Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

0
By Editor on June 30, 2025 Featured

ချင်းပြည်ကောင်စီ ဒုတိယ ဥက္ကဌ Salai Bawi Kung နှင့် ဆက်သွယ်မေးမြန်းချက

(006SV)

ချင်းလဲန်းကောင်စီဟာ ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၂၃ အရ ချင်းပြည်အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေးစတဲ့ မဏ္ဍိုင် ၃ ရပ်ကို လည်ပတ်နေတာ ၁ နှစ်ခွဲကျော်လာပြီဖြစ်ပါတယ်။ ဒီမဏ္ဍိုင် ၃ ရပ်ရဲ့ အခြေအနေက ဘယ်လောက်အတိုင်းအတာထိ ခရီးရောက်နေပါသလဲ။

မကြာသေးခင်ရက်ပိုင်းကလည်း ချင်းလဲန်းကောင်စီဟာ ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၂၃ ရဲ့ အရေးပါတဲ့ ပုဒ်မတချို့ကို ပြုပြင် ပြောင်းလဲပြီး ချင်းတော်လှန် ရေးအင်အားစု ကြားက နှစ်ဖွဲ့ကွဲနေတဲ့ ICNCC/CB တို့နဲ့လည်း ပြန်လည်ပေါင်း စည်းနိုင်ရေးအတွက် ချင်းအမျိုး သားကောင်စီ ဖွဲ့စည်းနိုင်ရေး ခြေလှမ်းစတင်လာနေပါတယ်။

ဒါတွေနဲ့အတူ ချင်းလဲန်းကောင်စီရဲ့ ပလက်ဝအရေးကိစ္စ၊ CDM မူဝါဒအရေးကိစ္စတွေ ပေါ်မှာ ဘယ်လိုသဘောထား ရှိသလဲဆိုတာကို ချင်းလဲန်းကောင်စီ၊ ဒုတိယဥက္ကဌ Salai Bawi Kung ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – တော်လှန်ရေး ၄ နှစ်ကျော်ကာလနဲ့ ချင်းပြည်ကောင်စီ ဖွဲ့စည်း ထူထောင်ပြီး တနှစ်ကျော်အကြာမှာ ချင်းပြည်ကောင်စီဟာ လက်ရှိမှာ ဘာတွေ ဆောင်ရွက်နေပါသလဲခင်ဗျာ။

ဖြေ – ချင်းပြည်ကောင်စီက ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၂၃ အရ ကောင်စီက မူဝါဒ ချမှတ်တယ်။ အစိုးရက အုပ်ချုပ်ရေးကို အကောင်အထည်ဖော်တယ်။ တရားလွှတ်တော်ချုပ်က တရားစီရင်ရေးကို ဆောင်ရွက်တယ်။ လွှတ်တော်ကတော့ ဥပဒေ ပြုတယ်။ ကျနော်တို့ ကောင်စီက မူဝါဒနဲ့ လမ်းညွှန်ချက်ပေးတယ်။ မဏ္ဍိုင်ကြီး ၃ ရပ်က သူတို့ အလုပ်ကို သူတို့ လုပ်နေတာ ဖြစ်တယ်။ လွှတ် တော်ကတော့ ဥပဒေ ၅/၆ ခု ပြဌာန်းထားပြီ။ အုပ်ချုပ်ရေးကတော့ လွှတ်တော်က ပြဌာန်းပေးတဲ့ ဒေသန္တရ အုပ်ချုပ်ရေးဥပဒေ အတိုင်း မြေပြင်မှာ သူတို့ ဆောင်ရွက်တဲ့ဟာရှိတယ်။ သို့သော် မြေပြင်မှာ ဆောင်ရွက်တဲ့ နေရာမှာ တော်လှန်ရေးစကတည်းက မြို့နယ်နဲ့ ဒေသလို့ ခေါ်တဲ့ အစိုးရတွေမှာ ရှိနှင့်ပြီသား သူတို့ ဖွဲ့စည်းပုံ အခြေခံဥပဒေပဲ သို့မဟုတ် အက်ဥပဒေပေါ့နော်၊၊ သူတို့ တည်ဆောက်ပုံက ရှိပြီးသား ဆိုတော့ အဲဒါကို ဖျက်သိမ်းလို့ မရသေးတော့ လွှတ်တော်က ပြဌာန်းထားတဲ့ ဒေသန္တရ အုပ်ချုပ်ရေး အတိုင်း မလုပ်ဆောင်နိုင်ဘူး။ ဒါကြောင့် အစိုးရက အုပ်ချုပ်ရေးကို အကောင်အထည်ဖော်တဲ့ နေရာမှာ ဒေသန္တရ အစိုးရနဲ့ ချင်းပြည်အစိုးရကြားမှာ ပီပီပြင်ပြင်၊ ဟန်ချက်ညီညီ သွားတဲ့ နေရာမှာ အခက်အခဲရှိနေတယ်။ သူတို့ ဒေသန္တရ အစိုးရတွေ ကလည်းပဲ အစိုးရပုံစံ မကျသေးတာလည်း ရှိသလို ၊ သူတို့ဟာ ပြည်သူတွေက စိတ်တိုင်းကျ ရွေးချယ်ခန့်အပ်တဲ့ အခြေအနေလည်း မရောက်သေးတော့ တော်လှန်ရေးအစုအဖွဲ့အနေနဲ့ပဲ သွားနေတဲ့အခါ သူတို့ အုပ်ချုပ်ရေး ယန္တရားလုပ်တဲ့အချိန်မှာ ကျနော်တို့ ကျေနပ်တဲ့ ၊ ပြည်သူတွေ ကျေနပ်မယ့် ဒေသန္တရ အုပ်ချုပ်ရေးလည်း မတည်ဆောက်နိုင်သေးသလို ချင်းပြည်အစိုးရလည်းပဲ ပြည်သူတွေ ကျေနပ်လောက်တဲ့ဟာ မဖြစ်သေးဘူးဆိုတာ သူတို့ အကောင်အထည်ဖော်တဲ့နေရာမှာ ရှိတာပေါ့နော်။ တရားစီရင်ရေးကလည်း ချင်းလဲန်းတရားလွှတ်တော်ချုပ်က သူတို့ တရားစီရင်ရေးကလည်း အများကြီး မဆောင်ရွက်နိုင်ပါဘူး။ သို့သော် သူတို့ ရနိုင်သလောက် တရားစီရင်ရေးလည်းပဲ လုပ်ဆောင်နေတာ တွေ့ရပါတယ်။

မေး – ချင်းလဲန်းကောင်စီက ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၂၃ ပြင်ဆင်တာကို သီးသန့် မေးပါမယ်။ ချင်းလဲန်းကောင်စီ တနှစ်ကျော်ကာလအတွင်းမှာ တခြားပြုပြင်ပြောင်းလဲတွေ ရှိနေပါသလား။

ဖြေ – ကျနော်တို့ အပြောင်းအလဲလည်း မလုပ်သေးပါဘူး။ ဝန်ကြီးဌာနတွေက ၁၄ ခုရှိတယ်။ ဒါက များပါတယ်ဆိုပြီး ပြုပြင်ပြောင်း လဲဖို့ စဉ်းစားသေးတယ်။ ဒါပေမယ့် ဝန်ကြီးဌာန ၁၄ ခုက ဘာလို့ များခိုင်းသလဲဆိုရင် ချင်းပြည်မှာ အားလုံး ပါဝင်ရေး၊ မြို့နယ်စုံ ဒေသစုံက အစုအဖွဲ့ အစုံတွေ အားလုံးပါဝင်နိုင်ရေးဆိုပြီးတော့ ကောင်စီသာမကပဲ အစိုးရ ဝန်ကြီးဌာနကို ဖွဲ့တဲ့နေရာမှာ အားလုံး ပါဝင်နိုင်ရေးကို ဦးစားပေးတဲ့အတွက် အရည်အချင်းကို အဓိက ဦးစား မပေးသေးပဲနဲ့ အရေအတွက် ဆိုရမလား၊ နိုင်ငံရေးစုစည်းမှု ရနိုင်အောင် ဆိုပြီးမှ ဝန်ကြီးဌာနကိုလည်း သူများအမြင်မှာ အများကြီးလို့ ဆိုရမှာပေါ့၊၊ ဒါတွေကို လျော့ချရင် ကောင်းမလားဆိုပြီး ကောင်စီမှာလည်းပဲ တခါတလေ ဆွေးနွေးတာ ရှိတယ်။ ဒါပေမယ့် ကျနော်တို့က သက်တမ်းက ၂ နှစ်ပဲ ဆိုတော့ သက်တမ်းပြည့် ရင်ပြီးသွားမှာပါ၊၊ နောင်အစိုးရ သစ်တွေမှာ နောက်ထပ်ကောင်စီဝင်ကနေမှ ဒီဝန်ကြီးဌာနကို လျော့ချကို လျော့ချရမှာလို့ သဘော ထားပေးကြတာ ရှိတယ်။ ဒါပေမယ့် လက်တွေ့မှာ အားလုံးပါဝင်ရေးကို ဦးစားပေးရတဲ့အတွက် အဲလောက် ပြုပြင်ပြောင်းလဲရေးကို လုပ်ထားတာ မရှိသေးပါဘူးလို့ ပြောချင်ပါတယ်။

မေး – ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၂၃ ကို ပြင်ဆင်ဖြည့်စွက်မှုတွေ လုပ်ပေးတာ တွေ့ရပါတယ်။ ဘယ်လို လုပ်ခဲ့တယ်၊၊ ဘာကြောင့် လုပ်ရတယ်ဆိုတာ သိချင်ပါတယ်။

ဖြေ – ပုဒ်မ ၂၆ ကို အရင်တုန်းက ကြည့်မယ်ဆိုရင် အစမှာ ကောင်စီဝင်ဦးရေအားလုံးကို ၁၄၀ နဲ့ ကန့်သတ်လိုက်ပြီးတော့မှ လွှတ်တော်အမတ်တွေကို ၂၇ ယောက်၊ CNF EAO လည်း ၂၇ ယောက် ၊ မြို့နယ်နဲ့ဒေသ ၈၆ ဆိုပြီး ကိန်းကို အရှင်မထားပဲနဲ့ အသေထားလိုက်တာယ်။ အဲတော့ ဒီနေရာမှာ CNF EAO တွေရဲ့ ပါဝင်မှုက များလွန်အားကြီးတယ်ဆိုပြီ တချို့ လူတွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တူတယ်။ စစ်တပ်က ၂၅ ရာခိုင်နှုန်းပါတယ်။ EAO ဖြစ်တဲ့ CNF က ၂၅ ရာခိုင်နှုန်းပါတယ်ဆိုပြီးတော့မှ ဝေဝါးအောင်ကို လုပ်ကြတယ်။ အမှန်မှာ အဲဒီအချိန်က ICNCC တုန်းကလည်း EAO ဖြစ်တဲ့ CNF က ၁၈ % ၊ လွှတ်တော်အမတ် ကလည်း ၁၈ ဆိုပြီးတော့ တူညီတဲ့ ဦးရေနဲ့ လာကြတာကိုး။ ဒါပေမယ့် ICNCC တုန်းက ဘာစောဒက မှ မတက်ဘူး။ ချင်းပြည် ကောင်စီ ဖြစ်လာတဲ့ ဖွဲ့စည်းပုံကို ကြည့်လိုက်တော့ ၂၅ ရာခိုင်နှုန်းဆိုပြီး မလိမ့်တပတ် ပြောတာပေါ့၊၊ တကယ်တမ်းက အဲဒီတုန်း ကလည်းပဲ ၁၉ ရာခိုင်နှုန်းပဲ ဖြစ်တာပါ၊၊ ကောင်စီဝင်တွေရဲ့ ရာခိုင်နှုန်းနဲ့ တွက်မယ်ဆိုရင်။ ဆိုတော့ အဲဒါကို လူပြောများလာတဲ့ အခါကြတော့ ဒါဆိုရင် ပြင်ရမယ်ဆိုပြီးမှ EAO ဖြစ်တဲ့ CNF ကို ကျနော်တို့က ကောင်းကောင်း ပြောတယ်။ ဘာပဲ ဖြစ်ဖြစ် ၁၅ ဦးအထိ လျော့ချလိုက်တာ ကောင်းတယ်ဆိုပြီးမှ ကျနော်တို့က ၂၇ ဦးကနေ ၁၅ ဦးကို လျော့ချတာဖြစ်တယ်။

နောက်ပြီးတော့ မြို့နယ်နဲ့ ဒေသလို့ ပြောတဲ့အချိန်မှာ မြို့နယ်က အရင်ရှိပြီးသာ ၉ မြို့နယ်ကို ဆိုလိုတယ်။ ဒေသက တော်လှန်ရေးကာလမှာ တော်လှန်ရေးနယ်မြေမှာ အုပ်ချုပ်ရေး လုပ်လာတဲ့ နယ်မြေကို ဆိုလိုတယ်။ ဥပမာ မြို့နယ် သတ်မှတ် မယ်ဆိုရင် နရိန်မြို့ဆိုရင် လောက်တူဒေသ၊ ရေဇွာမြို့ဆိုရင် ဇိုတုန်ဒေသ၊ လိုင်လင်းပီမြို့ဆိုရင် မရာဒေသဆိုပြီးမှ ဒေသတွေကို ကိုယ်စားလှယ်တွေ ပေးထားတယ်။ အုပ်ချုပ်ရေး သီးသန့်လုပ်ထားတဲ့အတွက်။

မြို့နယ်နဲ့ ဒေသမှာလည်း ၃ မျိုး ခွဲလိုက်တယ်။ ကိန်းအသေမထားပဲနဲ့ ကိန်းအရှင်သီးသန့်ထားပေးတယ်။ ဒေသမရှိတဲ့ မြို့နယ်လို့ ကျနော်တို့ သတ်မှတ်တာက လောလောဆယ်က ကန်ပက်လက်နဲ့ မင်းတပ်၊ ပလက်ဝ၊ ဒိုင်တွေ ထွက်သွားတဲ့ ပလက်ဝ၊ အဲဒီ ၃ မြို့နယ်က ဒေသ မရှိသေးတဲ့ မြို့နယ်လို့ ခေါ်ရမှာပေါ့။ ဒေသ ရှိတဲ့ မြို့နယ်ဆိုရင် ဥပမာ ပြောရရင် မတူပီ မြို့နယ်က ဒေသရှိသွားပြီ။ ဥပမာ ဇိုတုန်နဲ့ မရာနဲ့ ဖြစ်သွားပြီး၊၊ ထန်တလန်ကလည်း ဒေသ ရှိသွားပြီး၊ ဇိုဖေ၊ မရာ၊ လောက်တူနဲ့။ အဲလိုပုံစံပေါ့။ ဟားခါးဆိုရင်လည်း ဒေသရှိသွားပြီး ဆန်ထန်ဆိုပြီးတော့။ အဲဒါမျိုးကို ဒေသရှိတဲ့ မြို့နယ်လို့ ခေါ်တယ်။ လူဦးရေက ကိုယ်စားလှယ် လွှတ်တဲ့ နေရာမှာ ကိုယ်စားလှယ် ဦးရေကို ဒေသမရှိတဲ့ မြို့နယ်ဆိုပြီးမှ ကန်ပက်လက်၊ မင်းတပ်၊ ပလက်ဝလိုမျိုးက ၈ ဦး ကောင်စီဝင် ကိုယ်စားလှယ် စေလွှတ်ရမှာ ဖြစ်ပါတယ်။ ၈ ဦးထဲမှာ CDM လည်း ပါချင် ပါမယ်။ CSO နဲ့ နိုင်ငံရေးပါတီလည်း ပါချင်ပါမယ်။ အဲဒီမှာ ကိုယ်စားလှယ်ကို စေလွှတ်ရမှာဖြစ်တယ်။ ဒေသ ရှိတဲ့ မြို့နယ်က မတူပီ၊ ဟားခါး၊ ထန်တလန်တို့က ၅ ဦးစီ လွတ်ရမယ်လို့ ရေးထားတယ်။ ဒေသတွေကတော့ ၃ ဦးစီဆိုပြီးမှ ကိုယ်စားလှယ်ကို အပြောင်းအလဲ လုပ်ထားတယ်။

လွှတ်တော်အမတ်တွေကတော့ မလျော့ချတော့ဘူး။ မကန့်သတ်တော့ဘူး။ ၂၇ ဦးရှိရင် ၂၇ ဦးဖြစ်မယ်။ ၂၀ ဦးဆိုရင် ၂၀ ဦး သူတို့ လာရမယ်။ တော်လှန်ရေးမှာ ပါဝင်တဲ့ ချင်းလွှတ်တော်အမတ်တွေကို ဆိုလိုတယ်။ ပြည်ထောင်စု လွှတ်တော်အမတ်ပဲ ဖြစ်ဖြစ်၊ ပြည်နယ်လွှတ်တော်အမတ်ပဲ ဖြစ်ဖြစ်၊၊ ဒါက ချင်းပြည်ရဲ့ စည်းလုံးညီညွတ်ရေးကို လိုချင်တဲ့အတွက် ပြင်ဆင်ရခြင်း ဖြစ်ပါတယ်။
အားလုံးက လောလောဆယ်က လွှတ်တော်အမတ်တွေက ၂၅ဦး၊ ၂၇ ဦး အားလုံးကို လက်ခံပေမယ့် ဝင်လို့ရပေမယ့် လောလောဆယ် ကျနော်တို့ ဆီမှာ ရှိတာက ၁၅ ဦးပဲ ရှိတယ်။ နောက်ပြီးတော့CNF ကိုတော့ ၁၅ ဦးပဲ ကန့်သတ်လိုက်တာဖြစ် တယ်။ မြို့နယ်နဲ့ဒေသက အမျိုးမျိုး လာကြတော့ ၈၄ ဦး ရှိမှာဖြစ်တယ်။ အဲဒီမှာ တချက်မမေ့ဖို့က ကလေး- ကဘော် – ဂန့်ဂေါ ကိုတော့ နောင်တချိန်မှာ ရည်ရွယ်ချက်ထားတဲ့ ဟာက သူတို့ကို မြို့နယ်၊ ဒေသ မရှိတဲ့ပုံစံနဲ့ ထားပေမယ့် သူတို့ကိုလည်း ၈ ဦးပေးထားတယ်။ အားလုံးကောင်စီဝင် စုစုပေါင်းက ၁၁၄ ဦးရှိတယ်။

မေး – ICNCC ဘက်ကတော့ ချင်းအမျိုးသားကောင်စီ ဖြစ်မြှောက်ရေးအတွက် အိန္ဒိယက တာဝန်ရှိသူတွေထံကို ကော်မတီ ကိုယ်စားလှယ် စာရင်း တွေ ပို့ထားပြီးလို့ သိရပါတယ်။ ချင်းလဲန်းကောင်စီဘက်ကရော အဲဒါနဲ့ ပတ်သက်လို့ ဘာတွေ ပြင်ဆင်ထားပါပြီလဲ၊ ဆောင်ရွက်နေပါသလဲ။

ဖြေ – ကျနော်တို့ကလည်း ပို့ထားပါပြီ။ ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့ထားပြီးတော့မှ သူတို့တောင်းဆိုထားတဲ့ အချက်တွေအတိုင်းပေါ့နော်၊။

မေး – အဲဒီတွေ့ဆုံ ဆွေးနွေးမှုက ဘယ်အချိန်လောက် ဖြစ်နိုင်မလဲ၊၊ ချင်းပြည်သူတွေက ဘာတွေ မျှော်လင့်နိုင်မလဲခင်ဗျာ။ ချင်းအမျိုးသားကောင်စီ ဖြစ်ပေါ်နိုင်ရေးက ဘယ်လောက်အထိ အလားအလာ ရှိလဲ၊၊

ဖြေ – ကျနော်တို့က နှစ်ဖွဲ့ရှိနေတော့ ပြည်သူတွေက ပေါင်းစေချင်တာပေါ့။ ကျနော်တို့လည်း ပေါင်းချင်ပါတယ်။ သူတို့ CB တွေကလည်း ပေါင်းချင်မယ် ထင်ပါတယ်။ ကျနော်တို့ မပေါင်းတော့ ပြည်သူလူထု နစ်နာတာကို သူတို့ နားလည်သလို၊ ကျနော်တို့လည်း နားလည်ပါတယ်။ သို့သော် ပေါင်းနိုင်ဖို့က လူက အရေးကြီးတယ်။ သူတို့ ပေါင်းချင်တယ်လို့ ဘယ်လောက် ပြောပြော၊ လမ်းက ပိတ်နေတယ်ဆိုရင် ပေါင်းလို့က မလွယ်ဘူး။ သို့သော် ပေါင်းနိုင်ဖို့က သူတို့ကလည်း ပြောပြီးသာ ချင်းလဲန်းဖွဲ့စည်းပုံ အောက်မှာတော့ သူတို့က မဝင်နိုင်ဘူး။ ဘယ်လောက်ပဲ ပြင်ဆင်ပေးရင်လည်း ငါတို့ မကြိုက်ဘူးလို့ ပြောလိုက်ပြီ။ သူတို့ကတော့ ဖွဲ့စည်းပုံအသစ် ပြန်ရေးဆွဲရမယ်လို့ ပြောတယ်။ ဖွဲ့စည်းပုံအသစ်က ဘာဖြစ်မလဲဆိုရင် ကျနော်တို့ သိကြတဲ့အတိုင်း ကျနော်တို့ဘက်က လွှတ်တဲ့ လူတွေရော၊ သူတို့ဘက်က လူတွေရော ကောင်းကောင်းမဆွေးနွေးဖြစ်ကြတာလား မသိဘူး။ advocacy အဖွဲ့က ဒီလို လုပ်ပါဆိုတာကို သူတို့ အားနာလို့လား မသိဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရမယ်ဆိုတဲ့ အဆင့်ကတော့ ရတယ်။ သို့သော် ချင်းအမျိုးသားကောင်စီ ဆိုပြီး တခါတည်း အမည်ပေးလိုက်တော့ ဒါက “ဂွကျ” (အဆင်မပြေ) တာပေါ့။

ချင်းအမျိုးသားကောင်စီဆိုတာက ဘယ်လို ဖြစ်ပေါ်လာမလဲ ဆိုတာက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြီးမှပဲ ချင်းအမျိုးသားကောင်စီက ဖြစ်လာမှာ၊၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သူတို့ ပြောဆိုထားတာက ချင်းအမျိုးသားကောင်စီ အခြေခံ ဥပဒေဆိုတာလည်း အဆင်မပြေဘူး။ ပြီးတော့ ချင်းအမျိုးသားအခြေခံဥပဒေဆိုတာလည်း အဆင်မပြေဘူး။ ချင်းအမျိုး သားဥပဒေဆိုတာက လုပ်လို့ ရတယ်။ အခြေခံဥပဒေနဲ့ ဥပဒေဆိုတာ မတူဘူးပေါ့နော်။ ချင်းအမျိုးသားဥပဒေကတော့ ရေးဆွဲလို့ ရတယ်။ ချင်းအမျိုးသားကောင်စီဆိုတာက အဖွဲ့အစည်းတခုအောက်မှာ ရှိမယ့် ကောင်စီပဲ ဖြစ်ရမယ်။ သို့မဟုတ် ဖွဲ့စည်းပုံ အခြေခံဥပဒေ တခုအောက်မှာပဲ ရှိရမယ့် အဖွဲ့အစည်းဖြစ်တယ်လို့ ကျနော်က မြင်တယ်။ အဲဒီတုန်းကလည်း တဖွဲ့က ချင်းပြည်နယ် ကြိုက်တယ်၊၊ တဖွဲ့က ချင်းပြည်ချင်းလဲန်း ကြိုက်တယ်။ သဘောထားချင် မတူညီကြတော့ ချင်းအမျိုးသားကောင်စီလို့ ပြောမယ်လို့ ပြောလိုက်တော့ အမှန်မှာ အဲလို မဟုတ်ရပဲနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲမယ်ဆိုရင် ချင်းပြည်နယ် အခြေခံဥပဒေ ဖြစ်ရင် ဖြစ်မယ်၊ ချင်းပြည် ချင်းလဲန်း အခြေခံဥပဒေ ဖြစ်ရင် ဖြစ်မယ်၊ အဲဒီအခြေခံဥပဒေအောက်မှာပဲ ချင်းအမျိုးသားကောင်စီ ဆိုပြီး အခန်းတခန်းအနေနဲ့ ပါလို့ ရမယ်။

အဲလို မဟုတ်ပဲနဲ့ ချင်းအမျိုးသားကောင်စီဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာက သပ်သပ်မှတ်မှတ် မဖြစ်ဘူးပေါ့နော်။ ဘယ်လိုရေးဆွဲ ကြမလဲဆိုတာ ကြည့်မယ်ဆိုရင် မူကြမ်းရေးဆွဲရေး ကော်မတီ ဖွဲ့မယ်။ အစကနေ ပြန်စကြမယ်။ ချင်းပြည်အတွက်၊ ချင်းတွေ အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရမယ်ဆိုတာကို ကျနော် နားလည်တယ်။ ဆွဲရမယ့် လူတွေကလည်း ကျနော်တို့လည်း သူတို့ကို သိပါတယ်။ သူတို့ကလည်း ကျနော်တို့ကို သိပါတယ်။ သိတဲ့အခါကြတော့ ပြန်ဆွဲရင် အဖြေ ရနိုင်မလား၊ မရနိုင်ဘူး လားဆိုတာကလည်း အခုချိန်မှာ ကျနော်ကတော့ မျှော်လင့်ချက် အဲလောက်ကြီး မထားနိုင်ဘူး။ သဘောတူညီချက် ရနိုင်မလား၊ မရနိုင်ဘူးလား ဆိုတာကိုပေါ့နော်။ ဥပဒေ ရေးဆွဲဖို့နဲ့ ပတ်သက်လို့က ကျနော်တို့ ပြင်ဆင်ထားပါတယ်။ ပြည်သူလူထု အတွက် သော်လည်းကောင်း၊ အားလုံးအတွက်သော်လည်းကောင်း ဒါက လုပ်မှ ဖြစ်မယ်ဆိုတော့ကာ ကျနော်တို့က နာနာခံခံပဲ လုပ်ရုံပဲ၊၊ သို့သော် ကျနော်တို့ ချင်းလဲန်းကောင်စီ မဖြစ်ပေါ်ခင်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲတုန်းကလည်းပဲ အများဆုံး သဘောတူပြီးသာ။ တဖွဲ့၊ နှစ်ဖွဲ့လောက်ပဲ သဘောမတူတာသာ ရှိတယ်။ အဲဒီမှာလည်း ကျယ်ကျယ်ပြန့်ပြန့်နဲ့ ခေါ်နေပေမယ့် နောက်ဆုံးကြတော့ ငါတို့ မပါဘူးဆိုတာ ဖြစ်လာတယ်။ အခုတခါလည်းပဲ ကျနော်တို့ကတော့ မကြိုက်ဘူးဆိုပြီးမှ ပြန်ပျက် သွားမယ်လားတော့ မသိဘူး။ အဲဒါကြောင့် လူက အရေးကြီးတယ်လို့၊ ဘယ်လောက်ပဲ မူဝါဒ ကောင်းကောင်း ချမှတ်၊ ချမှတ်၊ အဲဒီမှာ ပါဝင်တဲ့ လူတွေက မကောင်းရင်တော့ ပြည်သူလူထုအတွက် ကောင်းတဲ့ဟာ ဖြစ်မလားမှာကို စိုးရိမ်မိပါတယ်။

မေး – နောက်အကြောင်းအရာ မေးခွန်းတခုကို မေးချင်ပါတယ်။ ဒီမေးခွန်းက ကျနော်တို့ ချင်းညီနောင်ဘက်ကိုလည်း မေးထားတာ ဖြစ်ပါတယ်။ ချင်းပြည်နယ်၊ ပလက်ဝကို ရခိုင်ပြည်နယ်ရဲ့ ၈ ခုမြောက်ခရိုင်အဖြစ် ဥပဒေပြဌာန်းပြီး ULA/AA က အုပ်ချုပ်ရေး ဖော်ဆောင်မယ်လို့ သိရပါတယ်။ ချင်းလဲန်းကောင်စီရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။

ဖြေ – ချင်းလဲန်းကောင်စီ သဘောထားက ဘယ်လိုဆုံးဖြတ်ရမလဲဆိုတာကတော့ မသိသေးပေမယ့် ချင်းလဲန်းကောင်စီက အရင်ကတည်းက ရှိနှင့်ပြီးသား ချင်းပြည်နယ်ကိုတော့ ချင်းပြည်နယ်လို့ သတ်မှတ်ပြီးတော့မှ ပလက်ဝမှာ AA က တော်လှန် ရေးကာလလည်း ဖြစ်ပေမယ့် အုပ်ချုပ်ရေး ယန္တရားတွေ လုပ်ပြီးတော့မှ သူတို့ အုပ်ချုပ်တာကို ကျနော်တို့က ဘယ်ကြိုက်မလဲ၊၊ ဒါပေမယ့် တော်လှန်ရေးကာလဖြစ်တဲ့အတွက် ထားလိုက်ပါဦး မယ်ဆိုပြီးမှ ကျနော်တို့ ဘာမှ မပြောဘူး။ အချင်းချင်း ဆွေးနွေး ရအောင်ဆိုပြီး။ အခုက ပိုဆိုးသွားတာက ကျနော်တို့ ချင်းတွေ ညီအစ်ကိုတွေ ဖြစ်တဲ့ CB တွေက AA ရဲ့ အပေါင်းအပါးဖြစ်တဲ့ အခါကြတော့ ပိုဂွကျသွားတယ်။ ဒီနေရာမှာ ဒီလို ဖြစ်တယ်ဆိုရင်လည်းပဲ တခါတလေ ကျနော်တို့ ဘက်က ကြေညာချက် ထုတ်ရင်လည်းပဲ ၊ ကျနော်တို့ အဖွဲ့ဝင်တွေက AA နဲ့ ပတ်သက်ပြီးတော့မှ ကြေညာချက်ထုတ်ရင်လည်းပဲ AA ဘက်က ရပ်တည်ပြီး CB က ကြေညာချက်တွေ ပြန်ထုတ်တဲ့ အလေ့အကျင့်ရှိတယ်။ သူတို့အဖွဲ့က AA နဲ့ လက်တွဲတယ်ဆိုတော့ ပြောရတာ အတော် “ဂွ”ကျတယ်။ သို့သော် နောင်တချိန်မှာတော့ အဆင်ပြေလာလိမ့်မယ်လို့ မျှော်လင့်တယ်။

ဒါပေမယ့် စိုးရိမ်တာက ဒီတော်လှန်ရေးကာလမှာ ရခိုင်လူမျိုးတွေကို ပလက်ဝမြို့နယ်မှာ အခြေချခိုင်းပြီးတော့မှ ၊ တကယ်လို့များ တော်လှန်ရေးက ကြာလာလို့ ချင်းတွေက IDPs တွေနဲ့ နေသွားမယ်။ အဲလိုအချိန်ကာလတစ်ခုမှာ ချင်းပြည်လူထု ဒေသခံတွေကို မောင်းထုတ်ပြီးတော့မှ အနုနည်းနဲ့ ဖြစ်ဖြစ်၊ အကြမ်းနည်းနဲ့ ဖြစ်ဖြစ် ပလက်ဝမှာ မနေထိုင်နိုင်အောင်။ သို့သော် ရခိုင်လူမျိုးတွေက ပလက်ဝမှာ အများကြီး လာနေပြီးတော့မှ နောင်တချိန်မှာ နယ်မြေသတ်မှတ်တာက ပြည်သူလူထု ဆန္ဒအတိုင်းပဲ လုပ်ရမယ်။ လူထုဆန္ဒခံယူပွဲ လုပ်မယ်၊၊ ပလက်ဝမှာ နေထိုင်တဲ့ လူတွေ လက်ထောင်ကျဆိုပြီး အဲအချိန်မှာ ရခိုင်လူမျိုးတွေက ပိုများသွားပြီး ချင်းလူမျိုးတွေက ပိုနည်းသွားရင် ကျနော်တို့က နိုင်ငံရေးအရ ရှုံးသွားမှာကိုလည်း စိုးရိမ်နေတယ်။

ဘာကြောင့်လဲဆိုတော့ ၂၀၁၉ အထွေထွေအုပ်ချုပ်ရေးရဲ့ သန်ခေါင်းစာရင်းအရ ပလက်ဝမြို့နယ်မှာ ရခိုင်လူဦးရေက ၁၈ ရာခိုင်နှုန်း ရှိပြီးသားဖြစ်တဲ့အတွက် ကျနော် အဲဒါကို ပြောတာပါ။ တကယ်တော့ တိုင်းနဲ့ ပြည်နယ် နယ်နိမိတ်တို့၊ မြို့နယ် နယ်နိမိတ်တို့က အသစ်ပြန်လည် သတ်မှတ်မယ်ဆိုရင် အဲဒီမှာ ရှိနေတဲ့ သက်ဆိုင်ရာ ပြည်သူလူထုတွေရဲ့ ဆန္ဒက အဓိက ဖြစ်မယ်ဆိုတော့ အဲဒီအချိန်ကြရင် ကျနော်တို့ နိုင်ငံရေးအရတောင်မှ ကျနော်တို့ ဆုံးရှုံးသွားမှာကို စိုးရိမ်တယ်။ အဲဒါကြောင့် CB တွေအပေါ်မှာလည်း ကျနော် စိတ်ငြိုငြင်တာက အဲလိုမျိုး ကျနော်တို့ကို နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်း ကောင်း တခုခု လုပ်နိုင်တဲ့ လူတွေကို အိမ်နီးနားချင်းကောင်း ပီသစွာ ပေါင်းမယ်ဆိုပြီးတော့မှ လုပ်တဲ့ဟာက တဖက်မှာ မှန်သလိုလို ဖြစ်ပေမယ့် အမှန်က မစည်းလုံးလို့ ကျနော်တို့ရဲ့ နယ်မြေတွေ သူတို့ထဲမှာ ပါသွားမှာကို အများကြီး စိုးရိမ်းတယ်။

နယ်မြေကိစ္စနဲ့ ပတ်သက်မယ်ဆိုရင် တစိတ်တဝမ်းထဲ ရပ်တည်ရမှာ ဖြစ်တယ်။ ကျနော်တို့ CB နဲ့ CC က အမြန်ဆုံး စည်းလုံးသွားရင် အဲဒါမျိုးက တပန်းတော့ သာသွားမယ်။ နောင် ပလက်ဝကိစ္စလည်း အဆင်ပြေ ချောမွေ့မယ်။ အဲလိုမဟုတ်ပဲနဲ့ ကိုယ်ကိစ္စကြောင့် အဖွဲ့အစည်းကို အန်တုပြီးတော့မှ အဲလိုမျိုး လုပ်နေမယ်ဆိုရင် အဆင်ပြေမှာ မဟုတ်ဘူး။ ပြီးရင် ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေ ကလည်းပဲ အမြန်ဆုံးနည်းနဲ့ ပြည်သူလူထုတွေကို ၊ အမြန်အာဏာ မပေးထားဘူး။ ကျနော်တို့ အဖွဲ့အစည်းဆီမှာပဲ အာဏာကို ဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးစရာတွေ ရှိသလို အများကြီး နစ်နာစရာတွေ ရှိတယ်လို့၊၊ အဲဒါကြောင့် တော်လှန်ရေး အဖွဲ့တွေကို ကျနော်ပြောချင်တယ်။ ချင်းပြည်နယ်မှာ ရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်လို့ ကျနော် ပြောချင်ပါတယ်။

မေး – ချင်းပြည် CDM ပေါ်လစီကို ရေးဆွဲခြင်း၊ CDM affairs team ကို ဖွဲ့စည်းခြင်းတို့ ဆောင်ရွက်တယ်လို့ သိရပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဘာတွေ ဆောင်ရွက်ဖို့ ရှိပါသလဲ၊၊

ဖြေ- CDM မူဝါဒက ပြီးခဲ့တဲ့ ရက်ပိုင်းထဲမှာပဲ အတည်ပြုထားပြီ။ မူဝါဒဆိုတော့ ပြည့်စုံတာတော့ မဟုတ်ပေမယ့် လောလောဆယ် အသုံးပြုလို့ ရမယ့် အဆင့်တော့ ရှိတယ်။ အဲဒီမူဝါဒကို ကြည့်မယ်ဆိုရင်တော့ အထူးသဖြင့် CDM ဆိုတဲ့ဟာနဲ့ Non- CDM ဆိုတဲ့ ဟာကို အဓိပ္ပါယ်ဖွင့်ဆိုချက်မှာပဲ အဓိက လုံးထွေးနေတာဖြစ်တယ်။ သူတို့ကို ဘယ်လိုအရေးယူရမလဲ၊ ဘယ်လို လုပ်ရမလဲဆိုတဲ့ ဟာက အများကြီး မထည့်ထားပါဘူး။ အဓိကက CDM နဲ့ Non- CDM ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို အဓိက လုပ်တာပါ။ ကျနော်တို့က CRPH က လုပ်သလို CDM ဥပဒေလို လုပ်နိုင်မလားဆိုပြီး စဉ်းစားထားတယ်။ ဥပဒေပြုရေးအဖွဲ့ဖြစ်တဲ့ ချင်းလဲန်းလွှတ်တော်ကိုတော့ ပို့ရလိမ့်မယ်။ ပို့ပြီးတော့မှ သူတို့က ဒါက ဥပဒေအနေနဲ့ ဆွဲသင့်တယ်ဆိုရင် ဆွဲရမှာဖြစ်ပါတယ်။ ဒီဟာက နေပါစေဦး၊၊ အဲဒီမူဝါဒ အဆင့်လောက်ပဲ ထားပြီးတော့မှ ကိုင်တွယ် အကောင်အထည်ဖော်လို့ ရပါတယ်။ တချို့မူဝါဒတွေက တခါထဲနဲ့ အကောင်အထည်ဖော်လို့ ရတာမျိုး ရှိသလို တချို့မူဝါဒတွေက ဥပဒေက ထပ်လိုက်လာမှ၊ နည်းဥပဒေအထိ ထပ်လုပ်မှ အကောင်အထည်ဖော်လို့ ရတာမျိုး ရှိတဲ့အတွက် ကျနော်တို့ ကောင်စီက လက်ဆုပ်လက်ကိုင်ဖြစ်မယ့် မူဝါဒကတော့ ချမှတ်လိုက်ပါပြီ။ အသေးစိတ်တော့ အဲဒီထဲမှာ မပါပါဘူး။

မေး – ချင်းလဲန်းကောင်စီရဲ့ သက်တမ်းက ၂ နှစ် လို့ သိရပါတယ်။ အခု တစ်နှစ်ခွဲကျော်လာပါပြီ။ သတ်မှတ်ကာလ အတွင်းမှာ ရည်မှန်းထားတဲ့ အတိုင်းအတာက ဘယ်လောက် အကောင်အထည်ဖော်နိုင်ပါသလဲ။ ဒီသက်တမ်း ကုန်သွားရင် နောက်သက်တမ်း ကို ဘယ်လို ဆောင်ရွက်သွားရမှာလဲ။

ဖြေ – ကျနော်တို့ သက်တမ်း ၂ နှစ်ကာလမှာ လုပ်ရမယ့် ဟာက အချက်က ၂၀ ချက်ရှိတယ်။ ဒါပေမယ့် အခုချိန်မှာ ၃ပုံ ပုံရင် ၂ပုံလောက်ပဲ လုပ်နိုင်တယ်။ ၁ ပုံက ကျန်ခဲ့တယ်။ ဒီနေရာမှာ အဓိက ကျတဲ့ ဥစ္စာက နောင်မှာ ဖြစ်ပေါ်လာမယ့် permanent constitution တို့ ၊ Transitional Constitution တို့ ရေးဆွဲရမှာ တာဝန်ရှိတယ်လို့ ချင်းလဲန်းကောင်စီကို တာဝန်ပေးထားတယ်။ ဒါပေမယ့် အခုက အားလုံးမပါဝင်နိုင်သေးတဲ့အတွက် CB တွေ ရှိနေသေးတဲ့အတွက် အဲဒါကို မလုပ်ဆောင်နိုင်ဘူး။ နောက်ပြီး ကျန်တဲ့ ဟာတွေလည်း မလုပ်ဆောင်နိုင်တာတွေ ရှိတယ်။ သို့သော် ကျနော်တို့ ကောင်စီက လုပ်ရမယ့် အထဲမှာ သက်တမ်း ကုန်ခါနီးပြီးဆိုတော့ တော်တော်များများတော့ လုပ်ဖြစ်ပါတယ်။ ကောင်စီသက်တမ်းက ဒီဇင်ဘာလမှာ ကုန်မှာဖြစ်တယ်။ သို့သော် အစိုးရ၊ လွှတ်တော်၊ တရားရေးကတော့ ဇန်နဝါရီလမှာ သက်တမ်းကုန်မှာဖြစ်တယ်။ ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်းပဲ ကောင်စီကို အသစ်ပြန်လည် ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ ကောင်စီကို အသစ်ပြန်လည် ရေးဆွဲပြီးမှ ဆက်လက်ပြီး ဦးဆောင်သွားမှာ ဖြစ်ပါတယ်။ ဇန်နဝါရီလမှာ သက်တမ်းကုန်မယ့် မဏ္ဍိုင်ကြီး ၃ ရပ်ကိုလည်း ဆက်လက်ပြီး ရွေးချယ်တင်မြောက်သွားမှာ ဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.