ကျူးလွန်သူများအား အရေးယူပေးရန် အိန္ဒိယအာဏာပိုင်များကို India for Myanmar တောင်းဆို
အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်ရှိ မာသီယာ (Matia) ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသည့် မြန်မာအမျိုးသမီး များမှာ အကျဉ်းထောင်တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လိင်ပိုင်းဆိုင်ရာ မလျော်ကန်သော စော်ကားမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံနေရကြောင်း India for Myanmar အဖွဲ့က ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့ နံနက် ၅ နာရီခန့်တွင် မာသီယာထိန်းသိမ်းရေးစခန်း၏ လက်ထောက်ထောင်မှူး Mr. Shantanu Deep ၏ ညွှန်ကြားချက်ဖြင့် Assam Rifles တပ်ဖွဲ့ဝင်များက စခန်းအတွင်းရှိ မြန်မာအမျိုးသမီး (၁၀) ဦးကို သီးခြားခွဲ ထုတ်ကာ တစ်ကိုယ်လုံး ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် အမျိုးသမီးရဲတပ်ဖွဲ့ဝင်များ သို့မဟုတ် အမျိုးသမီးလုံခြုံရေးဝန်ထမ်းများ မပါဝင်ဘဲ အမျိုးသားလုံခြုံ ရေးတပ်ဖွဲ့ဝင်များကသာ ဝင်ရောက်စစ်ဆေးခဲ့ခြင်းဟု ဆိုသည်။
ထို့နောက် အဆိုပါအမျိုးသားတပ်ဖွဲ့ဝင်များက မသင့်လျော်သော ကိုယ်ခန္ဓာအစိတ်အပိုင်းများအား ကိုင်တွယ်ထိတွေ့မှုများ ရှိခဲ့သည့်အပြင်၊ ၎င်းကဲ့သို့သော စစ်ဆေးမှုမျိုးကို နေ့စဉ် သို့မဟုတ် အပတ်စဉ် ဆက်လက်လုပ်ဆောင်သွားမည်ဟု ခြိမ်းခြောက်ပြောဆိုမှုများပါရှိခဲ့ကြောင်း ထိန်းသိမ်းခံထားရသူများ၏ ပြောကြားချက်ကို ကိုးကား၍ India for Myanmar က ဖော်ပြထားသည်။
ဤလုပ်ရပ်သည် အမျိုးသမီးများကို အခြားအမျိုးသမီးတစ်ဦးကသာ သိက္ခာရှိစွာ ရှာဖွေစစ်ဆေးရမည်ဟု ပြဋ္ဌာန်းထားသည့် အိန္ဒိယပြည်တွင်းဥပဒေ ၂၀၂၃ ခုနှစ်၊ ဘာရတီယ နာဂရစ် ဆူရတ်ရှာ ဆန်ဟီတာ (BNSS) ပုဒ်မ ၄၉(၂) ကို တိုက်ရိုက်ချိုး ဖောက်ခြင်းဖြစ်သလို၊ အမျိုးသမီးတစ်ဦး၏ ကာယိန္ဒြေကို ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် အင်အားသုံးစော်ကားမှု ပြစ်မှု ဆိုင်ရာ ဘာရတီယ ညာယ ဆန်ဟီတာ (BNS) ပုဒ်မ ၇၄ အရ အရေးယူနိုင်သည့် ရာဇဝတ်မှုမြောက်သော လုပ်ရပ်လည်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ မာသီယာထိန်းသိမ်းရေးစခန်း၌ အမျိုးသမီး (၁၀) ဦး အပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း (၃၂) ဦး ထိန်းသိမ်းခံထားရပြီး ၎င်းတို့မှာ ပြစ်ဒဏ်ကာလ ပြည့်မြောက်ပြီးဖြစ်သော်လည်း မြန်မာနိုင်ငံအတွင်း လုံခြုံရေးအခြေအနေ မတည်ငြိမ်မှုကြောင့် နေရပ်မပြန်နိုင်သေးဘဲ ရှိနေကြသူများဟုလည်း သိရသည်။
ထို့အပြင် ၎င်းတို့ထဲမှ အချို့မှာ တတိယနိုင်ငံများမှ နိုင်ငံရေးခိုလှုံခွင့် ပေးထားပြီးဖြစ်သော်လည်း ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဇီဝအချက်အလက် (Biometric Data) ကောက်ခံနိုင်ရေး ကြိုးပမ်းမှုများကို သက်ဆိုင်ရာ အိန္ဒိယအာဏာပိုင်များက ခွင့်ပြုခြင်းမရှိသေးသူများဟု ဆိုသည်။
အိန္ဒိယနိုင်ငံကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် နိုင်ငံသားနှင့်နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ နိုင်ငံတကာ ပဋိညာဉ် စာချုပ် (ICCPR) အပိုဒ် ၁၀ ပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ကာ ဒုက္ခသည်များအပေါ် တင်းကျပ်သော အကျဉ်းထောင် စည်းမျဉ်းများဖြင့် ဖိနှိပ်နေခြင်းနှင့် စပ်လျဉ်း၍ India for Myanmar အဖွဲ့က အလေးအနက် တိုက်တွန်းတောင်း ဆိုထားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက်များနှင့် ပတ်သက်၍ လွတ်လပ်ပြီး ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှုများ ချက်ချင်းဆောင်ရွက်ပေးရန်နှင့် ထိန်းသိမ်းခံ မြန်မာနိုင်ငံသားများ၏ အခြေခံလူ့ အခွင့်အရေးများကို အပြည့်အဝ ကာကွယ်စောင့်ရှောက်ပေးရန် တောင်းဆိုထားသည်။
ထို့အပြင် UNHCR နှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ယခုဖြစ်စဉ်ကို အရေးပေါ် အာရုံစိုက်စောင့်ကြည့်ပြီး လိုအပ် သော ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးရန် တိုက်တွန်းထားသည့်အပြင်၊ အိန္ဒိယနိုင်ငံအတွင်းရှိ မြန်မာဒုက္ခသည်များနှင့် ခိုလှုံခွင့်ရှာဖွေသူများ ကြုံတွေ့နေရသည့် အခြေအနေများနှင့် အခက်အခဲများကိုလည်း နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အလေးထား အာရုံစိုက် ဆောင်ရွက်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။

