(006SV)
ချင်းပြည်နယ်၊ ဟားခါး-ထန်တလန်က ချင်းပြည်အစိုးရပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများအတွင်း CDF – Zotung မှ ဒုတပ်ရင်းမှူးနဲ့ တပ်စုမှူးတို့ ကျဆုံးသွားကြောင်း သတင်းရရှိသည်။
အောက်တိုဘာလ ၁၆ ရက်က ဟားခါး- ထန်တလန်ကြားက တိုက်ပွဲများတွင် CDF – Zotung မှ ဒု-တပ်ရင်းမှူး ဆလိုင်းထွန်မာန်းနှင့် တပ်စုမှူး ဆလိုင်းအာလျန်တို့ ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း CDF- Zotung က အောက်တိုဘာလ ၁၇ ရက်က ထုတ်ပြန်သည်။
အာဏာရှင်စနစ်အမြစ်ပြတ် ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရှေ့တန်းတစ်နေရာတွင် တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာ ကျဆုံးသွားသော ၎င်းတို့ကို လေးစားဂုဏ်ပြုကြောင်းနှင့် ကျန်ရစ်သူ မိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းကြောင်း CDF- Zotung ကထုတ်ပြန်သည်။
စစ်ကောင်စီသည် ဟားခါး- ထန်တလန်ကြားက လက်လွှတ်ခဲ့ရသော ဗျူဟာအရ အရေးပါသော စစ်စခန်းများကို ပြန်လည်သိမ်းနိုင်ရေး အောက်တိုဘာလ ၁၃ ရက်က ဟားခါးမှ စစ်ကား ၇ စီးဖြင် စစ်ကြောင်းထိုးလာခဲ့ရာ ၁၄ ရက်မှစတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၁၅ ရက်တွင် စစ်ကောင်စီသည် ဂျက်ဖိုက်တာ၊ ဒရုန်း၊ လက်နက်ကြီးပစ်ကူများ အသုံးပြု၍ ချင်းပူးပေါင်းတပ်နှင့် တနေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးကျော် ကျဆုံးကာ ထိခိုက်ဒဏ်ရာများ များပြားခဲ့ကြောင်း ချင်းပူးပေါင်းတပ်က ထိခိုက်ကျဆုံးမှုမရှိခဲ့ကြောင်း ဆလိုင်းထက်နီက ပြောသည်။
သို့ရာတွင် အောက်တိုဘာလ ၁၆ ရက်စတင်၍ ဟားခါး- ထန်တလန်ကြားက တိုက်ပွဲများတွင် ချင်းပြည်အစိုးရပူးပေါင်းတပ်မှ ထိခိုက်ကျဆုံးမှုများ ရှိလာခဲ့ခြင်းဖြစ်သည်။
ထန်တလန်မြို့သိမ်းတိုက်ပွဲတွင်လည်း ချင်းပူးပေါင်းတပ်ဖွဲ့က CDF ထန်တလန် စစ်ဦးစီးချုပ်အပါအဝင် ရဲဘော်တချို့ ကျဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။