(005MK)
အိန္ဒိယနိုင်ငံ၏ လူဦးရေသန်းခေါင်စာရင်းကောက်ယူမည့်အစီစဉ်တွင် မီဇိုရမ်ပြည်နယ်အတွင်းဝင်ရောက်ခိုလုံကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်များကိုလည်း ထည့်သွင်းကောက်ယူသွားမည်ဟု သိရသည်။
မီဇိုရမ်ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူခြင်းကို ဆောင်ရွက်မည့်အစိုးရတာဝန်ရှိသူများက ယနေ့ဧပြီလ ၁၅ ရက်နေ့တွင် အိုင်ဇောလ်မြို့ Press club တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာ ထိုကဲ့သို့ပြောဆိုသွားခြင်း ဖြစ် သည်ဟု မီဇိုရမ်ဒေ သတွင်းသတင်းမှာဖော်ပြပါတယ်။
“ဒီလူဦးရေကောက်ခံတဲ့သန်းခေါင်စာရင်းက နိုင်ငံသားဖြစ်ခြင်းနဲ့မသက်ဆိုင်ဘူး၊ အိန္ဒိယနိုင်ငံထဲမှာ လူဦးရေဘယ် လောက်နေထိုင်ကြလဲဆိုတဲ့ စာရင်းကိုကောက်ခံတဲ့ဟာဖြစ်တဲ့အတွက် မီဇိုရမ်ပြည်နယ်ထဲမှာနေထိုင်သူအားလုံးကို ကောက်ခံသွားမယ် စစ်ဘေးရှောင်စခန်းမှာနေထိုင်တဲ့သူတွေလည်း အကုန်ကောက်ယူသွားမယ်၊ အိန္ဒိယရဲ့ ရေ၊ မီး နဲ့ အခြားသောအခြေခံလိုအပ်ချက်တွေကို အားလုံးအတူတူသူတို့လည်းသုံးစွဲနေကြတဲ့အတွက် စစ်ဘေးရှောင်တွေကို လည်းကောက်ခံသွားပါမယ်” ဟု အထက်ပါတာဝန်ရှိသူတစ်ဦးကပြောဆိုသည်။
ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် self-numeration ဟုခေါ်သော မိမိအိမ်ထောင်စု၏ အချက်အလက်များကို အွန်လိုင်းတွင် မိမိဘာသာ ဖြည့်သွင်းသည့်စနစ်မှာ ဧပြီလ ၁၆ ရက်နေ့တွင်အချိန်ကုန်ဆုံးမည်ဖြစ်ပြီး လက်ရှိချိန်ထိ မီဇိုရမ်ပြည်နယ်တွင် ထိုကဲ့သို့ဖြည့်သွင်းသူ ၁၀၄၀၀ ကျော်ရှိသည်ဟု သိရသည်။
ဧပြီလ ၁၇ ရက်နေ့ကစ၍ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းနဲ့ စာရင်းကောက်ယူခြင်းအစီစဉ်ကို အိမ်တိုင်ရာ ရောက်သွားရောက်ကာ စာရင်းကောက်ယူကြမည်ဖြစ်ပြီး လူဦးရေစာရင်းကောက်ယူမှုကိုတော့ လာမည့် ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်မည်ဟု သိရသည်။

