(005MK)
မီဇိုရမ်ပြည်နယ်အခြေစိုက် Zo Reunification Organization (ZORO) က အိန္ဒိယပြည်ထဲရေးဝန်ကြီး Amit shah ထံ အိန္ဒိယ-မြန်မာနယ်စပ်လွတ်လပ်စွာသွားလာခွင့်စနစ် ပြန်လည်ခွင့်ပြုရန် တောင်းဆိုခဲ့သည်ဟု သိရသည်။
မတ်လ ၁၅ ရက်နေ့က မီဇိုရမ်ပြည်နယ်ကို တစ်ညအိပ်ခရီးဖြင့်ရောက်ရှိလာသော အိန္ဒိယပြည်ထည်ရေးဝန်ကြီးကို အိုင်ဇောလ်မြို့ ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်ယာ Raj Bhavan မှာ ZORO ခေါင်းဆောင်များက သွားရောက်တွေ့ဆုံရာမှာ အိန္ဒိယ-မြန်မာနယ်စပ်လွတ်လပ်စွာဝင်ထွက်သွားလာခွင့်စနစ် Free Movement Regime (FMR) ဖျက်သိမ်းမှုကို ပြန်လည်သုံးသပ်ရန် တောင်းဆိုခဲ့ကြသည်ဟု All India Radio News ကဖော်ပြသည်။
အိန္ဒိယဗဟိုအစိုးရက FMR စနစ်ကိုဖျက်သိမ်းပြီးနောက် ယခုနှစ်ဇန်နဝါရီလ ၁ ရက်နေ့ကစ၍ အိန္ဒိယ-မြန်မာနယ်စပ်မှာ လွတ်လပ်စွာဝင်ထွက်သွားလာခွင့်ကို ကန့်သတ်တင်းကြပ်လိုက်သောကြောင့် နှစ်နိုင်ငံပြည်သူများအတွက် များစွာသော အခက်အခဲဖြစ်စေပြီး ယခင် ပုံမှန်အတိုင်း FMR စနစ်ကို ပြန်လည်ကျင့်သုံးရန် ZORO က တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ဒါ့အပြင် အိန္ဒိယဗဟိုအစိုးရအနေဖြင့် အိန္ဒိယ-မြန်မာနယ်စပ်ကို ခြံစည်းရိုးခတ်မည်ဆိုပါကလည်း နယ်စပ်ဒေသတွင် နေထိုင်ကြသော ဌာနေတိုင်းရင်းသားလူမျိုးများအတွက် များစွာသော အခက်အခဲများဖြစ်ပေါ်စေနိုင်သည့်အပြင် ညီအကိုအချင်းချင်းကြား ပိုင်းခြားခံရမည့်အခြေအနေမျိုး ရောက်သွားနိုင်သည်ဟု ပြည်ထဲရေးဝန်ကြီးထံ တင်ပြခဲ့ကြသည်။
လက်ရှိ မဏိပူရ်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခကြောင့် ကူးကီး (ဇို) လူမျိုးများ အခက်ခဲ မျိုးစုံနဲ့ကြုံတွေနေရကြောင်း၊ မဏိပူရ်ပြည်နယ်ထဲမှာ ကူကီး (ဇို) လူမျိုးများ နှင့် Meitei (ကသည်း) လူမျိုးများသည် အုပ်ချုပ်မှုတစ်ခုအောက်တွင် အတူနေထိုင်ရန် အဆင်မပြေတော့ဘဲ ကူကီး (ဇို) လူမျိုးများအတွက် သီးခြားအုပ်ချုပ်မှုတစ်ခု ဖန်တီးပေးရန်လည်း တောင်းဆိုခဲ့ကြသည်။
အလားတူ ဗဟိုမီဇိုးလူငယ်များအသင်း CYMA ခေါင်းဆောင်များကလည်း အိန္ဒိယပြည်ထဲရေးဝန်ကြီးကို တွေ့ဆုံရာမှာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် (Free Movement Regime – FMR) ကို ပြန်လည်ကျင့်သုံးရန် တောင်းဆိုခဲ့ကြသည်ဟု သိရသည်။