(004SS)
ချင်းပြည်နယ်မြို့တော် ဟားခါးမြို့အခြေစိုက် ရဲတပ်သားတစ်ဦးသည် လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း CDF-Hakha က ယနေ့တွင် သတင်းထုတ်ပြန်သည်။
အဆိုပါအလင်းဝင်လာသူ ရဲသားသည် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့ဘဲ ပြည်သူ နှင့်အတူ တော်လှန်ရေးတွင် ပါဝင်မည်ဟုဆိုကာ ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့တွင် CDF- Hakha ထံ အလင်းဝင်လာခြင်းဖြစ်သည်ဟု သိရသည်။
လက်နက်နှင့်အတူ အလင်းဝင်လာရဲတပ်သားကို CDF-Hakha မှ ဝမ်းအမြာက်စွာ ကြိုဆိုကြောင်း၊ ဆုငွေ ချီးမြှင့်ပြီးနောက် လုံခြုံသောနေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
စစ်အာဏာရှင်လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့ဘဲ ပြည်သူနှင့်အတူ ရပ်တည်ကာ တော်လှန်ရေးတွင် ပါဝင်ချင်သော မည်သူမဆို အလင်းဝင်လိုပါက CDF- Hakha ထံအချိန်မရွေးဆက်သွယ်နိုင်ကြောင်းနှင့် လုံခြုံသောနေရာရောက်သည်အထိ တာဝန်ယူပေးမည်ဖြစ်ကြောင်း CDF-Hakha က အသိပေးထားသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့ကလည်း ဟားခါးမြို့ ခြောက်လမ်းဆုံတွင် တာဝန်ထမ်းဆောင်ခဲ့သော ရဲတပ်သားတစ်ဦး CDF-Hakah ထံ လက်နက်နှင့်အတူ အလင်းဝင်လာခဲ့ပြီး ဆုငွေချီးမြှင့်ကာ လုံခြုံသောနေရာသို့ ပို့ဆောင်ခဲ့ပြီးဖြစ်သည်။