Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“အစိုးရဝန်ထမ်းတွေက အရှေ့ကိုထွက်ပြီး CDM လှုပ်ရှားမှုတွေမှာပါဝင်ကြတယ်ဆိုတဲ့ အတွက်ကြောင့် ကျမတို့ တော်လှန်ရေးကလည်းပိုပြီးတော့မှ အဓိပ္ပါယ်ရှိလာတယ်ဆိုတဲ့ ဟာလေးကိုလည်း လူကြီးတွေအနေနဲ့ ပြန်ပြီးတော့မှ အမှတ်ရစေချင်တယ်”

“အစိုးရဝန်ထမ်းတွေက အရှေ့ကိုထွက်ပြီး CDM လှုပ်ရှားမှုတွေမှာပါဝင်ကြတယ်ဆိုတဲ့ အတွက်ကြောင့် ကျမတို့ တော်လှန်ရေးကလည်းပိုပြီးတော့မှ အဓိပ္ပါယ်ရှိလာတယ်ဆိုတဲ့ ဟာလေးကိုလည်း လူကြီးတွေအနေနဲ့ ပြန်ပြီးတော့မှ အမှတ်ရစေချင်တယ်”

0
By Editor on September 28, 2022 Featured

CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာသော တက္ကသိုလ်ကထိက ဒေါက်တာမေရီနှင့် ဆက်သွယ်မေးမြန်းချက်

ခိုနူမ်းသုန်သတင်း၊ ၂၆ စက်တင်ဘာ ၂၀၂၂

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော်အာဏာကို ရွေးကောက်ခံအစိုးရဆီကနေ မတရားသိမ်းယူခဲ့ပြီးနောက်ပိုင်း ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ရှိစပြုနေတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟာ အမှောင်ထုကို တဖန် ပြန်လည်ကျရောက်ခဲ့ရပါတယ်။ ဒီလိုနိုင်ငံတော် အာဏာသိမ်းယူမှုကို ဆန့်ကျင်ကန့်ကွက်ပြီး အာဏာရှင်စနစ်ဖြုတ်ချရေးအတွက် နိုင်ငံတစ်ဝှမ်းမှာ ပြည်သူ လူထုနဲ့အတူ အစိုးရဝန်ထမ်းတွေဟာလည်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု Civil Disobedience Movement (CDM) မှာ ပူးပေါင်းပါဝင်လာခဲ့ကြပါတယ်။

သူတို့တွေဟာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို လက်မခံကြတဲ့အပြင် အာဏာရှင်ရဲ့ လက်အောက်မှာ အလုပ်ဆက်လက် မလုပ်ချင်တော့တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အဲဒီလို အကြမ်းမဖက် အာဏာဖီဆန် ရေးလှုပ်ရှားမှုမှာ ဥပဒေပညာနဲ့ Ph.D ဘွဲရရှိထားသူ ချင်းအမျိုးသမီး တက္ကသိုလ်ကထိက ဒေါက်တာမေရီလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ဒေါက်တာမေရီဟာ မုံရွာတက္ကသိုလ်မှာ (LLB) ဥပဒေဘွဲ့ ရရှိပြီးနောက် မန္တလေးမြို့ ရတနာပုံတက္ကသိုလ်ကနေ ဥပဒေ မဟာဘွဲ့ကို ထပ်မံရရှိခဲ့ပါတယ်။ အဲဒီနောက် Ph.D ဘွဲ့ကို မန္တလေးတက္ကသိုလ်ကနေ ထပ်မံရရှိခဲ့ပြီး မြစ်ကြီးနား၊ မုံရွာနဲ့ မန္တလေး အဝေးသင်တက္ကသိုလ်တွေမှာ ဥပဒေဘာသာရပ်ကို သင်ကြားပေးနေတဲ့ ကထိကဆရာမတစ်ဦးလည်း ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှု ဖြစ်ပွားတဲ့နောက်မှာတော့ အကြမ်းမဖက်စစ်အာဏာရှင်စနစ် ဆန့်ကျင်ဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်လာပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံခဲ့ပါတယ်။

ဒေါက်တာမေရီကို ခိုနူမ်းသုန်သတင်းဌာနက အခုလို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ဆရာမအနေနဲ့ ဘာကြောင့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့ရတာပါလဲ။

ဖြေ။ ။ ပထမ အနေနဲ့ပြောရရင် အရင် ၆၂ ခုနှစ်ကနေ စစ်အာဏာသိမ်းကတည်းက စစ်အုပ်ချုပ်ရေးအောက်က ပညာရေးမှာပဲ ကျွန်မတို့ကြီးပြင်းခဲ့ရတာပေါ့နော်။ ဆိုတော့ ကျွန်မတို့ တက္ကသိုလ်ဆရာ/ဆရာမ တို့ပြန်ဖြစ်လာတဲ့အခါမှာ ကျွန်မတို့က ကမ္ဘာကြီးရဲ့တိုးတက်မှုတွေမှာ ဘယ်လောက်ကွာဟသွားလဲဆိုတာ ကိုယ်တိုင်ခံစားလာရတယ်၊ စစ်အုပ်ချုပ် ရေးဟာ မကောင်းဘူးဆိုတာ ကျွန်မတို့ ငယ်ငယ်ကတည်းက အခုထိ စိတ်ထဲမှာ စီးဝင်နေတယ်ပေါ့နော်။ ခုနောက်ပိုင်း အရပ်သား အစိုးရပေါ်ပေါက်လာတဲ့အခါမှာ ပညာရေးစနစ်တွေ အရမ်းကောင်းလာတယ်၊ အဖက်ဖက်က တိုးတက်မှုတွေ ကျွန်မတို့ မြင်ခဲ့ရတယ်၊ ရှင်းရှင်းပြောရင် ကျွန်မတို့က ကမ္ဘာကြီးကို ပြန်ပြီးတော့မှ မိတ်ဆက်နိုင်တယ် ပြန်မြင်နိုင်ဆိုတဲ့ ဟာမျိုးတွေ ဖြစ်လာတယ်ပေါ့နော်၊ ဆိုတော့ ဒီလိုအခြေနေမျိုးမှာ ကျွန်မတို့က အရင်ဘဝ အမှောင်ကမ္ဘာထဲကို လုံးဝပြန်မ သွားချင်ဘူး၊ ကိုယ်တိုင်ကိုယ်က လုံးဝဆုံးဖြတ်ပြီးသား ဒီစစ်အုပ်ချုပ်ရေးအောက်မှာ ကျမတို့လုံးဝ အလုပ်လုပ်မှာမဟုတ်ဘူး၊ ဒီစစ်အုပ်ချုပ်ရေးအောက်မှာ ကျမတို့ ပညာတွေသင်ကြားနေမှာဟုတ်ဘူး၊ ပညာတွေကို မျှဝေနေမှာမဟုတ်ဘူးဆိုတဲ့စိတ်နဲ့ CDM ပါဝင်ခဲ့တယ်ပေါ့နော်။

နောက်တစ်ခုကကြတော့ ဒီလိုမျိုး အာဏာသိမ်းလာတဲ့အချိန်မှာ ကျွန်မတို့တိုင်းပြည်က အမှောင်လောကထဲရောက်သွားပြီး၊ တကယ့် အန္တရာယ်ထဲကို ရောက်သွားပြီး၊ မကောင်းတဲ့ အုပ်ချုပ်ရေးစနစ်ထဲကိုရောက်သွားပြီး အဲ့ချိန်မှာ ကျွန်မတို့တိုင်းပြည် က ကျွန်မတို့ကိုလိုအပ်နေတယ်။ ကျမတို့ ဒီအချိန်မှာ မပါဝင်ရင်၊ ဘယ်အချိန်မှာ ပါဝင်မှာလဲဆိုတဲ့အတွေးမျိုးလည်း ရှိတယ် ပေါ့နော်။ ကိုယ့်ရဲ့တိုင်းပြည်က ကိုယ့်ကိုလိုအပ်တဲ့အချိန်မှာ ကိုယ်က ပေးဆပ်ရမယ်ဆိုတဲ့ တာဝန်က ကျွန်မတို့မွေးရာပါ တာဝန်ပါခဲ့တယ်ဆိုတဲ့အချက် နှစ်ချက်နဲ့ပဲ ကျွန်မက အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့တဲ့ အကြောင်းရင်း ဖြစ်ပါတယ်။

မေး။ ။ ခုဆိုရင် ဆရာမက CDM လုပ်ပြီး တိုင်းတပါးကို ရောက်ရှိနေရပြီပေါ့နော်။ ကိုယ့်ဘဝမှာ ဒီလိုတိုင်းပြည်ကနေ ထွက်ပြေးပြီး ဒီလိုဘဝရောက်လာမယ့်လို့ တွေးဖူးလား။ ခု တကယ်ဖြစ်လာတော့ ဘယ်လိုခံစားရလဲ။

ဖြေ။ ။ တစ်ခါမှလည်း ဒီစစ်တပ်က အာဏာသိမ်းမယ်လို့ မတွေးခဲ့ဖူးဘူး။ ကြုံလည်းမကြုံးခဲ့ဖူးဘူးပေါ့နော်၊ ကိုယ်တွေ ကြုံခဲ့တဲ့အချိန် ၈၈ အရေးခင်းတုန်းကလည်း ကိုယ်တွေအရမ်းငယ်သေးတဲ့ဟာမျိုးတွေဖြစ်တဲ့အတွက်ကြောင့် အာဏာ သိမ်းမှုရဲ့ နောက်ဆက်တွဲအကျိုးသက်ရောက်မှုကို ခံစားရပေမဲ့ ကိုယ်ကိုတိုင်မမြင်ခဲ့ရဘူး။ အခုကြတော့ ကျွန်မတို့ ကိုယ်တိုင်မြင်လာတယ်ပေါ့နော်။ တခါမှ ဒီလိုပုံစံမျိုး ဒီလိုဘဝမျိုး ရောက်ရမယ်ဆိုတဲ့ဟာမျိုးကို တစ်ခါမှမတွေးဖူးဘူး ပေါ့နော်။ ပြီးတော့မှ နောက်တစ်ချက်က ကျွန်မက ဒီ Ph.D စာတမ်းကို ဒုက္ခသည်ဘဝမျိုးတွေနဲ့ပက်သက်ပြီး ဘွဲ့ရခဲ့ တာဆိုတော့ ကျမက သီအိုရီနဲ့ လေ့လာခဲ့ရတဲ့ စာတွေကို အခုကျမလက်တွေ့မှာ ပြန်ပြီးတော့မှ ခံစားရသလိုဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဘက်ကနေ တစ်ဖက်တစ်လမ်းအနေနဲ့ ဒီဒုက္ခသည်တွေအတွက် စိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ် တစ်ခြားလိုအပ်ချက်တွေမှာ ကျမအနေနင့် အများကြီးကူညီနိုင်လိမ့်မယ်လို့တော့ခံစားရပါတယ်။

မေး။ ။ စစ်အာဏာသိမ်းတာ ခုဆိုရင် ၁ နှစ်နဲ့ ၈ လကျော်လာပြီပေါ့လေ။ ကိုယ်က CDM လုပ်ပြီး တခြားနိုင်ငံမှာ ခိုလှုံနေရတော့ ဘယ်လိုအခက်အခဲစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရလဲ။

ဖြေ။ ။ အဓိကတော့ ကျမတို့က ကိုယ်တိုင်လည်း ဥပဒေသင်ကြားတဲ့ဆရာမ ဖြစ်တဲ့အတွက်ပေါ့နော် ဒီတဘက်နိုင်ငံထဲကို ဘာစာရွက်စာတမ်းမှ မပါဘဲရောက်လာတဲ့အခါကျတော့ နောက်ကျောမလုံဘူးပေါ့နော်။ ကိုယ်တိုင်ကလည်း ဒုက္ခသည် ဖြစ်တယ်ဆိုပေမယ့်လည်း ကိုယ်သွားတဲ့နိုင်ငံက ဒုက္ခသည်နဲ့ ပတ်သက်ပြီးတော့မှ မူဝါဒ တိတိကျကျ မရှိတဲ့နိုင်ငံမှာ ဖြစ်နေတော့ နောက်ကျောမလုံတဲ့ဟာမျိုးတွေခံစားရတယ်။ ဒီရောက်လာတဲ့အခါမှာ အခက်ခဲလို့ပြောတဲ့အခါမှာ ကိုယ်ကိုယ်တိုင်ကတော့ အလုပ်နဲ့ ပတ်သက်တာပဲဖြစ်ဖြစ် အခက်ခဲတွေကိုကျော်လွှားနိုင်တယ်၊ ကျမဒီရောက်တော့ နှစ်လလောက်ပဲ အမျိုးတွေအိမ်မှာနေပြီးတော့ တစ်ခြားအလုပ်ကို ရွှေ့ပြောင်းလုပ်နိုင်လာတယ်၊ အခြားအကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM ဝင်လာတဲ့သူတစ်ချို့ တော်တော်လေးကို အဆင်မပြေတာကို တွေ့ရတယ်ပေါ့နော်။ အခက်ခဲအများကြီးတွေနဲ့ ရင်ဆိုင်နေရတဲ့ဟာတွေ တွေ့ရတယ်၊ ကျမတို့ကျတော့ ဒီမှာလည်း ကိုယ်နဲ့သိတဲ့ ဆွေမျိုး သားချင်းတွေ ရှိတဲ့ဟာမျိုးတွေဖြစ်တော့ တစ်ချို့နေရာကတော့ အများကြီး သက်သာတယ်။

မေး။ ။ CDM လုပ်တဲ့သူတွေဟာ အချိန်တွေကြာလာတော့ အခက်အခဲတွေ အများကြီးကြုံလာရတယ်လို့လည်း သိရတယ်။ ဒီကိစ္စအပေါ် ဆရာမအနေနဲ့ ဘာများပြောချင်လဲ။

ဖြေ။ ။ ဒီဘက်ကို ဒုက္ခသည်အနေနင့် ရောက်လာတဲ့ အကြမ်းမဖက် အာဏာဖီဆန်းရေးလှုပ်ရှားမှုတွင် ပါဝင်တဲ့သူတွေ အများကြီး တွေ့ရတယ်ပေါ့ နော်။ ကျွန်မတို့ နှစ်တွေကြာလာတော့ အလုပ်အကိုင်လည်း မရှိဘူး၊ အထောက်အပံ့တွေလည်း ကောင်းကောင်းမရဘူး ဆိုတဲ့ဟာလည်း အများကြီးကြုံရတယ်ပေါ့နော်။ ဒီဘက်မှာဆိုရင် တကယ့်ကို ဆေးကုတဲ့ သူနာပြုက အိမ်ဖော်လုပ်ရတဲ့ ဟာမျိုးပေါ့နော်။ ပြီးတော့မှ ကျောင်းဆရာ လုပ်တဲ့လူတစ်ယောက်က တောထဲမှာ ကျောက်ခွဲသွားရ တယ်၊ ဝါးခုတ်ပြီး ရောင်းရတယ်။ မြေဖြူကိုင်တဲ့လက်က ကျောက်ထုတဲ့လက်ဖြစ်သွားတဲ့ဟာမျိုးတွေ ဒီလိုမျိုး အခက်ခဲ အများကြီး ကြုံရတယ်နော်။ ကျွန်မကိုယ်တိုင်က အလုပ်အကိုင်ရှိတယ်ဆိုရင်တောင်မှ အရင်လိုမျိုး နောင်သုံးနှစ်ကြရင် ကျမတို့ ဘာလုပ်ရမလဲဆိုတဲ့ စီမံကိန်းတွေ ဘယ်လိုမှ အစီစဉ်ချမှတ်လို့ မရဘူးပေါ့နော်။ ဒီနေ့အတွက်ရယ် မနက်ဖြန်အတွက်ကိုပဲ ကျမတို့ စဉ်စားနိုင်တဲ့အခါကြတော့ ကိုယ့်ရဲ့အနာဂတ်က ပျောက်နေသလိုမျိုး ခံစားရတယ်။

မေး။ ။ ဒီလိုအခြေအနေမျိုးမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေကဖြစ်ဖြစ် ဘယ်လိုဆောင်ရွက်မှုတွေ လုပ်ဆောင်သင့်ပါလဲ။

ဖြေ။ ။ အဓိက စိတ်ပိုင်းဆိုင်ရာအများကြီးခံစားရတဲ့အခါကျတော့ ဖြစ်နိုင်ရင်တော့ ကျွန်မတို့က ဒီဟာနဲ့ပတ်သက်ပြီး ဒီဘက်မှာလည်းလိုအပ်လို့ မြန်မာ CDM Association ဆိုပြီးတော့မှ CDM တွေ ကိုယ်တိုင်ကနေ ကိုယ်ထူကိုယ်ထလုပ်ပြီး တော့မှ စိတ်အားတွေ ပြန်တက်လာအောင်ပေါ့နော် လိုအပ်တဲ့ capacity building လေးတွေ တည်ဆောက်လို့ရအောင်ဆိုပြီးမှ CDM Association ဖွဲ့ထားတဲ့ဟာမျိုးတွေလည်း ပေါ်လာတဲ့ဟာလည်း ရှိတယ်။ ပြောရမယ်ဆိုရင် ကျမတို့ရဲ့ အခက်ခဲတွေကို ကျမတို့ဘာသာ ဖြေရှင်းဖို့ နည်းလမ်းတွေ ရှာကြတဲ့ဟာမျိုးတွေ ရှိတယ်ပေါ့နော်။

တဖက်မှာတော့ ဒီအပေါ်မှာ သက်ဆိုင်တဲ့ NUG အစိုးရဘက်ကဖြစ်ဖြစ် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC အဖွဲ့အစည်းလိုမျိုးတွေက ချင်းပြည်နယ်မှာရှိတဲ့ CDM တွေနဲ့ ပတ်သက်ပြီးတော့မှ စိတ်ဓာတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်၊ ရုပ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ် ကူညီဆောင်ရွက်တဲ့ဟာမျိုးတွေ အလေးထားပြီးတော့မှ လုပ်စေချင်တယ်ပေါ့နော်။ ပြောရမယ်ဆိုရင် ကျမတို့ဝန်ထမ်းတွေ အကုန်လုံးက ရုံးတက်ပြီးတော့မှ PDF၊ CDF တွေပဲ ဒီလိုမျိုးတော်လှန်ရေးလုပ်နေမယ်ဆိုရင် တော်လှန်ရေးပုံစံ အခြေအနေက လုံးဝအများကြီး ပြောင်းလဲသွားမှာပေါ့နော်။ အစိုးရဝန်ထမ်းတွေအကုန်လုံးက အရှေ့ကို ထွက်ပြီး ဒီတော်လှန်ရေးမှာ ပါဝင်ကြပြီးတော့မှ CDM လှုပ်ရှားမှုတွေမှာ ပါဝင်ကြတယ်ဆိုတဲ့အတွက်ကြောင့် ကျမတို့ တော်လှန်ရေးကလည်းပိုပြီးတော့မှ အဓိပ္ပါယ်ရှိလာတယ်ဆိုတဲ့ဟာလေးကိုလည်း လူကြီးတွေအနေနဲ့ ပြန်ပြီးတော့မှ အမှတ်ရစေချင်တယ်။

မေး။ ။ မီဇိုရမ်ဘက်ရောက်တော့ ဆရာမအနေနဲ့ ဘယ်လိုအခန်းကဏ္ဍကနေ နွေဦးတော်လှန်ရေးမှာ ဆက်လက်ပါ ဝင်နေပါလဲ။

ဖြေ။ ။ ကျွန်မ ဒီကိုရောက်လာတော့ Institute of Chin Affairs (ချင်းရေးရာအဖွဲ့) မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဓိကတော့ ကျွန်မတို့ ဒီတော်လှန်ရေးနဲ့ ပက်သက်တဲ့ လုပ်ငန်းတွေမို့လို့ ကျမပါဝင်ခဲ့တာပေါ့နော်။ ဥပမာအားဖြင့် ကျမတို့ ချင်းလူမျိုးတွေ၊ ချင်းပြည်နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကို ကျွန်မတို လေ့လာရတယ်၊ အချက်လက်တွေကို ယူရတဲ့ ကဏ္ဍမျိုးတွေပေါ့နော်၊ ပြီးတော့မှ မီဇိုရမ်က ဒုက္ခသည်တွေရဲ့ ကိစ္စရပ်တွေပေါ့၊ အထူးသဖြင့် ကျမက ပညာရေးဘက်က ဖြစ်တဲ့အတွက်ကြောင့် မီဇိုရမ်ဘက်က ဒုက္ခသည်တွေရဲ့ ပညာရေးကဏ္ဍတွေမှာ ဘယ်လိုမျိုးပါဝင် ဆောင်ရွက်ပေးရမလဲ ဆိုတဲ့ဟာမျိုးပေါ့နော်။ ဒါက NGO အခန်းကဏ္ဍဘက်ကနေ ပါဝင်တဲ့အပိုင်းပေါ့နော်။ မီဇိုရမ် တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီးတော့မှ ဘွဲ့ရပြီးသားလူတွေ သူတို့တွေအတွက် ဘယ်လိုမျိုးပညာကို ဆက်လက်သင်ယူ နိုင်မလဲဆိုတဲ့ဟာမျိုးတွေကို ရှာဖွေပြီးတော့မှ လုပ်ပေးရတဲ့အခန်းကဏ္ဍတွေရှိတယ်။

ကိုယ်ရေးကိုယ်တာအနေနဲ့ကတော့ CDM ကျောင်းသားတွေနေနဲ့ သူတို့ရဲ့ရောက်တဲ့နေရာကနေ သူတို့သင်ကြားချင်တယ်၊ လေ့လာချင်တယ်ဆိုရင် သူတို့အချိန်မရွေး လေ့လာလို့ရအောင်ပေါ့နော် ကျွန်မတို့က အသံသွင်းပြီးတော့မှ သင်ခန်းစာတွေကို လုပ်ပေးတဲ့ဟာမျိုးတွေ ရှိတယ်။ နောက်ပြီးတော့ အဲ့တာတွေကိုဖြန့်ပေးတယ်။ ကျောင်းသားတွေက သူတို့ရောက်တဲ့ နေရာတိုင်းမှာ အင်တာနက်လိုင်းရတယ်ဆိုရင်တော့ သူတို့ဆက်ပြီးတော့မှ သူတို့ရဲ့ပညာရေးအဆက်မပြတ်အောင် လုပ်ပေးတဲ့အပိုင်းပေါ့နော်။

မေး။ ။ မီဇိုရမ်ပြည်နယ်မှာရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေရဲ့ လက်ရှိအခြေအနေကို ဆရာမတို့ လေ့လာမိ သလောက် ပြောပြပေးလို့ရမလား။ စစ်ဘေးရှောင်တွေ စားနပ်က္ခာအခြေအနေ၊ ပညာရေးအခြေနေတွေကဘယ်လိုရှိလဲ။ အဓိက ဘာတွေ လိုအပ်တယ်လို့ထင်လဲ။

ဖြေ။ ။ ပြောရမယ်ဆိုရင် အန္ဒိယနိင်ငံက ဒုက္ခသည်နှင့်ပက်သက်ပြီးတော့ မူဝါဒ မရှိဘူး။ ဒုက္ခသည်နင့်ပက်သက်တဲ့ နိုင်ငံတကာ စာချုပ်ကို လက်မှတ်ရေးထိုးထားတာ မရှိဘူး။ ဒါပေမယ့် မီဇိုရမ်ပြည်နယ်အစိုးရက မြန်မာဒုက္ခသည်တွေကို နွေးနွေးထွေးထွေးနဲ့ ကြိုဆိုတယ်ပေါ့နော်။ ဒီမှာ လွတ်လွတ်လပ်လပ်နေလို့ရအောင် သူတို့က ဖန်တီးပေးတယ်။ ပြီးတော့မှ သူတို့ကိုယ်တိုင် နိုင်ငံတကာတွေမှာ သွားပြီးတော့မှ မြန်မာဒုက္ခသည်တွေကို မမေ့ဖို့နဲ့ ကူညီပေးဖို့၊ ပြီးတော့ မြန်မာ ဒုက္ခသည်အတွက် လုံခြုံမှု မရှိမခြင်း နေရပ်ပြန်မပို့ဖို့ဆိုတဲ့ဟာမျိုးတွေပေါ့နော်၊ ဒါဟာ တကယ့်ကို နိုင်ငံတကာ ဥပဒေနဲ့လည်း ကိုက်ညီတယ်ပေါ့နော်။ ကျမတို့အတွက် အန္တရယ်ရှိတယ်လို့ထင်ရတဲ့ ဒေသအရပ်ကို ကျမတို့ကို ပြန်ပို့ဆောင်လို့ မရဘူးဆိုတဲ့ဟာမျိုး ဒီနိုင်ငံတကာ ဥပဒေစံနှုန်းတွေကို လိုက်နာပြီးတော့မှ ကျွန်မတို့ကို စောင့်ရှောက်တယ်ဆိုတဲ့ဟာကို တွေ့ရတယ်။

ဒါပေမယ့် တဖက်ကနေ ခုနပြောသလိုပေါ့နော် မီဇိုရမ်ပြည်နယ်မှာပဲဖြစ်ဖြစ်၊ အိန္ဒိယမှာပဲဖြစ်ဖြစ် အဓိကတော့ ကမ္ဘာ့အဖွဲ့စည်းတွေ နိုင်ငံတကာအဖွဲ့စည်းတွေက တရားဝင် ဝင်ရောက်ဖို့ အခွင့်အရေး မရှိနေဘူးပေါ့နော်။ ဥပမာ ဒုက္ခသည်နဲ့ ပတ်သက်ပြီးတော့မှ အဓိကအဖွဲ့စည်းဆိုရင် UNHCR ရှိတယ်။ ဒါပေမယ့် အဲ့ဒီ UNHCR က ဒီဘက်မှာ လာပြီးတော့မှ အလုပ် မလုပ်နိုင်ဘူးဆိုတဲ့ အခါကျတော့ ကျမတို့ ရေရှည်လိုအပ်ချက်ကို ဘယ်လိုမျိုး ဖြည့်ဆည်းပေးရမလဲ ဆိုတဲ့ဟာကို ကျမတို့လည်း စိုးရိမ်တယ်။

အဲ့လိုပဲ ဒီမီဇိုရမ်ပြည်နယ်အစိုးရမှာလည်း စိုးရိမ်မှု ရှိလိမ့်မယ်လို့တော့ ကျမတို့ယုံတယ်။ ပြီးတော့မှ ကျမတို့က လူတစ်ယောက်အတွက်ပေါ့နော် တစ်နှစ် အာဟာရ ဘယ်လောက်ပြည့်စုံရမယ်ဆိုတဲ့ သတ်မှတ်ချက်ရှိတယ်ပေါ့နော်၊ မြန်မာနိုင်ငံ ပြည်တွင်းမှာရှိတဲ့ ပြည်တွင်းအိုးမဲ့အိမ်မဲ့ ဒုက္ခသည်တွေ မပြောသေးဘူး။ ကချင်ပြည်နယ်မှာရှိတဲ့ IDPs တွေဆိုရင် အရင်တုန်းက UNHCR က လွတ်လွတ်လပ်လပ် ဝင်လာလို့ရတယ်ပေါ့နော်။ သူတို့မှာ လူတစ်ယောက်အတွက် အာဟာရ ဘယ်လောက်လောက်ရ ရမှာလဲဆိုတာ ရှိပြီးသား။ ဒါပေမယ့် ကျမတို့ဆီမှာက အဲ့လိုမရှိနေဘူး။ အလှူရှင်ရှိတဲ့အခါ လှူလိုက်မယ်၊ မရှိတဲ့အခါကျရင် ကျမတို့က ငတ်မယ်၊ ရေသောက်ပြီးတော့မှ ဗိုက်မေှာက်အိပ်မယ်ဆိုတဲ့ဟာမျိုး ဖြစ်တဲ့အခါ ကြတော့ ကျမတို့ရဲ့ ကျန်းမာရေးအတွက်ကိုပါ စိုးရိမ်စရာ ရှိလာတယ်။ အလှူရှင်တွေရှိတဲ့အခါ ကျမတို့စားရမယ်၊ မရှိတဲ့အခါ မစားရဘူး ဆိုတဲ့ဟာမျိုးတွေဖြစ်တဲ့ အတွက်ကြောင့် ကျမတို့ ရေရှည်မှာတော့ လိုအပ်ချက်တွေ အများကြီး မြင့်မားလာနိုင်တယ် ဆိုတဲ့ဟာမျိုး ပြောချင်ပါတယ်။

မေး။ ။ ဒီတော်လှန်ရေးကြီး ပြီးသွားလို့ရှိရင် ဆရာမ ဆက်လုပ်ချင်တဲ့ အိမ်မက်တွေက ဘာများဖြစ်မလဲ။

ဖြေ။ ။ ဒီတော်လှန်ရေးပြီးသွားလို့ရှိရင် နိုင်ငံတော်တည်ဆောက်ဖို့စတဲ့ ပြန်လည်ထူထောင်ရေးတွေ ကျမတို့ အများကြီး လုပ်ရအုံးမယ်။ အဲ့ဒီကဏ္ဍတွေမှာလည်း ကျမက ဝန်ထမ်းအနေဖြင့် လုပ်ဆောင်ပါဝင်ချင်သေးတယ်ပေါ့နော်။ ဆက်ပြီးတော့မှ တည်ဆောက်ရေးကာလမှာ ပါဝင်ချင်တယ် ဒါကြောင့်မို့ အခုကတည်းကနေ ကျွန်မတို့ လိုအပ်တဲ့ Capacity Building လိုအပ်တဲ့ စွမ်းရည်မြင့်တင်ရေးကို ရတဲ့နေရာကနေ ရှာဖွေနေရတဲ့အကြောင်းရင်း ဖြစ်တယ်။ ပြန်လည်ထူထောင်ရေးကာလ ပြီးသွားပြီး အေးအေးချမ်းချမ်း ဖြစ်သွားပြီဆိုရင် ကျွန်မတို့လည်း ပင်စင်ယူတဲ့အရွယ် ရောက်သွားတော့မလား မသိဘူးပေါ့နော်။ အဲ့လိုမျိုးဆိုရင်တော့ ဒါကျမတို့ဝါသနာပါတဲ့ စာအုပ်ဖတ်တာ စာရေးတာမျိုး အဲ့ဒီလိုမျိုးဟာတွေနဲ့ ဆက်နေသွားချင်ပါတယ်။

မေး။ ။ တခြားဘာများ ဖြည့်စွက်ပြောချင်တာရှိပါလဲ။

ဖြေ။ ။ ကျမတို့ လက်ရှိကာလက အကုန်လုံးပေါနော် ဒီတော်လှန်ရေး အင်အားစုတွေရော ပြီးတော့မှ CDM တွေရော အကုန်လုံးက ထောက်ပို့သူထောက်ပံ့သူဘက်ကနေ ဖြစ်ဖြစ် ဒီအချိန်မှာ နည်းနည်း ငြိမ်နေသလားပေါ့နော်။ ဒီတော်လှန်ရေးက အချိန်ကြာလာတာနဲ့အမျှ ပုံမှန်ဘဝလို မှတ်ပြီးတော့မှ အဆင်ပြေသယောင် ထင်မိမှာလည်း အရမ်းစိုးရိမ်ရတယ်။ ဒီတော့ တော်လှန်ရေးကိုပဲ စဉ်းစားပြီးတော့မှ ရှေဆက်တွေးခေါ်ပြီးတော့မှ ဒီတော်လှန်ရေးအတွက်ကို ရောက်တဲ့နေရာကနေ ပါဝင်ပေးဖို့ အားလုံးကိုလည်း မေတ္တာရပ်ခံချင်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

September 16, 2026

အိန္ဒိယ- မြန်မာနယ်စပ်က မရာလူငယ်အဖွဲ့၏စစ်ဆေးရေးဂိတ်ကို မီးရှို့သည့် ရခိုင်ကုန်သည်တချို့ကို အရေးယူပေးရန် ULA/AA ထံ IFM တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.