(005MK)
အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် Siaha ခရိုင် Khaikhy ကျေးရွာတွင် ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့်ပတ်သက်၍ အငြင်းပွားမှုဖြစ်ပွားရာမှ ရခိုင်ကုန်သည်များက မာရာလူငယ်အဖွဲ့ Mara Thyutlia Py (MTP) ၏ စစ်ဆေးရေးဂိတ်ကို မီးရှိုဖျက်ဆီးခဲ့ကြ သည်ဟု မီဇိုရမ်သတင်းများကဖော်ပြသည်။
ဖြစ်စဉ်မှာ Siaha ခရိုင်အတွင်းမှ ရခိုင်ပြည်နယ်သို့ လှေများဖြင့် ကုန်ပစ္စည်းတင်ပို့နေသည့် ရခိုင်ကုန်သည်များသည် ကုန်ပစ္စည်းများ ပုံမှန်မရရှိသည့်ကိစ္စနှင့်ပတ်သက်၍ ယနေ့မွန်းလွဲ ၁၂ နာရီခန့်တွင် ကုန်ပစ္စည်းတင်ပို့မှုကို စီမံခန့်ခွဲ နေသည့် Khaikhy ရွာက MTP တာဝန်ရှိသူများ၏ စစ်ဆေးရေးဂိတ် (Duty Post) သို့ သွားရောက်ကာ ၎င်းတို့အား ကုန်ပစ္စည်းများ သယ်ယူခွင့်ပြုရန် ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။
ဆွေးနွေးစဉ်အတွင်း Khaikhy MTP နှင့် ရခိုင်ကုန်သည်များအကြား အပြန်အလှန် အငြင်းပွားမှုဖြစ်ပွားကာ အကြမ်း ဖက်မှု ဖြစ်ပွားမည့်အခြေအနေသို့ ရောက်ရှိနိုင်သဖြင့် Khaikhy MTP တာဝန်ရှိသူများက စစ်ဆေးရေးဂိတ်မှ ထွက်ခွာသွားခဲ့ကြသည်ဟု မီဇိုရမ်ဒေသတွင်းသတင်းများကဖော်ပြသည်။
ထို့နောက် ဒေါသထွက်နေသည့် ရခိုင်ကုန်သည်များသည် MTP စစ်ဆေးရေးဂိတ်ကို ဖျက်ဆီးခဲ့သည့်အပြင် မီးရှို့ခဲ့ကြ သော်လည်း မီးအရှိန်မပြင်းမီ ပြန်လည်ငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ Khaikhy MTP ၏ ကုန်တင်လှေအဝင်အထွက် မှတ်တမ်းစာအုပ်၊ ငွေစာရင်းစာအုပ်များကို ဖျက်ဆီးခဲ့ကြပြီး ရူပီးတစ်သောင်းခန့် ပျောက်ဆုံးသွားကြောင်း ဖော်ပြထား သည်။
အဆိုပါဖြစ်စဉ်များကြောင့် Lopu ကျေးရွာမှ လူငယ်များနှင့် အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်တချို့လည်း Khaikhy ရွာသို့ ချက်ချင်းသွားရောက်ခဲ့ကြပြီး အခြေအနေများ တင်းမာလာသည့်အတွက် ရခိုင်ကုန်သည်များသည် Khaikhy မှ ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်ဟုသိရသည်။
လက်ရှိတွင် နောက်ထပ်မလိုလားအပ်သော ပဋိပက္ခများ ဆက်လက်မဖြစ်ပွားဘဲ အခြေအနေ ငြိမ်သက်လျက်ရှိကြောင်း သိရသည်။

