စစ်ကောင်စီ၏ ရဲတပ်ဖွဲ့မှ နယ်ထိန်း ဦးဆောင်လားသည့် ကားကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု CDF – ဟားခါးမှ ပြောရေးဆိုခွင့် ရှိသူက ပြောသည်။
“အဲဒီနယ်ထိန်းခေါင်းဆောင်ကို ကျနော်တို့ Target (ပစ်မှတ်ထား) လုပ်တာဖြစ်တယ်။ ဒါနဲ့ နယ်ထိန်းခေါင်းဆောင်တော့ မထိဘူး၊၊ နယ်ထိန်းခေါင်းဆောင်ကို ဘာလို့ လုပ်တာလဲဆိုရင် ဟားခါးမြို့ထဲမှာ သူက နေတာ ကြာသွားပြီ၊၊ သူလုပ်ရပ်တွေကလည်း ရင့်သွားပြီးဆိုတော့ ဆုံးမတဲ့ သဘောနဲ့ လုပ်တာပါ။ မြို့တွင်းမှာ ပြည်သူလူထုဆီကနေလည်း ပိုက်ဆံတွေ မတရားတောင်းတယ်။ ပြည်သူလူထုအတွက်လည်း နယ်ထိန်းခေါင်းဆောင်က ကြမ်းလို့ ဆုံးမတဲ့ သဘောနဲ့ လုပ်တာပါ” ဟု CDF – ဟားခါးမှ ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။
ဟားခါးမြို့ပေါ်တွင် စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့မှ အရာရှိများဖြစ်စေ၊ တပ်မှူးများ ဖြစ်စေ ဟားခါးလူထုကို ပိုမိုဒုက္ခပေးလာမည်ဆိုပါက ဆုံးမသည့် အနေဖြင့် ယင်းကဲ့သို့ တိုက်ခိုက်မှုကို ဆက်လုပ်သွားမည်ဟု ၎င်းကဆက်ပြောသည်။
ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ကလည်း ယနေ့ ဟားခါးမြို့ပေါ်တွင် ရဲကားတစ်စီးကို ချင်းကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက် ရာတွင် ရဲအရာရှိတစ်ဦး ပြင်းထန်းစွာ ဒဏ်ရာများ ရရှိပြီးနောက် သေဆုံးသွားသည်ဟု ထုတ်ပြန်သည်။
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ဟားခါးမြို့ပေါ်မှာ စစ်တပ်နှင့် ချင်းလက်နက်ကိုင်တပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာမှုများ မြင့်တက်လာသည်ဟု CHRO ကဆိုသည်။