“ကျွန်တော်တို့ရဲ့ ခံယူချက်တွေ မတူညီတဲ့အချိန်မှာလည်း ရန်သူမဟုတ်ဘူး၊ သွားရာပန်းတိုင်ကအတူတူဖြစ်ပါစေ အာဏာရှင်စနစ်ကို ချုပ်ငြိမ်းမှ ရမယ်”
၂၀၀၁ ခုနှစ်ဝန်းကျင်ကစပြီး အချစ်သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်ရင်ဘတ်ထဲနေရာယူခဲ့ပြီး ယနေ့ချိန်ထိ ပရိတ်သတ်ရင်ဘတ်ထဲမှာ စွဲထင်ကျန်ရစ်ခဲ့တဲ့အဆိုတော်တစ်ယောက်ရှိပါတယ်။ တနိုင်ငံလုံးက လူငယ်တွေရဲ့ အိပ်စက်သွားတဲ့ နှလုံးသားတွေကို “အချစ်စွမ်းအား” နဲ့ နိုးထစေခဲ့သူလည်းဖြစ်ပါတယ်။ သူကတော့ ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့က ချင်းတိုင်းရင်းသား ထွဏ်းခမ်ပဲဖြစ်ပါတယ်။
ကိုထွဏ်းခမ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်ကအာဏာ သိမ်းပြီးတဲ့နောက်ပိုင်းမှာ တနိုင်ငံလုံးက ဆန့်ကျင်ဆန္ဒပြတဲ့ပြည်သူလူထုနဲ့ တသားတည်းရပ်တည်ပြီး ရှေ့တန်းကမားမားရပ်တည်ခဲ့သူလည်း ဖြစ်ပါတယ်။ ယခုအခါမှာတော့ ကိုထွဏ်းခမ်တစ်ယောက်လည်း စစ်ကောင်စီကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နွေဦးတော်လှန်ရေးမှာ အနုပညာအခန်းကဏ္ဍကနေ ဆက်ပြီးတော့တက်တက်ကြွကြွပါဝင်ခဲ့သူဖြစ်ပါတယ်။
ယခုလက်ရှိမှာတော့ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့မှာ မိသားစုနှင့်အတူ နေထိုင်ပြီး ဘဝရပ်တည်ရေးအတွက် လဘ္ကရည်ဆိုင်လေးဖွင့်လှစ်ပြီးတော့ နွေဦးတော်လှန်ရေးအတွက် တတ်နိုင်တဲ့ဘက်ကနေ ကျရာတာဝန်ကို ထမ်းဆောင်နေလျှက်ရှိပြီး ခိုနူမ်းသုန်သတင်းဌာနက သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
ယခု ကိုထွဏ်းခမ်နဲ့အင်တာဗျူးအပိုင်း ၂ မှာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် သူ့ဘဝဇာတ်ကြောင်းတွေကို မေးမြန်းထားပါတယ်။
မေး- ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်အာဏာသိမ်းမှုဖြစ်တော့ အဲဒီ အာဏာသိမ်းတဲ့နေ့မှာ ကိုထွဏ်းခမ်ရဲ့ အတွေးထဲမှာ ဘာဝင်လာလဲ၊ အဲဒီချိန်တုန်းကခံစားမှု သိချင်ပါတယ်။
ဖြေ- ကျနော်က တော်ပေါ်ကနေ ၂၀၁၇ ခုနှစ်မှာကလေးမြို့ကိုပြောင်းပြီးတော့ အိမ်မှာ ကုန်စုံဆိုင်လေးဖွင့် အဲလိုမျိုးနဲ့ ကြိုကြားကြိုကြားမှာ အနုပညာအလုပ်ကနေရတဲ့ ပိုက်ဆံလေးတွေနဲ့ မိသားစုတွေ ရပ်တည်တာပေါ့နော်။ အာဏာ သိမ်းမှုဖြစ်တဲ့နေ့က ကျနောခံစားချက်က အမှောင်ကျသလိုပဲ ဆန္ဒမဲပေးတုန်းကဆို လင်မယားနှစ်ယောက်သား ပျော်သလားမမေးနဲ့ ခုတော့ကျွန်တော်တို့ရဲ့ အနာဂတ်က ညအမှောင်ကျသလိုပဲ၊ ကျွန်တော်တို့ လင်မယား နှစ်ယောက်လုံးက ဘာမှစကားပြောဖို့လည်းမရှိဘူး။ အဲလိုမျိုးဖြစ်နေတာ။
မေး – စစ်အာဏာသိမ်းမှုဖြစ်ပွားတော့ တနိုင်ငံလုံးမှာ ဆန့်ကျင်ဆန္ဒပြမှုတွေဖြစ်လာတယ်။ အနုပညာရှင်အများစုကလည်း ဆန့်ကျင်ဆန္ဒပြမှုတွေမှာပူးပေါင်းပါဝင်လာကြပါတယ်။ ကိုထွဏ်းခမ်အနေနဲ့ ဘယ်လိုမျိုး အခန်းကဏ္ဍတွေမှာပါဝင်ခဲ့လဲ။
ဖြေ – ကျွန်တော်တို့ရဲ့ စိတ်က အများအတွက် ဘာလုပ်ပေးနိုင်မလဲ အဲတာပဲရှိတယ်လေ၊ အများအတွက် အနာဂတ်အ တွက် ဘယ်လို အသက်ရှင်မလဲ အဲဒီစိတ်ပဲရှိတော့၊ လူငယ်တွေ စုစည်းဦးဆောင်ပြီးတော့ ဆန္ဒဖော်ထုတ်ကြတယ်၊ ဆန္ဒပြပွဲဦးဆောင်တဲ့သူတွေကို ကြည့်လိုက်ရင် လူငယ်တွေကြီးပဲလေ၊ အသက် ၂၀ မပြည့်သေးတဲ့ လူငယ်တွေကြီးပဲ။ ဒီကလေးတွေက အနာဂတ်ရှိတယ် သူတို့ အနာဂတ်ကို သူတို့လှအောင် ကြိုးစားနေတာဆိုတဲ့ ခံစားမှုက အရမ်းလျှံ ထွက်လာတော့ ကျနော်ငိုမိတယ်။ ဆန္ဒဖော်ထုတ်မှုတွေမှာ ကျနော်လည်းနောက်ကနေလိုက်ပါတော့ ကလေးတွေ ကတွေ့ရင် “ကိုထွဏ်းခမ် လည်းပါလာတယ်” ဆိုတော့ သူတို့ရဲ့ မျက်နာမှာလေး အားတက်မှုကို မြင်တော့ ကျွန်တော်က ပိုပြီးတော့ ခိုင်မာတယ်။ ကလေးတွေအတွက် လုပ်နိုင်တာ ဒီတစ်ခုလေးလုပ်နိုင်တာရှိတယ်။ နောက်ပြီးတော့ ဆန္ဒပြပွဲသွား တဲ့အခါမှာလည်း လူတွေက အချိုရည်ရောင်းတဲ့သူတွေက အကပ်လိုက်ရေသန့်ဘူးတွေ၊ စားစရာမုန့်တွေ အချိုရည်တွေ၊ နောက်ကနေ လိုက်လာတဲ့ ကလေးတွေကလည်း ဆာလာအိပ်တွေနဲ့ အမိုက်တွေ လိုက်သိမ်းတယ်။ ဘယ်သူမှ မခိုင်းဘူး အဲလိုပဲသွားကြတာ။ ကျွန်တော်မသွားတဲ့နေ့ဆိုရင် ကျွန်တော့အမျိုးသမီနဲ့ သားအကြီးသွားတယ်။
မေး – ကိုထွဏ်းခမ်က အခုဆိုရင် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမှာမိသားစုနဲ့အတူရောက်နေကြပြီပေါ့လေ ဘယ်လိုကြောင့် ဒီအိန္ဒိယဘက်ကို ထွက်ပြေးလာရတာလဲ။
ဖြေ – ကျွန်တော်တို့ ဆန္ဒပြပွဲတွေလုပ်ရင်းနဲ့ နောက်အမျိုးမျိုးလှုပ်ရှားတယ်။ လှုပ်ရှားရင်းနဲ့ ဒီဘက်ကို CDM ဝင်မယ့် ရဲ မိသားစုတွေကို ကျွန်တော်တို့ တတ်နိုင်သလောက် ဝိုင်းကူညီပေးတယ်။ နောက်ပြီးတော့ အဓိကက ကျွန်တော် လက်လှမ်း မီသလောက် မီဒီယာမှာ Video လေးနဲ့ စကားပြောတယ်။ အဲ့ဒီတုန်းက အခုထိ ကျွန်တော့်ခံယူချက်က ဘာလဲဆိုရင် အဲ့တုန်းက အခေါ်ပေါ့ဗျာ နိုင်ငံ့အစိုးရ အစိုးရဝန်ထမ်း၊ နောက်ဆိုရင် ပြည်သူ့ဝန်ထမ်းပေါ့။ အခုထိ လစာကို စွန့်ပြီးတော့ CDM ဝင်တဲ့သူတွေကို ကျွန်တော် အရမ်းလေးစားတယ်။ သူတို့ လစာမယူပဲနဲ့ မိသားစု ဒီလောက်ခက်ခဲအောင် အနာဂတ်အတွက်ပေးဆပ်တာ၊ ဝန်းထမ်းတွေ CDM မှာ တစ်ရာမှာ တစ်ရာ ရပ်တည်ပေးဖို့ ကျွန်တော့ရဲ့ အနုပညာအား ၅၀ ရှိရင် ၅၀ ပေါ့ဗျာ၊ ရှိသလောက် ချစ်တဲ့ပရိသတ်တွေ နားလည်အောင် ခံယူလာအောင်ဆိုပြီးတော့ ကျွန်တော် မီဒီယာမှာ ပြောဖြစ်တယ်။
အဲဒါနဲ့ ကျွန်တော်တို့ ကလေးမြို့မှာ ၅၀၅ အမှုထွက်လာတဲ့သူဆိုရင် ထွေအုပ်မှာကျွန်တော်တို့ လူတစ်ယောက်ရှိတယ်။ သူ CDM မလုပ်ခင်အထိတော့ စာထွက်တဲ့သူ ဘယ်သူထွက်လဲ ရှောင်ခိုင်းလိုက်တယ်။ သူက CDM လုပ်သွားတော့ ကျွန်တော်တို့က နာမည် ထွက်မလား မထွက်ဘူးလား မသိတော့ဘူး။ ဒါပေမဲ့ လူငယ်အဖွဲ့စည်း တွေက ညတွင်းကြီး ဖုန်းဆက်လာပြီးတော့ ရှောင်ပေးပါ အဲ့လိုမျိုးဆိုတော့။ ကိုယ့်ကိုယ်ကိုလည်း စဉ်းစားတယ် ဒီခွေးတွေရဲ့ စိတ်က ပြောလို့မရဘူး။ အဲဒါနဲ့ အဖမ်းမခံရအောင်တောင်ပေါ်မှာ တက်ပုန်းတာ။ နောက်ပြီးကြတော့ အိမ်ရှေ့မှာ လာလာ ချောင်းနေတော့ မိသားစုတွေလည်း မနေတတ်တော့ဘူး။ ဒါနဲ့ တောင်ပေါ်မှာပဲလာနေတာ။ နေရင်းနဲ့ ကျွန်တော့ မယား ညီအစ်ကို တစ်ယောက်က USA ကနေ စားဖို့သောက်ဖို့ စရိတ်ပို့ပေးတယ်။ အဲ့လိုမျိုးဘဝရောက်သွားတယ်။ ထောက်ပို့ ဘက်ပိုင်းမှာ တောင်ပေါ်ကနေ ဆက်ပြီးတော့ လုပ်နေတယ်။ ဖုန်းတွေဘာတွေနဲ့ contact ပြီးတော့ သူတို့လိုချင်တဲ့ ပစ္စည်းတွေ ရနိုင်သလောက် ကြီုးစားပြီးတော့ နိုင်သလောက်ပေါ့နော်။ ဒီလိုနဲ့ ၂၀၂၂ ဖေဖော်ရီ ၈ ရက်နေ့မှာ ကျန်ဖိုင်းမှာ ကျွန်တော်တို့ သူငယ်ချင်းတစ်ယောက်လည်းပဲ အဲလိုဘဝနဲ့ပဲ သူတစ်ယောက်တည်း အိမ်ငှားထားတယ်ဆိုတော့ နဂိုဆန္ဒပြကတည်းက ကြားထားတယ် မီဇိုရမ်ပြည်နယ်အစိုးရလူကြီးကိုယ်တိုင်က စာထုတ်ထားတာ ကျွန်တော်တို့ ညီအစ်ကိုတွေ (Unau) တွေ ခိုလုံခွင့်ပေးထားတယ်ဆိုတာ စာထုတ်ထားတွေ့ပြီးသားဆိုတော့၊ ငါတို့ ညီအစ်ကိုတွေစီပဲ သွားခိုလုံကြမယ် ဆိုပြီးတော့ ရောက်လာတာ။
မေး – ဒီဘက်ကို ရောက်လာတဲ့နောက်ပိုင်းမှာကော် ဘာတွေဆက်လက်လှုပ်ရှားလဲ။
ဖြေ – ကျွန်တော်တို့ ဒီကိုလာဖို့ကြတော့ သိတဲ့အတိုင်း ကျနောတို့မှာ ကိုယ်ပိုင်ကားလည်း မရှိနိုင်ဘူး၊ မော်တော်ဆိုင်ကယ် မိန်းမ တစ်စီး၊ ကျွန်တော် တစ်စီး အမြန်ရောင်းပြီးတော့ အဲဒါနဲ့ လစ်လာတာ။ ဒီဘက်ကိုရောက်တော့ အခုနပြောတဲ့ သူငယ်ချင်းကလည်း အိမ်ငှားခအစ သူစိုက်ပေးတယ်။ အဲဒါနဲ့ ကျွန်တော်က တစ်နှစ်နီးပါး Facebook လည်း ကိုယ့်အရင် အကောင့်မသုံးဖြစ်တော့ဘူးလေ ပျောက်နေတာ အဲ့တော့ တစ်ချို့တွေက အရမ်းစိတ်ပူတာ၊ စိတ်ပူတော့ အရင်အကောင့် လေးပြန်ဖွင့်တယ်၊ ပြန်သုံးတယ်၊ အဲလိုပြန်သုံးတော့ တစ်ချို့က ဝမ်းလည်းသာတယ်၊ ငါတို့ရဲ့ ချင်း (Zomi) အဆိုတော်ကြီး ဒီလိုမျိုး ဘဝရောက်နေတာ ဆိုပြီးတော့ ကျွန်တော်တို့ အမေရိကန်က မစုစုက (Live) ကနေ အလှူခံပေးတယ်။ နောက်ပြီး တော့ Music ညီအစ်ကို တစ်ယောက် Australia မှာနေတဲ့ ကီးဘောက်တီးတဲ့ မုန်လေးတစ်ယောက်က နီးစပ်ရာ နီးစပ် ကြောင်း အလှူခံပေးတယ်။ ရန်ကုန်မှာနေတုန်းက အသင်းတော်ထဲမှာ အတူတူလုပ်တဲ့ ညီမ လွန်နိုးကလည်း သူနီးစပ်ရာ နီးစပ်ကြောင်း အလှူခံပေးတယ်။ စင်ကာပူက တူမလေးလည်း အလှူခံပေးတယ်။ နောက်ပြီးတော့ တစ်ယောက်ချင်းစီက စိတ်ပူပေးတဲ့သူက ပို့ပေးကြတယ်။ အဲဒါနဲ့ ကျွန်တော်လည်းရောက်ပြီး နှစ်ပတ်လောက်မှာ ဟုတ်ပြီ၊ ဘုရားအလိုတော်ရှိလို့ ကျွန်တော်တို့ နိုင်ငံမကောင်းဘူး မိသားစုအတွက်မလုံခြုံဘူး၊ ဒီမှာ လုံခြုံတဲ့နေရာရောက်နေပြီဆိုတော့။ ပထမ ကျွန်တော့ သားသမီးတွေ ကျောင်းထားနိုင်ရေး၊ နောက် ဒုတိယအချက်က ကျွန်တော့မိသားစု အဆင်ပြေပြီဆိုရင် ကျွန်တော်တို့ မြန်မာ ပြည်မှာ ဖြစ်နေတဲ့သူတွေအတွက် တစ်တောင့်တစ်နေရာကနေ ကျွန်တော်တတ်နိုင်တဲ့ဘက်ကနေ အကူညီဖြစ်ဖို့ အဲ့ဒီနှစ်ချက်နဲ့ ရပ်တည်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။
အဲဒီအကူညီတွေရောက်တော့ ပိုပြီးတော့ မိသားစုအတွက် လှည့်ကြည့်စရာ မလိုအောင် ဖြစ်သွားတာ အိမ်တွေ အခန်းငှားခ အစ ကလေးတွေအတွက် ဒီဘက်မှာ Private ကျောင်းတွေဆိုတော့ ကုန်ကျတာ တော်တော်များတယ် ကျောင်း ယူနီ ဖောင်းကအစ အဲ့ဒါတွေအတွက် လုံလောက်သွားတယ်ဗျာ။ အဲ့တော့ ကျွန်တော် Fundraising အတွက် အိုင်ဇောလ်တွေေ ရာ၊ နယူးဒေလီတွေရော ဘယ်ခေါင်းစဉ်ပဲဖြစ်ဖြစ် လိုက်သွားလို့ရတယ်၊ ခေါ်သမျှပေါ့နော်။ ကျွန်တော့ရဲ့ အနုပညာနဲ့ ပါဝင်ပြီးမှ ကျွန်တော်တို့ အတူတူပါဝင်ရအောင်ဆိုပြီးမှ မြန်မာနိုင်ငံ အနာဂတ်လှပဖို့အတွက် နောက်ပြီးတော့ အသက်ပေး သွားတဲ့သူတွေ၊ စစ်ဘေးရှောင်တဲ့ မြန်မာနိုင်ငံထဲမှာ ဒုက္ခရောက်နေတဲ့သူတွေအတွက်ပဲဖြစ်ဖြစ် တစ်လုတ်လေးစားဖို့ ကျွန်တော်တို့က ဒီအနုပညာပိုင်းမှာ ပါဝင်ဖြစ်တယ် တောက်လျှောက်ပဲ။ ကျွန်တော်တို့က ဟိုတစ်လောကဆိုရင် ကလေး PDF အတွက် ခေါင်းစဉ်အမျိုးမျိုးနဲ့ လှုပ်ရှားကြတယ်၊ အဲ့တုန်းကဆိုရင် ကျွန်တော့်သားအကြီးနှစ်ယောက် သမီးလည်းပါ တယ် အချိုရည်ရောင်းတဲ့ အပိုင်းမှာပါတယ်၊ အဖေက သီချင်းဆိုတယ်၊ အမေက ချက်ပြုတ်ပိုင်းမှာ ပါတယ် အဲ့လိုမျိုးတွေေ ပါ့နော်။ အဲလိုမျိုးလည်းပဲ ကျွန်တော် ဘုရားအမှုပြုတယ်လို့ ခံယူတယ်။
မေး- တော်လှန်ရေးကာလမှာ အနောက်ကနေ တော်လှန်ရေး ထောက်ပို့တပ်သားအဖြစ် ပါဝင်လှုပ်ရှားနေတော့ လက်ရှိ အခြေနေမှာရော မိသားစုအတွက်၊ ဝမ်းရေးတွေအတွက် ဘယ်လိုမျိုး ရပ်တည် နေရလဲ။
ဖြေ- တစ်ခါတစ်လေကျရင် ကိုယ့်ကိုယ်ကို မလုံဘူး၊ ဘာလို့လဲဆိုတော့ ဟိုမှာ အိမ်တွေ မီးရှို့ခံရတယ်၊ အကြောင်းမဲ့ အသတ်ခံရတယ်ဗျာ၊ မီးရှို့ခံရတယ်ဗျာ။ ကိုယ်တွေက စစ်ရှောင်ပြီးတော့ အဖမ်းမခံရဘဲနဲ့ သားသမီးတွေကျောင်းနေပြီး တော့ အဲ့လိုမျိုးတွေ စဉ်းစားဖူးတယ် အားမရဘူး။ ဒါပေမဲ့ အခုနပြောသလို တစ်ချို့နေရာတွေမှာက ကိုယ့်ကြောင့် အလူငွေ ဒေါ်လာ တစ်ပြား၊ တစ်ကျပ် ရနိုင်ပါစေ ဆိုတဲ့ စိတ်နဲ့ ကိုယ့်ရဲ့ အနုပညာနဲ့ ပါဝင်ခဲ့ပြီးပြီပဲ ဆိုတဲ့စိတ်နဲ့ ပြန်ပြီးတော့ ကိုယ့် ကိုယ်ကိုပြန်မသိချင်ယောင်ဆောင်ပြီးတော့ အဲလိုမျိုးနေနေရတာမျိုးလည်းရှိတာပေါ့။ အခု မိသားစုရပ်တည်ဖို့ဆိုပြီးတော့ ဘာပဲဖြစ်ဖြစ်ဆိုပြီး မိန်းမနဲ့ တိုင်ပင်ပြီးတော့ ကျွန်တော်တို့ ဒီမှာ မြန်မာပြည်က အစားသောက်လည်းဖြစ်အောင် မုန့်ဟင်းခါး၊ အီကြာကွေး၊ ဆာမူဆာ၊ ပါလာတာ ဆိုင်လေးဖွင့်ထားတယ်၊ မုန့်ဆရာကို ခေါ်လာတယ်၊ မုန့်ဆရာကလည်း တော်လှန်ရေး သမားဆိုတော့လေ သူကလည်း ကြိုးစားပမ်းစားနဲ့ မကွေးတိုင်းကနေ လာကူတယ်ဗျာ။ ကျွန်တော်တို့ လက်ဖက်ရည်ဆို င်ကလေးရဲ့ အကျိုးမြတ်ကနေ ကလေးတွေရဲ့ ကျောင်းစရိတ်၊ အိမ်ငှားခစရိတ်လေးတွေ ရမလားဆိုပြီးတော့ ၁၅ ရက်လောက်ပဲရှိသေးတယ် အခု S 4 ဆိုပြီး ဆိုင်ဖွင့်ထားပါတယ်။ ကိုထွဏ်းခမ် ဆိုပြီးတော့ ကိုယ်ချင်းစာတဲ့သူတွေက Facebook မှာလာပြီးတော့ အားပေးကြတယ်။ အရမ်းကျေးဇူးတင်တယ်။ ဆိုင်ဖွင့်တယ်ဆိုတာက ကျွန်တော်တို့ တော်လှန်ရေးလုပ်ရင်းလုပ်ရင်းနဲ့ ဒီ Music မိတ်ဆွေအရင်းတွေကနေ Love Gift နဲ့ တွန်ဇံက အိမ်ကို ရောင်းပြီးတော့ အဲဒါနဲ့ ရင်းနှီးပြီးတော့ ဒီမှာ တော်လှန်ရေးအတွက်လည်း များများကျန်ပါစေ၊ ကျွန်တော့် မိစားစုရပ်တည်ဖို့လည်း ဖြစ်ပါစေ ဆိုတဲ့ စိတ်နဲ့ပါ။
မေး – ဆိုင်နာမည်က S4 ပေးထားတယ်နော်။ ဘယ်လိုဘာကြောင့် ပေးဖြစ်တာပါလဲ။
ဖြေ – S4 ဆိုတာ ကလေးမြို့မှာလည်း အိမ်ဆိုင်ကို အဲ့လိုမျိုးပေးထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ချင်းလိုမျိုး တွေက အဖေရဲ့အဖေ၊ အမေရဲ့အဖေ နောက် မိန်းမရဲ့ အမေ၊ အဖေ နာမည်နဲ့ မည့်တာကိုး။ အဲ့မှာ ကျွန်တော်ကတော့ ကျွန်တော်တို့ ကိုးကွယ်နေတဲ့ Pasian ကို သားသမီးတွေရဲ့ နာမည်အလယ်မှာ အားလုံးယူလိုက်တယ်။ သားသမီး ၄ယောက်ရဲ့ နာမည်အလယ်က Sian ကို ယူလိုက်တာ။ အဲဒါကြောင့် S4 နာမည်ပေးလိုက်တာ။
မေး- ကိုထွဏ်းခမ်အနေနဲ့ ရှေ့အနာဂတ်မှာ လူထုအတွက် သီချင်းအသစ်ထွက်ဖို့အစီစဉ်တွေရှိသေးလား။
ဖြေ- ကျွန်တော် ဒီအာဏာသိမ်းမှုမဖြစ်ခင်တုန်းက သီချင်းနှစ်ပုဒ် အသစ် ဗမာလိုရေးထားတာ။ အဲ့ဒါက ခေတ်တော် တော်များများ မှန်ကန်နေအုံးမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် အွန်လိုင်းမှာ စာသားတွေ တင်ဖူးတယ်။ ပထမ တစ်ပုဒ်က နိုင်ငံရေး၊ ဘာသာရေးပေါ့ တွေ့မြင်ခံစားနေရတဲ့ဟာတွေယူထားတာ။ အခုလည်း နိုင်ငံရေး ဘာသာရေး ကြောင့် သွေးကြောင်းစီး အသက်တွေပေးနေရတာလေ၊ နိုင်ငံရေးသားကောင်၊ ဘာသာရေးသားကောင်တွေက အများကြီး လေ၊ အဲ့လိုမျိုးရေးထားတာ။ နောက်တစ်ခုကျတော့ နှစ်မျက်နာ ဆိုပြီးတော့လေ ကျွန်တော်တို့ နိုင်ငံမှာပဲဖြစ်ဖြစ်၊ ကမ္ဘာမှာ ဖြစ်ဖြစ် နှစ်မျက်နာဆိုတာက အလွယ်မြင်ရရင် သူဌေးမျက်နာနဲ့ ဆင်းရဲသားမျက်နာပေါ့ဗျာ။ အဲ့လိုမျိုးနှိုင်းယှဉ်ထားတာ။
မေး – နောက်ဆုံးပိုင်းအနေနဲ့ လက်ရှိ တော်လှန်ရေးကာလဖြစ်နေတော့ ဒီတော်လှန်ရေး ရဲဘော်တွေအတွက် အားပေး စကား နဲ့ တစ်ခြား ခွန်အားပေးစရာရှိရင် ပြောပြပေးပါဦး။
ဖြေ- ကျွန်တော်တို့က အရမ်းခက်ခဲတယ်။ အားလုံးခက်ခဲတယ် ဒါပေမဲ့ ကျွန်တော်တို့ထက် ခက်ခဲတဲ့ မြန်မာပြည်တွင်းက ပြည်သူပြည်သားတွေ ကျွန်တော်တို့ တတ်နိုင်သမျှ မမေ့ဖို့ အဓိက အထူးတောင်းဆိုချင်တယ်။ ငွေကြေးအားဖြင့် တတ်နိုင်တဲ့သူ၊ အတွေးခေါ်အားဖြင့် တတ်နိုင်တဲ့သူ၊ Music အားဖြင့် တတ်နိုင်တဲ့သူ အဘက်ဘက်ကနေ ကိုယ်ကျရာ တာဝန်ပေါ့၊ ကိုယ်ရတဲ့အချိန်လေးမှာ အဲ့တာကို လုံးဝမမေ့ဖို့။ ကျွန်တော်တို့ရဲ့ အနာဂတ်က ကျွန်တော်တို့ရဲ့ သားသမီး တွေလက်ထဲမှာ ရှိဖို့။ အဲဒီအတွက် အခုကျွန်တော်တို့ ဒီဘဝကို ရောက်နေတာဖြစ်တယ်၊ ခင်ဗျာလည်း ပြည်သူပါ။ ပြည်သူထဲက ပြည်သူပါ အားလုံးက အတူတူပါပဲ။ အဓိက ကတော့ ကျွန်တော်တို့ ဒီတော်လှန်ရေးအတွက် အသက်ပေး ကြတဲ့သူတွေကို အသက်ရှင်တဲ့သူတွေလည်း မမေ့ဖို့ နောက်ပြီးတော့ အဓိကက အခုန ကျွန်တော်တို့ ပြောသလို ဒီတော်လှန်ရေးအောင်ဖို့အတွက် မိသားစုဝင်ငွေကို ထားခဲ့ပြီးတော့ CDM လုပ်တဲ့ ပြည်သူ့ဝန်ထမ်းတွေ အစိုးဝန် ထမ်းမဟုတ်ဘူးပေါ့နော်။ ပြည်သူ့ဝန်ထမ်းတွေ ပထမဦးဆုံး ကျွန်တော် လေးစားတယ်။ ပြီးတော့ အသက်နဲ့ မိသားစု၊ သူငယ်ချင်းတွေကို ထားခဲ့ပြီးတော့ တောထဲ၊ တောင်ထဲမှာ အသက်နဲ့ ရင်းပြီးတော့ လှုပ်ရှားရုန်းကန်နေတဲ့ PDF တွေ အထူးလေးစား ဂုဏ်ယူတယ်။
နောက် နည်းလမ်းမျိုးစုံနဲ့ ဒီတော်လှန်ရေးအတွက် စွန့်စားကြတဲ့သူတွေ အများကြီးရှိတယ် အထူးကျေးဇူးတင်တယ်။ အဓိကပြောချင်တာက ကျွန်တော်တို့မှာ လူမျိုးကြီး၊ လူမျိုးသေး လူးမျိုးလေး အစွဲတွေ ကျွန်တော်တို့ လုံးဝ မရှိစေတော့ဘူး။ ကျွန်တော်တို့ Music သမားတွေ ခံယူသလိုပဲ ကျွန်တော်တို့ လူမျိုးစုအရေးတွေ၊ ပြည်နယ်တစ်ခုတည်း ကောင်းစားရေးတွေ၊ ဒီလိုမျိုး တစ်ခုတည်းကောင်းစားရေးတွေ ကျွန်တော်တို့ အနာဂတ်မှာ လုံးဝမရှိစေရရေးနဲ့ ကျွန်တော်တို့ချင်းစီရဲ့ ခံယူချက် တွေ မတူညီတဲ့ အချိန်မှာလည်း ရန်သူမဟုတ်ဘူး၊ ကျွန်တော်တို့ရဲ့ သွားရာပန်းတိုင်က အတူတူဖြစ်ပါစေ ကျွန်တော်တို့ ကျရာ အနုပညာ ဖြစ်ဖြစ် ဘယ်အရာပဲဖြစ်ဖြစ် ကျွန်တော်တို့ အာဏာရှင်စနစ်ကို ချုပ်ငြိမ်းမှ ရမယ် ဆိုတာကို နောက်ဆုံးအနေနဲ့ ခွန်အားပေး ပါဝင်ကူညီ လက်တွဲကြဖို့ ဖိတ်ကြားချင်ပါတယ်။