(006SV)
ဟားခါးမြို့ပေါ်ရှိ အခြေချစစ်စခန်းငယ်တစ်ခုတွင် စစ်တပ်၏ တပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင်တချို့တို့ စကားများကြရာမှ အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ဒေသခံပြည်သူ ၁ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁ ဦးတို့ သေဆုံးကာ ရဲတပ်ဖွဲ့ဝင် ၁ ဦးမှာ ထွက်ပြေးသွားကြောင်းသိရသည်။
ချင်းပြည်နယ်၊ ဟားခါးမြို့၊ ရှုခင်းသာအနီးက စစ်တပ်၏ စစ်စခန်းငယ်တစ်ခုတွင် ဩဂုတ်လ ၁ ရက် ည ၇ နာရီခန့်မှ စတင်၍ စစ်တပ်လက်အောက်ခံ စစ်သား နှင့် ရဲတပ်ဖွဲ့ဝင်တချို့ အချင်းချင်းစကားများရာမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ဩဂုတ်လ ၁ ရက်နေ့ အဖြစ်အပျက်က တော်တော်လေး ရှုပ်ထွေးတယ်။ ဘာလို့လဲဆိုတော့ စစ်ကောင်စီ ဘက်က ဇာတ်လမ်း ဆင်ပြီးတော့ ကျနော်တို့ကို ပြည်သူက အပြစ်တင်အောင် ဇာတ်ခင်းထားတာပေါ့။ အဲဒီဗျူးပွိုင့်မှာနေတဲ စစ်ခွေးတွေက အချင်းချင်း ပြသနာဖြစ်တာ၊ အဲဒီမှာ တပ်ရင်းမှူးကို ပစ်သတ်ပြီးတဲ့ နောက်မှာ အရင်က အဲဒီမှာ ရဲတွေပဲ ရှိတယ်။ အခုက အဲမှာ စစ်သား ၄ ယောက်ကို လူအင်အား ဖြည့်ပေးတာ။ အဲဒါ စစ်သားတွေက အဲဒီရဲတွေကို စော်ကားပြီးတော့ မင်းတို့က မင်းတို့ တပ်ရင်းမှူးတောင် မကာကွယ်နိုင်ဘူး။ အမျိုးမျိုးပေါ့။ နှိမ်ပြီး ပြောတော့ အချင်းချင်း ရန်ဖြစ်ကြတာပေါ့။ သူတို့ ရန်ဖြစ်သံကို ည ၇ နာရီကျော်ကနေ ပတ်ဝန်းကျင်က ကြားနေရပြီး။ တော်တော်လေး အပြင်းအထန် စကားများတယ်လို့ ကျနော်တို့ သတင်း ရထားတယ်။ သိပ်မကြာခင် သေနတ်ဖောက်သံ ကြားတယ်။ အစပိုင်းမှာ ပစ်ခတ်သံ တချက်စီပဲ ကြားတယ်။ နည်းနည်း ကြာတော့ အော်တိုတွေ တိုက်ပွဲဖြစ် သလို ပစ်တာ၊ နောက်ပြီးမှ ရမ်းသမ်းပစ်ပြီးမှ ပြည်သူတွေနေတဲ့ အိမ်တွေဘက်ကို ချိန်ပစ်တယ်” ဟု CDF – ဟားခါးဥက္ကဌက ပြောသည်။
အဆိုပါ ပစ်ခတ်မှုအတွင်း ဟားခါးမြို့ပေါ်ရှိ ဒေသခံ အသက် ၅၁ နှစ်အရွယ် အမျိုးသမီး ဒေါ်ခရစ်တီးနားထလာမဲ့န်း ၏ ပေါင် ၂ ခုစလုံးကို ကျည်ထိမှန်ခဲ့ပြီး သေနတ်သံများကြောင့် ဆေးရုံသို့ အလျင်အမြန် မသွားနိုင်ခဲ့ကြောင်း သိရသည်။
ကျည်ထိမှန်ရာကို အိမ်မှာပင် ကုသနေရာမှ ည ၁၂ နာရီခန့်မှာ ဒေါ်ခရစ်တီးနားထလာမဲန်း ဆုံးပါးသွားခဲ့သည်ဟု သိရသည်။
ဩဂုတ်လ ၂ ရက် မနက်ပိုင်းတွင် ရှုခင်းသာစစ်စခန်းက ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် ဖျားနာမှုကြောင့် သေဆုံးသည်ဟူ၍ သတင်း လွှင့်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက သဂြိုလ်ခဲ့ကြောင်း၊ အမှန်မှာ အချင်းချင်း ပစ်ခတ်မှုကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု သိရသည်။
စစ်တပ်၏ တပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင်တို့ အချင်းချင်း ရန်ဖြစ်နေစဉ်အတွင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် ထွက်ပြေးလွှတ်မြောက်သွား ခဲ့သည်ဟု သိရသည်။
“မနက်မိုးလင်းတော့ အဲဒီက ရဲတစ်ယောက် ဖျားနာလို့ ဆုံးသွားတယ်ဆိုပြီး သဂြိုလ်တာ ရှိတယ်။ နောက် တနင်္ဂနွေနေ့မှာ CDF ဟားခါး လာပစ်တယ်ဆိုပြီးတော့ အောက်က ဘုရားကျောင်း ၂ ခုကိုလည်း ဝင်ပြီး ဝတ်ပြုစုဝေးသူတွေကို ဖမ်းဆီး စစ်ဆေးတာတွေ ရှိတယ်။ ဒီ့အတိုင်း ပြည်သူတွေက ကြည့်လိုက်ရင် တိုက်ပွဲဖြစ်တဲ့ သဘောမျိုးပေါ့။ ဒါပေမယ့် ကျနော်တို့ သတင်းပြန်လိုက်တော့ စစ်သားတစ်ယောက်က ရဲတစ်ယောက်ကို သေနတ်နဲ့ ပစ်တယ်။ ပစ်ပြီးတော့မှ ပွဲချင်းသေတယ်။ အဲဒါနဲ့ သူတို့က ရန်ဖြစ်ရင်းနဲ့ ရဲတစ်ယောက်က ထွက်ပြေးသွာတယ်တဲ့။ ဘုရားကျောင်းဘက်ကို ဆင်းသွားတာ ရှိတယ်တဲ့၊၊ အဲလိုနဲ့ သူတို့က အချင်းချင်း ပစ်သတ်တယ်ဆိုတာ အထက်လူကြီးတွေ သိရင် သူတို့ ခံရမှာ စိုးလို့ ဇာတ်ခင်းသွားတာပေါ့။ ကျနော်တို့ သွားပစ်လို့ တိုက်ပွဲ ဖြစ်သလိုလိုနဲ့” ဟု CDF – ဟားခါး ဥက္ကဌက ပြောသည်။
ဟားခါးမြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့တချို့သည် အဆိုပါ ဖြစ်စဉ်ကို ဖုံးကွယ်ရန်အတွက် ယခုကဲ့သို့ ဇာတ်လမ်းစဉ်ကာ ဖြစ်စဉ်အမှား၊ သတင်းအမှားများ ထုတ်လွှင်နေခြင်းဖြစ်သည်ဟု သိရသည်။
ဩဂုတ်လ ၁ ရက်က CDF ဟားခါး တပ်ဖွဲ့သည် ဟားခါးမြို့ပေါ်တွင် မည်သည့် စစ်ဆင်ရေးမှ သွားရောက်ပြုလုပ်ခြင်း မရှိကြောင်း CDF – ဟားခါး ဥက္ကဌထံမှ သိရသည်။
ယခုရက်ပိုင်း ဟားခါးမြို့ပေါ်တွင် CDF တပ်ဖွဲ့များ လာရောက်ပစ်ခတ်သည်ဟူ၍ သတင်း လွှင့်ကာ ဒေသခံပြည်သူများကို စစ်ဆေးခြင်း၊ ဧည့်စာရင်း စစ်ခြင်းများကို လိမ်လည် ပြုလုပ်နေသည်ဟု သိရသည်။
တော်လှန်ရေး ၅ နှစ်ကျော်ကာလအတွင်း CDF – ဟားခါးတပ်ဖွဲ့သည် ဟားခါးမြို့ပေါ်စစ်ဆင်ရေး ၁၅၀ ကျော် ပြုလုပ်ခဲ့ပြီး လူထုထိခိုက်မှု မရှိအောင်သာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

