(04SS)
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် Passport ရုံးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha အကြား ပစ်ခတ်မှုဖြစ်ပွါးပြီး ဟားခါးမြို့ ပါတ်လမ်းအနီးရှိ ခရိုင် တိုင်းရင်းဆေးရုံ ကွာတာအား ဗုံးထိမှန်ကာ ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဇွန်လ ၂၇ ရက်ည ၈ နာရီခွဲဝန်းကျင်တွင် ဟားခါးမြို့ Passport ရုံးတွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့များအား ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်မှ သွားရောက်ပစ်ခတ်ခဲ့ကာ နှစ်ဖက်တိုက်ပွဲ ၅ မိနစ်ခန့် သာကြာမြင့်ခဲ့ကြောင်း သိရသည်။
CDF-Hakha မှ တာဝန်ရှိသူတစ်ဦးက “Passport ရုံးမှာ ရဲတွေရော စစ်သားတွေရော ပုံမှန်အားဖြင့် ၁၀ ယောက်က ကင်းစောင့်လေ့ရှိတယ်လို့ ကျွန်တော်တို့ သိရတယ်ပေါ့နော်။ ပြီးတော့ passport ရုံးက အကြီးအကဲတေက ပစ္စတောလ်ကိုယ်စီကိုင်ကြတယ် လို့လဲ ကြားတာပေါ့။ ဒါကြောင့် မနေ့ညက အကြာကြီးမဟုတ်ဘူး ၅ မိနစ်လောက်ရှိမယ် ကျွန်တော်တို့ လက်နက်ငယ်တွေနဲ့ သွားပစ်ကြတာပေါ့” ဟု ပြောသည်။
ထိုပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးမှုရှိမရှိ မသိရသော်လည်း CDF-Hakha တပ်ဖွဲ့ဘက် အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွါနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ကာကွယ်ရေးတပ်ဖွဲ့များ ရှိနိုင်မည်ဟု ထင်သည့် နေရာများသို့ လက်နက်ကြီး ၃ လုံးနှင့် လက်နက်ငယ်များဖြင့်ရမ်းသမ်း ပစ်ခတ်ခဲ့ရာ မြို့ပါတ်လမ်းရှိ ခရိုင်တိုင်းရင်းဆေးကွာတာအား လက်နက်ကြီးကျည်ထိမှန်ကာ အမိုး၊ ပြတင်ပေါက်များ ပျက်ဆီးပြီး အိုးအိမ်ရုံး အကျော်ရှိ ဆောက်လက်စအိမ်တစ်လုံးလည်း သေနတ်ကျည်အများအပြားထိမှန်ကြောင်း သိရသည်။
ယခုတလော ဟားခါးမြို့ Passport ရုံးရှိ တာဝန်ရှိသူများသည် ရုံးသို့လာရောက်သူများအား ကြမ်းတမ်းစွာ ပြောဆိုဆက်ဆံနေကြကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ဇွန် ၂၈ ရက် မနက်ပိုင်းတွင် passport ရုံးအနီးတဝိုက်သို့ စကစတပ်နှင့်ရဲများ အင်အားအများအပြား ရောက်ရှိလာပြီး လုံခြုံးရေးယူကာ ၎င်းရုံးနှင့် စသုံးလုံးရုံအား မှတ်တမ်းဓါတ်ပုံများ ရိုက်ယူလျက်ရှိနေကြသည်ဟု သိရသည်။