(005MK)
အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်ပြီး လွတ်လပ်စွာလှုပ်ရှားသွားလာမှုစနစ် (FMR) အား ဖျက်သိမ်းမည့်အစီစဉ်ကို ပြန်လည်သုံးသပ်ရန် မီဇိုရမ်ပြည်နယ်က အင်အားကြီးအရပ်ဖက်အဖွဲ့စည်း ညှိနှိုင်းရေးကော်မတီ (NGOCC) က အိန္ဒိယပြည်ထဲရေး၀န်ကြီးထံ စာချွှန်လွှာပေးပို့လိုက်သည်။
မီဇိုးလူငယ်များအသင်း (CYMA)၊ မီဇိုးကျောင်းသားများသမဂ္ဂ (MZP), (MSU)၊ မီဇိုးသက်ကြီးပုဂ္ဂိုလ်များအသင်း (MUP) နှင့် မီဇိုးအမျိုးသမီးများအသင်း (MHIP) စသည့် ၅ ဖွဲ့ဖြင့် စုဖွဲ့ထားသော NGOCC က ယနေ့တွင် အိန္ဒိယပြည်ထဲရေး၀န်ကြီး Amit Shah ထံသို့ ပေးပို့ခဲ့ကြခြင်းဖြစ်သည်။
အိန္ဒိယဗဟိုအစိုးရအနေဖြင့် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်ခြံစည်းရိုးခတ်မည့်အစီစဉ်နှင့် နယ်စပ်တဖက် တချက်စီလွတ်လပ်စွာလှုပ်ရှားသွားလာမှုစနစ် FMR ဖျက်သိမ်းမည့်အစီစဉ်တို့ကို အကောင်ထည်ဖော်ဆောင်ရွက်ပါက မြန်မာဘက်ခြမ်းတွင်နေထိုင်ကြသော မျိုးနွယ်စုတူ ချင်း (ဇိုး) မျိုး နွယ်စုများနှင့် ရင်းနှီးစွာဆက်ဆံမှု၊ စည်းလုံးမှုပိုင်းကို ထိခိုက်စေနိုင်သည်ဟု NGOCC ကဆိုသည်။
အိန္ဒိယအစိုးရသည် ဌာနေတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကြေညာစာတမ်း (United Nations Declaration on the Rights of the Indigenous Peoples) ကို လက်မှတ်ထိုးထားသောနိုင်ငံဖြစ်သည့်အား လျှော်စွာ နယ်စပ်မျဉ်းကြောင့် ပိုင်းခြားခံရသော ဌာနေတိုင်းရင်းသားများ၏အရေးကို အလေးထားစဉ်းစာပေးလိမ့်မည်ဟု မျှော်လင့်ကြောင့် NGOCC ၏ ပေးစာတွင် ဖော်ပြထားသည်။
အိန္ဒိယအစီစဉ်သည် အိန္ဒိယနှင့် မြန်မာဘက်ခြမ်းတွင်နေထိုင်ကြသော ချင်း(ဇိုး) မျိုးနွယ်စုများအား ပိုင်းခြား စေရန်ရည် ရွယ်ခြင်းဖြစ်သည်ဟုယူဆရကြောင်း၊ မိမိတို့ မျိုးနွယ်စုများအကြား စည်းလုံးညီညွတ်မှုပြိုကွဲစေလာနိုင်သောကြောင့် ယင်း အစီစဉ်များကို ပြန်လည်ရုပ်သိမ်းပြီး နဂိုအတိုင်းပြန်လည်ထားရှိရန်လိုလားသည်ဟု NGOCC ကတောင်းဆိုထားသည်။
နယူးဒေလီကိုရောက်ရှိနေသော မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာကလည်း ဖေဖော်၀ါရီလ ၁၀ ရက်နေ့က အိန္ဒိယပြည်ထဲရေး၀န်ကြီးနှင့်တွေ့စုံစဉ်မှာ အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်ပြီး လွတ်လပ်စွာ လှုပ်ရှားသွားလာမှုစနစ် (FMR) အား ဖျက်သိမ်းမည့်အစီစဉ်ကို လက်မခံနိုင်ကြောင်း၊ မဏိပူရ်ပြည်နယ်ဘက်ကို ခတ်မည်ဆိုရင်တောင် မီဇိုရမ်ပြည်နယ်ဘက်ကို ခြံစည်းရိုးမခတ်ရန် ထပ်မံတောင်းဆိုခဲ့သည်။
သူ၏ တောင်းဆိုမှုနှင့်ပတ်သက်၍ အိန္ဒိယပြည်ထဲရေး၀န်ကြီးက မည်ကဲ့သို့တုန့်ပြန်သည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း မျှော်လင့်ချက် ကြီးကြီးမားမားရှိသည်ဟု မီဇိုရမ်၀န်ကြီးချုပ်က ပြောဆိုသည်။