(006SV)
အရှို(ချင်း) အမျိုးသားဖက်ဒရယ်ကောင်စီ (ACNFC)၏ နိုင်ငံရေးဦးဆောင်မှုဖြင့် အရှို(ချင်း) အမျိုးသား ကာကွယ်ရေးတပ် (ANDF) ကို ဖွဲ့စည်းတည်ထောင်ကြောင်း ACNFC နှင့် ရိုးမဒေါင်းတပ်ဖွဲ့တို့က ဇူလိုင်လ ၁၀ ရက်မှာ ပူးတွဲကြေညာလိုက်သည်။
ယခုအချိန်သည် တော်လှန်ရေးအင်အားစုများအကြား ပိုမိုစည်းလုံးညီညွတ်၍ နိုင်ငံရေးနှင့် စစ်ရေး လုပ်ငန်းစဉ်များကို ညှိနှိုင်းပူး ပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ရိုးမဒေါင်းတပ်ဖွဲ့ကို အရှို (ချင်း) အမျိုးသားကာကွယ်ရေးတပ် ၊ Asho (Chin) National Defense Force (ANDF) အမည်ဖြင့် ပြောင်းလဲဖွဲ့စည်းပြီး ACNFC ၏ နိုင်ငံရေး ဦးဆောင်မှုအောက်တွင် တရားဝင်တပ်ရင်း၊ တပ်ဖွဲ့အဖြစ် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်ဟုသိရသည်။
တော်လှန်ရေးအင်အားစုများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ စစ်ရေးနှင့် နိုင်ငံရေး လှုပ်ရှားမှုများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး၊ ဒေသခံပြည်သူများ၏ အသက်အိုးအိမ်နှင့် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် နှစ်ဖက်အဖွဲ့အစည်းများက လက်တွဲ ဆောင်ရွက်သွားမည်ဟု သိရသည်။
ACNFC နှင့် ANDF တို့သည် တော်လှန်ရေးအင်အားစုများ၏ စည်းလုံးညီညွတ်မှုကို အလေးထားပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်တွန်းလှန်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ် တည်ဆောက်ရေးနှင့် လူထု၏ မျှော်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ACNFC သည် အရှို (ချင်း) အမျိုးသားတို့၏ နိုင်ငံရေး၊ လုံခြုံရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ အခွင့်အရေးများကို ကာကွယ်မြှင့်တင်ရန်၊ အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းပြီး ဆောင်ရွက်နေသည့်အဖွဲ့ ဖြစ်သည်ဟု သိရသည်။
ရိုးမဒေါင်းတပ်ဖွဲ့သည် ၂၀၂၁ စစ်အာဏာသိမ်းမှု နောက်ပိုင်းမှ စတင်၍ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တော်လှန်ခဲ့သော ဒေသအခြေပြု တော်လှန်ရေးအင်အားစု တစ်ခုဖြစ်ပြီး စစ်ရေး၊ လုံခြုံရေးနှင့် ပြည်သူလူထု ကာကွယ်ရေး စသည့် တော်လှန်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်နေသည့် အဖွဲ့ဖြစ်သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်းတွင် အရှိုချင်းဒေသနှင့် လူမျိုးကို အခြေပြု၍ ဖွဲ့စည်းတည်ထောင်ထားသော CDF – Asho နှင့် ACDF စသည့် အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့များလည်း ရှိနေပြီး ၎င်းတို့သည် မကွေးနှင့် ပဲခူးတိုင်းအတွင်းရှိ အရှိုချင်းဒေသများတွင် အခြေစိုက်၍ စစ်ရေးလှုပ်ရှားသည်ဟု သိရသည်။

