Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“အားကောင်းသည့် စက်ခေါင်းဖြင့် ရထားတစ်စင်းအဖြစ်သို့”

“အားကောင်းသည့် စက်ခေါင်းဖြင့် ရထားတစ်စင်းအဖြစ်သို့”

0
By Editor on October 31, 2024 Featured

ရေး – သြသနီရယ်လ် တင်မ်ပို

(၁)

၃၊ ဖေဖော်ဝါရီ ၂၀၂၁ တွင် မင်းကိုနိုင်က လူမှုကွန်ယက်ပေါ်၌ စာတစ်ပုဒ်တင်လိုက်သည်။ “ခေါင်းတွဲ ဖြုတ်လိုက်ပေမယ့် တွဲအားလုံးမှာ စက်ခေါင်းပါတယ်၊ လိုရာမောင်းလျက် ခရီးဆက်…ဟေ့” ဟူ၏။ “တွဲတိုင်းမှာ စက်ခေါင်းပါတယ်” ဟူသော စကားသည် ထိုနေ့မှ အစပြုခဲ့သည်ဟုယူဆရသည်။ ယင်း စာသည် မြန်မာ့နွေဦးတော်လှန်ရေး ဟန်းနီးမွန်းကာလ၌ ရေပန်းစားသောအယူအဆတစ်ရပ်ဖြစ်ခဲ့ သလို Gen Z လူငယ်များအတွက် တော်လှန်သောအတွေးအမြင်တစ်ခုလည်း ဖြစ်ခဲ့သည်။

အမှန်စင်စစ် မြန်မာ့ နွေဦးတော်လှန်ရေးကို နိုင်ငံရေးအီးလစ် (elites) များက အစပျိုးဦးဆောင်ခဲ့သည်မဟုတ်။ မြက်မြစ် (grassroots) လူငယ် Gen Z များက စတင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် တွဲတိုင်းမှာ စက်ခေါင်းပါခြင်းသည် မြန်မာ့ရေမြေတလွှား နေရာအနှံ့အပြား၌ တစ်စုံတစ်ဖွဲ့၏ကြိုးကိုင်မှုမပါသော အော်ဂင်းနစ် (organic) လှုပ်ရှားမှုများ အပြိုင်းအရိုင်းပေါ်ပေါက်လာစေရန် အားပေးနိုင်ခဲ့ပါသည်။

သို့သော် ယခုအခါ နွေဦးတော်လှန်ရေးသည် ကြီးကောင်ဝင်လာပြီး၊ တော်လှန်ရေးလောကဓံ လှိုင်းကြမ်းကို စတင်ရင်ဆိုင်ကြုံတွေ့ရစပြုလာသည်သာမက၊ ရန်သူကလည်း တော်လှန်သူတို့၏ အားနည်း၊ အားသာချက်များကို ယခင်ကထက်ပို၍သိရှိနားလည်လာသောအခါ တွဲတိုင်း၌ စက်ခေါင်းပါခြင်းသည် မည်မျှ အကျိုးရှိ/မရှိ ပြန်လည်စောကြောသုံးသပ်ရန် လိုအပ်လာပြီဖြစ်သည်။

(၂)

၂၀၂၁ ၏ ချင်းအခင်းအကျင်းသည် ချင်းတို့ထုံးစံအတိုင်း အစပျိုးကောင်းခဲ့သည်ဟုဆိုနိုင်သည်။ ၁၃၊ ဧပြီ ၂၀၂၁ တွင် ချင်းနိုင်ငံရေးအီးလစ်များဖြင့်ဖွဲ့စည်းခဲ့သော ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ (ICNCC) သည် တာထွက်ကောင်းခဲ့သည်ဟုဆိုနိုင်ငြားလည်း ၂၀၂၂ ထဲရောက်သောအခါ စက်ခေါင်း ၄ ခုဖြင့် မောင်းနှင်သော ရထားတစ်စီးအဖြစ် တဖြည်းဖြည်းပုံပေါ်လာခဲ့သည်။ ထို့ကြောင့် လည်း စက်ခေါင်းအချင်းချင်း ပွတ်တိုက်မှုသာများပြီး၊ မြေပြင်နှင့် ကောင်းစွာ မချိတ်ဆက်နိုင်ခဲ့ပေ။

ထို့ပြင်၂၀၂၁ ဧပြီ၊ မေ၊ ဇွန်လများတွင် မြို့နယ်အသီးသီး၌သာမက အချို့မြို့နယ်တွင် ဒေသအဆင့်များ၌ပါ ကာကွယ်ရေးတပ်ဖွဲ့များဖွဲ့စည်းလာကြပြီး နောက်ထပ် စက်ခေါင်းများစွာ ပေါ်ပေါက်လာခဲ့ ပြန်သည်။ ၃၀၊ စက်တင်ဘာ ၂၀၂၁ တွင် Chinland Joint Defense Committee (CJDC) ကို စတင် ဖွဲ့စည်းသောအခါ မြို့နယ်အဆင့် ၉ ခု၊ ဒေသအဆင့် ၇ ဖွဲ့ပါဝင်ခဲ့သည်ကိုတွေ့ရသည်။ ထိုအချိန်တွင် လက်နက်ကိုင် တော်လှန်ရေးကို ကူးပြောင်းရန် NUG ကလည်း ကြေညာပြီး (၇၊ စက်တင်ဘာ ၂၀၂၁) ဖြစ်ရာ ချင်းတို့၏ စုဖွဲ့နေရာယူမှု (positioning) သည် အတော်ပင် လှပသည့်အနေအထားဖြစ်ခဲ့သည်။

သို့ရာတွင် ၂၀၂၂ တစ်ခုလုံး ချင်းနိုင်ငံရေးအီးလစ်များဖြင့် ဖွဲ့စည်းထားသော ICNCC နှင့် မြေပြင် Gen Z များဖြင့်ဖွဲ့စည်းထားသော CJDC တို့ကြား တူညီသည့် ဘုံလမ်းကြောင်းကို ဂဟေ မဆက်နိုင်ခဲ့ပေ။ အီးလစ်များကလည်း နိုင်ငံရေးအခန်းကဏ္ဍကနေ မဆင်းလာနိုင်ခဲ့သလို၊ မြေပြင်လူငယ် Gen Z တို့က လည်း စစ်ရေး၊ ထိုမှ ထိန်းချုပ်နယ်မြေအတွင်း အုပ်ချုပ်ရေးဖော်ဆောင်ရေးတို့ကို လက်မလျှော့နိုင်ခဲ့ ကြပေ။ အမှန်စင်စစ် နိုင်ငံရေး၊ စစ်ရေး ဒွန်တွဲသွားရမည်ဖြစ်သော်လည်း၊ နိုင်ငံရေးနှင့် စစ်ရေးကဏ္ဍနှစ်ခုရှိ အက်တာ (actors) များက စက်ခေါင်းတစ်ခုတည်းဖြစ်အောင် မဖော်ဆောင်နိုင်ခဲ့ကြပေ။

၂၀၂၃ ထဲရောက်သောအခါ ချင်းအမျိုးသားတပ်ဦး (CNF) သည် ICNCC ထဲကထွက်ပြီး၊ နောက်ထပ် စုဖွဲ့မှုသစ်တစ်ခု ဆောင်ရွက်ရန် ချင်းအမတ်များနှင့်လည်းကောင်း၊ CJDC နှင့်လည်းကောင်း ဆွေးနွေး ညှိနှိုင်းလာခဲ့သည်။ သို့သော်လည်း Chinland Conference ကို ၂၀၂၃ ဒီဇင်ဘာလဆန်းတွင် ကျင်းပ သောအခါ ချင်းအမတ်များအားလုံး၊ မြို့နယ်အားလုံး၊ ကာကွယ်ရေးအဖွဲ့အားလုံး မပါဝင်နိုင်ခဲ့ကြပေ။ ထိုကြားမှပင် ၆၊ ဒီဇင်ဘာ ၂၀၂၃ ၌ Chinland Council (CC) ကိုဖွဲ့စည်းခဲ့ပါသည်။ ၁၆၊ ဒီဇင်ဘာ ၂၀၂၃ တွင် CJDC ကိုဖျက်သိမ်းကြောင်းကြေညာခဲ့သည်။ ဤသို့ဖြင့် ချင်းပြည်နယ်ရှိ ကာကွယ်ရေးတပ်ဖွဲ့များ ရာနှုန်းပြည့်နီးပါးပါဝင်သော ချင်းပြည် စစ်ရေးဦးဆောင်အဖွဲ့သည် ဖွဲ့စည်းပြီး ၂၆ လကျော်တွင် ရပ်နားခဲ့ခြင်းဖြစ်သည်။ ၃၀၊ ဒီဇင်ဘာ ၂၀၂၃ တွင် Chinland Council ဖွဲ့စည်းရာ၌ မပါဝင်သည့် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) နှင့် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland) တို့က ချင်းညီနောင်မဟာမိတ် (Chin Brothers Alliance) ကို ဖွဲ့စည်းကြောင်းကြေညာခဲ့သည်။ များမကြာမီ အဖွဲ့အချို့ပူးပေါင်းပါဝင်လာခဲ့ကြသည်။

၂၀၂၄ ရောက်သော် ပြည်တွင်း၊ ပြည်ပရှိ ချင်းလူထုသည် ချင်းတော်လှန်သူအင်အားအုပ်စုနှစ်ခု၏ တစ်ဖက်နှင့်တစ်ဖက် အားပြိုင်မှုများကို မလွဲမရှောင်သာ မြင်တွေ့ကြုံတွေ့လာကြရပါတော့သည်။ ၂၀၂၁ – ၂၀၂၃ သည် အီးလစ်နှင့် မြေပြင်အဖွဲ့ကြားအားပြိုင်မှုဖြစ်ခဲ့သော်လည်း၊ ၂၀၂၄ ထဲတွင်မူ ဝိသေသအခြေပြု (Identity-based) အုပ်စုဖွဲ့မှုနှစ်ခုကြား အားပြိုင်မှုအဖြစ်ပြောင်းလဲသွားခဲ့ပါသည်။ ဝိသေသ (Identity) အခြေပြုသောအုပ်စုနှစ်ခုကြားနိုင်ငံရေးအရအားပြိုင်မှုသည်၊ စစ်ရေးပါသော ပဋိပက္ခအဖြစ်သို့ပြောင်းလဲသွားလျှင် တော်ရုံထိန်းသိမ်းနိုင်ရန် ခက်ခဲလာမည်ဖြစ်သည်။

(၃)

၂၀၂၃ နှစ်ကုန်တွင် ချင်းတော်လှန်ရေးတပ်ပေါင်းစုနှစ်ခုဖြစ်သွားခဲ့သည့်တိုင်၊ ပြန်လည်စုစည်းနိုင်ရေး အတွက်ကြိုးပမ်းမှုသည်လည်း အချိန်နှင့်တပြေးညီနီးပါး ပေါ်ထွက်ခဲ့သည်။ ၂၀၂၄၊ ဇန်နဝါရီ လဆန်း တွင် ICNCC နှင့် CC တွင်ပါဝင်ကြသော လွှတ်တော်အမတ်များ၏ အလွတ်သဘော တွေ့ဆုံမှုစတင်ခဲ့ ကြသည်။ ဇွန်လဆန်းတွင် ဒုတိယအကြိမ် ထပ်မံတွေ့ဆုံကြသည်။ ဒုတိယအကြိမ် တွေ့ဆုံသောအခါ လွှတ်တော်အမတ်များသာမက စစ်ဖက်ဆိုင်ရာတာဝန်ရှိသူများလည်း ပါဝင်လာကြသည်။ ဒုတိယ အကြိမ်တွေ့ဆုံအပြီးတွင် နှစ်ဖက်စလုံးပြန်လည်စုစည်းနိုင်ရေးအတွက် တတိယပုဂ္ဂိုလ်၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်လိုသည်ဟူသောသဘောထားကိုနှစ်ဖက်စလုံးက ပေးကြကြောင်းသိရသည်။

ထို့အတူ မီဇိုရမ်ပြည်နယ်ရှိ ညီနောင်သွေးချင်းများ၏ ကြားဝင်ညှိနှိုင်းမှုများလည်း ဆက်တိုက်ကဲ့သို့ပင် ရှိလာခဲ့သည်။ အထူးသဖြင့် Zo Reunification Organization (ZORO) အဖွဲ့သည် ICNCC နှင့် CC တို့ နှင့်သာမက ZRO နှင့်ပါတွေ့ဆုံညှိနှိုင်းမှုပေါ်ပေါက်လာရေးကို ဆောင်ရွက်လာခဲ့သည်။ အထူးသဖြင့် တပ်ပေါင်းစုများကြားတွင် မြေပြင်ပစ်ခတ်တိုက်ခိုက်မှုများ မဖြစ်ပေါ်ရေးမှစတင်ကာ၊ နိုင်ငံရေးအရ တစ်ခုတည်းသောတပ်ပေါင်းစုအဖြစ် ပြန်လည်စုစည်းလာနိုင်ရေးအထိ ရည်မှန်းသည်ဟုသိရသည်။ အရောင်မှိန်သည့်တိုင် မျှော်လင့်ချက်ကြိုးမျှင်တွေကတော့ ရှိနေဆဲဟု ယုံကြည်ပါသည်။

တစ်ဖက်တွင်လည်း ပြန်ဖြုတ်သိမ်းရမည့်စနက်တံတွေက အများအပြားရှိနေဆဲဖြစ်သည်။ တချို့ကတော့ လတ်လတ်ဆတ်ဆတ်။ တချို့ကတော့ သမိုင်းနှင့်ချီပြီး ရှိနေခဲ့သောအရာများ ဖြစ်သည်။ လတ်လတ် ဆတ်ဆတ်ကိစ္စတွေဆိုသည်မှာလည်း သမိုင်းနှင့်ချီသောကိစ္စတွေအပေါ်မှာ အခြေခံနေ သည်။ သမိုင်း ကိုပြန်လှန်ပြောရသောအခါ နှစ်ဖက်စလုံး နာကျင်ကြရသည်။ သို့သော် မပြောလို့မရ။ ပြောလွန်းလျင် လည်း မရ။ ထိခိုက်နာကျင်မှု ခံစားချက်များ (grievances) ဖြင့် မဟုတ်ဘဲ၊ သင်ခန်းစာထုတ်ရမည့် အချက်အလက်များအဖြစ်သာ တက္ကနီကယ်လီ (technically) ပြောကြဖို့ လိုမည်ထင်ပါသည်။

(၄)

မကြာမီကာလအတွင်း CC ရော၊ CB ပါ ဖွဲ့စည်းတည်ရှိမှုတစ်နှစ်ပြည့်မြောက်တော့မည်ဖြစ်သည်။ ထို့အတူ လာမည့် ၂၀၂၅ သည် ချင်းအပါအဝင် နွေဦးတော်လှန်ရေးတစ်ခုလုံးအတွက် ပို၍ခက်ထန် ကြမ်းတမ်းသည့်အလှည့်အပြောင်းကာလတစ်ခုကို ဖြတ်သန်းလာရတော့မည်ဖြစ်သည်။ ၂၀၂၅ တွင် နွေဦးတော်လှန်ရေးကာလသည် ၅ နှစ်ထဲသို့ ရောက်ရှိလာတော့မည်ဖြစ်သလို၊ တော်လှန်သူတို့ ရည်မှန်းသောပန်းတိုင်ဆီသို့ရောက်မည်လား၊ သို့မဟုတ် မည်သို့သောအခင်းအကျင်းသစ်များ ထွက်ပေါ်လာလေမည်နည်းဟု တွက်ချက်စရာဖြစ်လာတော့မည်ဖြစ်သည်။

ထို့ကြောင့် ဗဟိုအုပ်ချုပ်မှုစနစ်ပြောင်းလဲ၍ ချင်းတွေလိုချင်သော နိုင်ငံရေးစနစ်သစ်တစ်ခု ဖြစ်ထွန်းရရှိအောင် အခြားညီနောင်တိုင်းရင်းသားများနှင့်အတူ အသက်ပေးတိုက်ပွဲဝင်ကြရင်း၊ အခြားတစ်ဖက် မှာလည်း မင်းအောင်လှိုင် ပျောက်ပြီး၊ ကိုယ့်အချင်းချင်းပြန်ချကြသည့်ပွဲများအဖြစ် ဦးတည် မသွားစေ ရန် အမြော်အမြင်ကြီးစွာ ကိုင်တွယ်ရွေးချယ်နိုင်ဖို့ ချင်းတော်လှန်သူများ၌ တာဝန်ရှိလာပြီဖြစ်သည်။

တွဲတွေများပြီး ရထားတစ်စီး မဖြစ်သော အခင်းအကျင်းမျိုး မဟုတ်ဘဲ၊ တွဲတွေပေါင်းပြီး ချင်းအားလုံး စီးနင်းလိုက်ပါနိုင်သော ရထားတစ်စီးအဖြစ် ချီတက်နိုင်ကြပါစေကြောင်း ဆုတောင်းပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.