(006SV)
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းက ချင်းရွာများတွင် အာရက္ခတပ်တော် (ULA/AA) က တပ်သားစုဆောင်းနေသောကြောင့် ချင်းလူငယ်အများအပြားသည် နေရပ်စွန့်ခွာထွက်ပြေးနေကြကြောင်း ဒေသခံများက ပြောသည်။
စက်တင်ဘာလအတွင်း ULA/ AA က စစ်သင်တန်းပေးရန် စုဆောင်းနေသောကြောင့် အမ်းမြို့နယ်ထဲက ဒုကန်၊ ရူးချင်း၊ မဝှမ်း၊ တာဖျား၊ သရွဲ၊ မဲသံကြိုး၊ မဲလက်မောင်း၊ ဖောင်တော်ဦး ကျေးရွာများအပါအဝင် အနီးဝန်းကျင်ကျေးရွာများတွင် နေထိုင်ကြသော စုမ်းတူ၊ အရှို၊ လောက်တူ စသည့် ချင်းမျိုးနွယ်စုများမှ လူငယ်များ တိမ်းရှောင်ခြင်းဖြစ်ကြောင်း သိရသည်။
အာရက္ခတပ်တော်က ယင်းကျေးရွာများတွင် အစည်းအဝေးခေါ်ယူ၍ ကျေးရွာလုံခြုံရေးအတွက် လူငယ်များ သင်တန်းတက်ရမည်ဟု ပြောဆိုပြီး မဲနှိုက်စနစ်ဖြင့် ရွေးချယ်ကြောင်း၊ ချင်းလူငယ်အများအပြားသည် သင်တန်းပြီးပါက ရှေ့တန်းပို့ခံရမည်ကို စိုးရိမ်သောကြောင့် ထွက်ပြေးလာနေကြကြောင်း ဒေသခံလူငယ်များထံမှ သိရသည်။
“ပြေးလာတဲ့ လူငယ်တွေ တော်တော်များတယ်။ အခုတောင် ရန်ကုန်ကို ကျနော်တို့ ရွာက ပြေးလာတဲ့ လူငယ် ၅ ဦးရောက်နေတယ်။ ပြီးခဲ့တဲ့ရက်က ၃ ရွာပေါင်း ထပ်ထွက်လာကြတာရှိတယ်။ ၁၅ ဦး။ အမ်းကနေ မကွေးကို လာရတာ။ ခြေချင်လျှောက်ပြီး လာရတာပါ။ ၅/၆ ရက်လောက်လျှောက်ရတယ်။ လမ်းကြောင်းသိတဲ့လူကို ငှားရတယ်။ မကွေးရောက်မှ ကားလက်မှတ်ဖြတ်ပြီး ရန်ကုန်လာရတယ်” ဟု ရန်ကုန်ရောက်နေသည့် အမ်းမြို့နယ် ချင်းရွာမှ လူငယ်တစ်ဦးက ပြောသည်။
တိမ်းရှောင်ကြသူများတွင် အသက် ၁၅ နှစ်အရွယ်မှ ၂၆ နှစ်ကျော်အရွယ်ခန့်ရှိသော လူငယ်အမျိုးသား၊ အမျိုးသမီးများပါဝင်ပြီး လမ်းခရီးစရိတ်မှာ ငါးသိန်းခန့် ကုန်ကျကြောင်း၊ အမ်းမြို့နယ်က ချင်းကျေးရွာများတွင် လူငယ်များ နည်းပါးသွားပြီးဖြစ်ကြောင်း ယင်းအခြေအနေကို သိရှိသူတစ်ဦးက ပြောသည်။
“အမျိုးသမီး လူငယ်လေးတွေဆိုရင်လည်း ထွက်ပြေးပြီလေ။ များတယ်။ ရွာတိုင်းနီးပါး လူငယ်တွေ ထွက်ပြေးပြီ။ သူတို့လည်း ရွာမှာ မနေရဲတော့လို့ဖြစ်မယ်။ အခြေအနေတွေကလည်း သိပ်မကောင်းဘူး။ အမ်းမှာက တိုက်ပွဲတွေ ဖြစ်တော့မှာဆိုတော့လေ။ ဒီမှာလည်း အဲလို လူတွေခေါ်တယ်ဆိုတော့ ကြောက်ပြီး ထွက်ပြေးတာပေါ့။ ရွာတွေမှာ လူငယ်တွေ မရှိသလောက်ဖြစ်နေပြီ” ဟု ရူးချင်းရွာအုပ်စုထဲမှ ဒေသခံတစ်ဦးက ပြောသည်။
အာရက္ခတပ်တော် AA/ULA သည် အမ်းမြို့အနောက်ခြမ်းက ယင်းချင်းကျေးရွာများတွင် အစည်းအဝေးခေါ်၍ ရပ်ရွာလုံခြုံရေးအတွက် မိမိစိတ်ဆန္ဒဖြင့် တစ်ရွာလျှင် ၅ ဦးမှ ၁၀ ဦးအထိ စစ်သင်တန်းတက်ရန် ခေါ်ယူခဲ့ကြောင်း၊ တက်ရောက်ချင်သူ မရှိသောကြောင့် မဲနှိုက်စနစ်ဖြင့် ရွေးချယ်ခဲ့ရာ တိမ်းရှောင်မှု အများအပြားဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။
မဲပေါက်၍ စစ်သင်တန်းမတက်ချင်သူများသည် ၆ သိန်း၊ ၇ သိန်းပေးလျှင် ကင်းလွတ်ခွင့်ရကြောင်း ဒေသခံလူငယ်တချို့က ပြောသော်လည်း တချို့လူငယ်များက ကောလဟလအဖြစ် သတင်းထွက်ပေါ်မှုသာဖြစ်ပြီး အတည်မပြုနိုင်ကြောင်း ဖြေဆိုကြသည်။
အမ်းမြို့အနောက်ဘက်ခြမ်းဒေသများကို အာရက္ခတပ်တော်က ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်းများဖော်ဆောင်လျက် ဒေသခံများထံမှ အခွန်ကောက်ခံမှုများရှိကြောင်း သိရသည်။
အမ်းမြို့တွင် ရခိုင်ပြည်နယ်မှာ အကြီးဆုံး စစ်ဌာနချုပ်ဖြစ်သည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်ထာပြီး အာရက္ခတပ်တော်က မကြာခဏ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။