(006SV)
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အခြေစိုက် ချင်းတော်လှန်ရေးအင်အားစု ပလက်ဝကောင်စီ၏ ဒေသန္တရအစိုးရအတွက် ကျပ်သိန်း ၃၀၀၀ ရရှိနိုင်ရေး ကမ်ပိန်းသည် ကမ်ပိန်းရက်ကာလ ထက်ဝတ်ကျော်လာသော်လည်း ကျပ်သိန်း ၁၅၀ ခန့်သာ ရရှိသည်ဟု Project Kimo အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“အရှိန်အဟုန်မြှင့်တင် ကီမိုမြေတခွင်” ကမ်ပိန်းကို နိုဝင်ဘာလ ၅ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၅ ရက်အထိ သိန်း ၃၀၀၀ ရန်ပုံ ငွေ ရရှိနိုင်ရေး ဆောင်ရွက်နေပြီး ယနေ့ ဒီဇင်ဘာလ ၁၀ ရက်အထိ ၅.၃ ရာခိုင်နှုန်း ကျပ်သိန်း ၁၅၀ ခန့်သာ ရရှိခြင်းဖြစ်သည်။
“ကျမတို့ ကမ်ပိန်းက လုပ်နေတာက ၁ လရှိပြီးပေါ့နော်။ အခုထိကလည်း ၅ ရာခိုင်နှုန်းပဲ ရှိတယ်။ အားလုံးက ကမ်ပိန်းကို အဖက်ဖက်က လုပ်နေကြတယ်။ ကျမတို့လည်း တတ်နိုင်သလောက် ကိုယ့်ဒေသအတွက် လုပ်နေပေမယ့်လည်း အများကြီး မရသေးဘူး ဖြစ်နေတယ်။ ဒီပမာဏဟာ အားလုံးက အားစိုက်မယ်ဆိုရင် ရနိုင်တဲ့ ပမာဏတစ်ခုပါ။ လူထုက သိပ်ပြီးတာ့မှ မပါဝင်နိုင်ဘူး ဖြစ်နေတယ်။ ဒီအပေါ်မှာလည်း ကျမက အားမလို၊ အားမရ ဖြစ်မိတယ်” ဟု Project Kimo အဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။
ပလက်ဝချင်းတော်လှန်ရေး အင်အားစုဖြစ်သည့် ကြားကာလခူမီး (ချင်း) မျိုးနွယ်စုများ ရေးရာ အတိုင်ပင်ခံကောင်စီ (IKACC) နှင့် ဒေသန္တရအစိုးရဖြစ်သည့် ပလက်ဝကောင်စီ (PC) တို့က ရန်ပုံငွေ ကမ်ပိန်းကို ဦးဆောင်ပြုလုပ်ခြင်းဖြစ်သည်။
ကမ်ပိန်းမှ ရရှိသော ဘဏ္ဍာငွေများကို ဒေသန္တရအစိုးရဌာနများဖြစ်သော ကာကွယ်ရေး၊ ရဲတပ်ဖွဲ့၊ ပညာရေး၊ ကျန်းမာရေး၊ IDPs စခန်းမှ လူသားစာနာအကူအညီ စသည့် ကဏ္ဍစုံတွင် အသုံးပြုသွားမည်ဟု သိရသည်။
ကာကွယ်ရေးဌာနဖြစ်သည့် CDF – ပလက်ဝတွင် စစ်ရေးအသုံးစရိတ်အပါအဝင် မြေပြင်မှာ အရေးပေါ် လိုအပ်ချက် အများအပြားရှိနေပြီး ရဲတပ်ဖွဲ့မှာလည်း လိုအပ်ရှိများရှိနေကြောင်း သိရသည်။
ပညာရေးတွင် သင်ကြားရေးပိုင်း အထောက်အကူပြုပစ္စည်းများ၊ လုပ်ငန်းလည်ပတ်နိုင်ရေး ဘဏ္ဍာငွေ လိုအပ်နေပြီး ဆရာ၊ ဆရာမများကို လုံလောက်သော လစာ မပေးနိုင်ကြောင်း၊ ကျန်းမာရေးတွင် ဆေးဝါးပစ္စည်းများနှင့် ကုသရေးပိုင်းဆိုင်ရာ အဖွဲ့အစည်းအင်အားများလည်း လိုအပ်နေကြောင်း သိရသည်။
နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူများမှာလည်း အရပ်ဖက်အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှု အားနည်းမှုကြောင့် အခြေခံစားနပ်ရိက္ခာများ အခက်အခဲ များစွာကြုံတွေ့နေရကြောင်း သိရသည်။
ပလက်ဝချင်းတော်လှန်ရေးအင်အားစုများ၏ “အရှိန်အဟုန်မြှင့်တင် ကီမိုတခွင်” ကမ်ပိန်းတွင် ပြည်တွင်း/ပြည်ပ ပြည်သူများအားလုံး ပူးပေါင်းပါဝင်ပေးကြရန် ဖိတ်ခေါ်နေကြောင်း သိရသည်။